နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈
(၂၀၂၄) ခုနှစ် ရွှေနဂါးတရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်ချီးမြှင့်သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့အား မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai နှင့် ကြွရောက်လာကြသည့် ဧည့်သည်တော် ကြီးများ၊ တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနား တက်ရောက် လာကြသူများသည် (၂၀၂၄) ခုနှစ် ရွှေနဂါးတရုတ် နှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပမည့် နေရာသို့ ရောက်ရှိကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးတို့က နှစ်သစ်ကူးပွဲတော် အခမ်းအနားကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးတို့အား တရုတ်ရိုးရာ နှစ်သစ်ကူး အထိမ်းအမှတ် ရွှေနဂါးရုပ်အား နတ်မင်းကြီးလေးပါးမှ ပေးအပ်ပြီး တရုတ်ရိုးရာ နှစ်သစ်ကူး အထိမ်းအမှတ် ပုဝါများဖြင့် ဂါရဝပြုသည်။
ယင်းနောက် ရွှေနဂါးတရုတ်နှစ်သစ်ကူးပွဲတော်ကို စတင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် တရုတ်ရိုးရာ နဂါးအကအဖွဲ့များမှ ဂါရဝပြု ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြပြီး အကအဖွဲ့များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ထို့နောက် ဖျော်ဖြေရေးအဖွဲ့များက တစ်ဖွဲ့ချင်းစီအလိုက် ဂါရဝပြု ကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ချီးမြှင့်ငွေများ ပေးအပ်သည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ တက်ရောက်လာကြသူများသည် China Town တရုတ်ရိုးရာယဉ်ကျေးမှု ပြခန်းများနှင့် အစားအသောက် ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။

ကြည့်ရှုအားပေး
ထို့နောက် (၂၀၂၄) ခုနှစ် တရုတ်နှစ်သစ်ကူး ပွဲတော်အထိမ်းအမှတ် မြန်မာနိုင်ငံ စားပွဲတင်တင်းနစ် အဖွဲ့ချုပ် လက်ရွေးစင်များနှင့် တရုတ်သံတမန်များ၏ ချစ်ကြည်ရေး စားပွဲတင်တင်းနစ် ကစားပွဲယှဉ်ပြိုင် နေမှုများအား ကြည့်ရှုအားပေးကြသည်။ ယင်းနောက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးက စားပွဲတင်တင်းနစ်အားကစား အဖွဲ့များအား အမှတ်တရပန်းစည်း ပေးအပ်သည်။
၎င်းနောက် ရွှေနဂါးတရုတ်နှစ်သစ်ကူးပွဲတော် ညစာစားပွဲ အခမ်းအနားကို ဆက်လက်ကျင်းပ ပြုလုပ်ရာ ဦးစွာ တရုတ်ရိုးရာနဂါးအရုပ်၏ မျက်လုံးအား ဆေးခြယ်အသက်သွင်းခြင်း မင်္ဂလာအခမ်းအနားကို ပြုလုပ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က တရုတ်ရိုးရာနဂါးအား တရုတ်ထုံးတမ်းစဉ်လာများနှင့်အညီ ဂုဏ်ပြုဆေးခြယ်သပေးသည်။ ထို့နောက် တရုတ်ရိုးရာ နဂါးအကအဖွဲ့နှင့် ခြင်္သေ့အကအဖွဲ့တို့မှ ရွှေနဂါးနှစ်သစ်အကဖြင့် ဂါရဝပြုကပြကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရွှေနဂါးတရုတ် နှစ်သစ်ကူးပွဲတော် နှစ်သစ်ဆုမွန်ကောင်း စကားပြောကြားရာတွင် ပြီးခဲ့သည့် တရုတ်နှစ်သစ်ကူး