နေပြည်တော်၊ ဇန်နဝါရီ ၁၈
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။
အဆိုပါ ဗိုလ်လုပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အဆင့်မြင့် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူနှင့် နည်းပြများ၊ အားကစားသမားများ၊ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများနှင့် ဆရာ ဆရာမများ၊ အားကစားဝါသနာရှင် ပြည်သူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲအဖြစ် မော်လမြိုင်ဇုန်အသင်းနှင့် မြစ်ကြီးနားဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးသည်။
အဆိုပါပွဲစဉ်တွင် နှစ်ဖက်အသင်းများသည် ဗိုလ်လုပွဲသို့ တက်ရောက်လာကြသည့် အသင်းများ ဖြစ်သည်နှင့်အညီ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်အကြိတ်အနယ် ဖိအားပေးယှဉ်ပြိုင်ကြကာ ပထမပိုင်း ပြီးဆုံးချိန်အထိ ဂိုးမရှိသရေရလဒ်ဖြင့် ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းကို ဆက်လက်ယှဉ်ပြိုင် ကစားချိန်တွင်လည်း တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် အကြိတ်အနယ် ဖိအားပေးယှဉ်ပြိုင် ကစားကြသော်လည်း ဒုတိယပိုင်း ပြီးဆုံးချိန်တွင်လည်း ဂိုးမရှိသရေရလဒ်ဖြင့်သာ ပြီးဆုံးခဲ့သည်။
ယင်းနောက် အချိန်ပို မိနစ် ၃၀ ကစားချိန်တွင်လည်း ဂိုးမရှိသရေရလဒ်ဖြင့် ပြီးဆုံးခဲ့သဖြင့် ပင်နယ်တီ အဆုံးအဖြတ်ရယူခဲ့ရာ မော်လမြိုင်ဇုန်အသင်းက မြစ်ကြီးနားဇုန်အသင်းကို ၅ ဂိုး - ၃ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားပြီး တံခွန်စိုက် ဆုဖလားကြီးကို ဆွတ်ခူးရရှိသွားသည်။
ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင် အကောင်းဆုံး (ဂိုးသမား) ဆု၊ အကောင်းဆုံး (နောက်တန်း) ဆု၊ အကောင်းဆုံး (အလယ်တန်း) ဆု၊ အကောင်းဆုံး (ရှေ့တန်း) ဆု၊ ဂိုးသွင်းအများဆုံးဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစား သမားဆုရရှိသူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာ မှုထန်၊ ပိုးရယ်အောင်သိန်း၊ ဒေါ်ဒွဲဘူ၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က တစ်ဦးချင်း အကောင်းဆုံး ဆုတံဆိပ်များနှင့်ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက တတိယဆုရရှိသည့် ပုသိမ်ဇုန်အသင်းကိုလည်းကောင်း၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဒုတိယဆုရရှိသည့် မြစ်ကြီးနားဇုန် အသင်းကိုလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ပထမဆုရရှိသည့် မော်လမြိုင်ဇုန် အသင်းကို တစ်ဦးချင်း ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမဆုရရှိသည့် မော်လမြိုင်ဇုန်အသင်းအား ဂုဏ်ပြုဆုငွေများနှင့် တံခွန်စိုက် ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။
ဆုပေးပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ပြိုင်ပွဲဝင်အားကစားသမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
