နေပြည်တော်၊ ဇန်နဝါရီ ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mr. Gustavo Rocha de Menezes သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်သည်။
ထို့နောက် မြန်မာ-ဘရာဇီး နှစ်နိုင်ငံသံတမန်ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုဆိုင်ရာကိစ္စရပ်များ၊ အပြန်အလှန် ကုန်သွယ်မှုကဏ္ဍ မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ အားကစားကဏ္ဍ မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ စက်မှုနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏နိုင်ငံရေး ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှု အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ချမှတ်၍ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိမှု၊ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်စပ်လျဉ်းပြီး ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးနိုင်ငံ သံအမတ်ကြီးတို့သည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်တို့ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။
သတင်းစဉ်