ပွဲတော်ကို တရုတ်နိုင်ငံတွင်သာမကဘဲ ကမ္ဘာတစ်ဝန်းလုံးတွင်ပါ စည်ကားသိုက်မြိုက်စွာဖြင့် ခမ်းနားစွာ ကျင်းပနေကြသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၂၄ ခုနှစ်သည် တရုတ်ရိုးရာအရ နဂါးနှစ်ဖြစ်ပါကြောင်း၊ နဂါးနှစ်သည် တရုတ်လူမျိုးတို့၏ ၁၂ နှစ်တွင် တစ်ကြိမ်သာ ကျရောက်သည့်အတွက် ကံကောင်းခြင်း၊ ကြွယ်ဝချမ်းသာခြင်း၊ ဘုန်းကံကြီးမားခြင်း၊ ဩဇာကြီးခြင်း၊ စီးပွားလာဘ်လာဘများ တိုးပွားခြင်းတို့ကို ကိုယ်စား ပြုသည့်နှစ်ဟု သတ်မှတ်ယူဆကြပြီး ကြီးကျယ် ခမ်းနားသည့်ပွဲများနှင့် အရေးကြီးသည့် ဆုံးဖြတ်ချက်များကို ယခုနဂါးနှစ်အတွင်း ကျင်းပလေ့ရှိ သည်ဟု သိရှိရပါကြောင်း။
တရုတ် - မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးကို ကြည့်ပါက မြန်မာနိုင်ငံ၏ ပျူခေတ်တွင် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ တရုတ်နိုင်ငံကို သွားရောက်ခဲ့သည့် သမိုင်းမှတ်တမ်း အထောက် အထားများ တွေ့ရှိရပါကြောင်း၊ အဆိုပါအချက်များသည် ပျူခေတ်မတိုင်မီကတည်းက တရုတ်-မြန်မာ ဆက်ဆံရေးခိုင်မာခဲ့သည်ကို အထင်အရှားတွေ့ရှိရခြင်း ဖြစ်ပါကြောင်း။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး ၁ နှစ်နှင့် ၉ လခန့်အကြာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်ခဲ့ပါကြောင်း၊ ထိုသို့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော် ထူထောင်ခဲ့သည့်အပေါ် မြန်မာနိုင်ငံအနေဖြင့် ပထမဦးဆုံး အသိအမှတ်ပြုခဲ့သကဲ့သို့ အဆိုပါအချိန်ကတည်းက တရုတ်တစ်နိုင်ငံတည်းဆိုသည့်မူဝါဒကိုသာကိုင်စွဲပြီး ယနေ့အချိန်အထိ ရပ်တည်လျက်ရှိသည့် ခိုင်မာသော အိမ်နီးချင်းနိုင်ငံတစ်ခုပင် ဖြစ်ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီး ရှီကျင့်ဖျင်၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (Global Security Initiative– GSI) ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မှုများကိုလည်း မြန်မာနိုင်ငံအနေဖြင့် အစောဆုံး ထောက်ခံပေးခဲ့ပါကြောင်း။
မှန်ကန်သည့်လမ်းကြောင်းအတိုင်းရပ်တည်
ရှေးအစဉ်အဆက် နိုင်ငံ့ခေါင်းဆောင်ကြီးများ၏ အမြော်အမြင်ကြီးစွာ တည်ဆောက်ခဲ့သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်နှင့်အညီ မိမိတို့နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်း ပီသစွာ အပြန်အလှန်နားလည်မှုများနှင့် နေထိုင်ခဲ့ကြသဖြင့် ရံဖန်ရံခါ တွေ့ကြုံရသည့် ပဋိပက္ခအချို့ကို နှစ်နိုင်ငံ အစိုးရနှင့် ပြည်သူတို့ ငြိမ်းချမ်းစွာအဖြေရှာပြီး ခိုင်မာသည့် ဆက်ဆံရေးကို ထိန်းသိမ်းတည်ဆောက် နိုင်ခဲ့ကြပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာ့အရေးနှင့်ပတ်သက်ပါက ခေတ်အဆက်ဆက် အိမ်နီးချင်းကောင်းဟူသည့် ဂုဏ်ပုဒ်အပြင် မိတ်ဆွေကောင်းဟူသည့် ခံယူချက်ဖြင့် ရပ်တည်ပေးခဲ့သည့်နိုင်ငံဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး နိုင်ငံတကာစာမျက်နှာများတွင် မှန်ကန်သည့် လမ်းကြောင်းအတိုင်း ရပ်တည်ပေးလျက်ရှိနေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် တရုတ်လူမျိုးတို့၏ မိတ်ကောင်းဆွေမွန် ပီသမှုအတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်းကို ပြောကြားလိုပါကြောင်း။
ကဏ္ဍအစုံဖွံ့ဖြိုးရေးကိုကြိုးစား
ကမ္ဘာ့နိုင်ငံတိုင်းသည် မိမိနိုင်ငံ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက် ရှိနေပါကြောင်း၊ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ နားလည်မှု၊ ယုံကြည်စိတ်ချရမှုများ ရရှိစေရေးအတွက်လည်း ဒေသအတွင်း၊ ဒေသအပြင်ဘက် အဖွဲ့အစည်းများဖွဲ့စည်းပြီး ကဏ္ဍအစုံဖွံ့ဖြိုးရေးကို ကြိုးစားဆောင်ရွက်နေကြပါကြောင်း၊ မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ၇ နှစ်ကျော်ကာလအတွင်း မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် နယ်ပယ်ပေါင်းစုံတွင် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သောကြောင့် အဖွဲ့ဝင်နိုင်ငံများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုစေခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ဒေသတွင်းလုံခြုံရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါးတရားမဝင် ထုတ်လုပ် ရောင်းဝယ်မှုများ၊ လူကုန်ကူးမှုများ၊ Online လောင်းကစားမှုများနှင့် Online လိမ်လည်မှုများကို နှိမ်နင်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်းကို ပြောကြားလိုပါကြောင်း၊ ထို့အပြင် တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းပြီး နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ၊ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် လက်ရှိအခြေအနေထက် ပိုမိုတိုးတက်ကောင်းမွန်လာမည်ဟု ယုံကြည်ပါကြောင်း။
ဆက်လက်ပြီးကူညီဆောင်ရွက်ပေး
တရုတ်နှစ်သစ်ကူးကာလအတွင်း တရုတ်နိုင်ငံ၌ ပြည်သူများ စည်းလုံးညီညွတ်စိတ်အေးချမ်းသာစွာ ပျော်ရွှင်နေကြသည့် မြင်ကွင်းများကို မြင်တွေ့ရသည့်အတွက် တရုတ်ပြည်သူများနှင့်အတူ ဝမ်းသာ ကြည်နူးမိပါကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေးကို အေးအတူပူအမျှ အသိုက်အဝန်းတစ်ခုအဖြစ် အတူယှဉ်တွဲနေထိုင်လျက်ရှိသောကြောင့် မိမိတို့မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင်လည်း တရုတ်နိုင်ငံနှင့် တရုတ်လူမျိုးများအနေဖြင့် ဆက်လက်ပြီး ကူညီဆောင်ရွက်ပေးရန် ပန်ကြား လိုပါကြောင်း။
ထူးခြားမှုအနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက တရုတ်နှစ်သစ်ကူးနေ့ကို ယခုနှစ်မှစပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့တွင် စတင်ကျင်းပခဲ့ကာ တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့သည်ကို တွေ့ရပါကြောင်း၊
ယင်းသည် တရုတ်နိုင်ငံနှင့် တရုတ်ပြည်သူများ၏ နိုင်ငံတကာရေးရာကိစ္စရပ်များတွင် တက်ကြွစွာဖြင့် ဘက်မလိုက်ဘဲ မှန်ကန်စွာဆောင်ရွက်ခဲ့မှုနှင့် ကမ္ဘာ့နိုင်ငံများက တရုတ်နိုင်ငံအပေါ် ယုံကြည်မှုရှိသည်ကို ပြသခြင်းပင်ဖြစ်ပါကြောင်း၊ သံလွင်၊ မဲခေါင်မြစ် နှစ်စင်းမှ အစပြုပြီး သဘာဝတောတောင် ရေမြေများစွာ ထိစပ်နေသည့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ကောင်းမွန်သည့် ဆက်ဆံမှုများနှင့် တူညီသည့် ယဉ်ကျေးမှုများသည် ရေကိုသားသော်အကြားမထင် သကဲ့သို့ ဘယ်သူဖျက်ဖျက် ပျက်စီးမသွားဘဲ ခိုင်မာစွာ ဖြစ်တည်လျက်ရှိနေမည် ဖြစ်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် ရှေးဘုရင်များ လက်ထက်ကတည်းက ရွှေလမ်း ငွေလမ်းဖောက်ပြီး နှစ်ပြည်ထောင် ချစ်ကြည်ရေးကို ခိုင်ခိုင်မြဲမြဲ တည်ဆောက်ခဲ့ကြသည်မှာ ယနေ့ထက်တိုင်ဖြစ်သဖြင့် ဆွေမျိုး ပေါက်ဖော် ရှိရင်းစွဲ သံယောဇဉ်တရား၊ မေတ္တာတရားများကို အဖိုးတန် အမွေကောင်းများအဖြစ် လက်ခံကျင့်သုံးပြီး အေးချမ်းသာယာသည့် လူမှုအသိုက် အဝန်းတစ်ခုကို လက်တွဲထူထောင်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။

လက်ဆောင်များအပြန်အလှန်ပေးအပ်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးတို့သည် ၂၀၂၄ ခုနှစ် ရွှေနဂါးတရုတ်နှစ်သစ်ကူး အထိမ်းအမှတ် လက်ဆောင်များကို အပြန်အလှန် ပေးအပ်ကြသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးက နှစ်သစ်ဆုတောင်းစကားပြောကြား ရာတွင် ယခုကဲ့သို့ (၂၀၂၄) ခုနှစ် ရွှေနဂါးတရုတ် နှစ်သစ်ကူးပွဲတော်သို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့မှ အဖွဲ့ဝင်များနှင့်အတူ တက်ရောက်ချီးမြှင့် ပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ဧည့်သည်တော်များ အားလုံး နှစ်သစ်အခါသမယတွင် နဂါးကဲ့သို့ တင့်တယ်ခြင်း၊ အားမာန်ပြည့်ဝခြင်းတို့ဖြင့် တိုးတက်ကြပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်း၊ ပြီးခဲ့သည့်နှစ်များအတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ကဏ္ဍအသီးသီး၌ အတူတကွ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသောကြောင့် ယုံကြည်မှုများနှင့် ချစ်ကြည်ရင်းနှီးမှု များ ပိုမိုတိုးမြှင့်ခိုင်မာအောင် တည်ဆောက်နိုင်ခဲ့ပါကြောင်း၊ နှစ်သစ်တွင် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံရှိ ပြည်သူများအနေဖြင့် ငြိမ်းချမ်းခြင်း၊ ချစ်ခင်ခြင်း၊ အပြန်အလှန် လေးစားခြင်းတို့ဖြင့် ပြည့်ဝပြီး နှစ်နိုင်ငံအကျိုးအတွက် ဆောင်ရွက်နိုင်ကြပါစေကြောင်း၊ နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး အဓွန့်ရှည်ခိုင်မြဲပါစေကြောင်းနှင့် တရုတ် - မြန်မာ လူသားမျိုးနွယ်များ တိုးတက်မှုအတွက် အတူတကွ ကြိုးပမ်းသွားကြမည်ဖြစ်ပါကြောင်းဖြင့် ဆုမွန် ကောင်းစကား ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် အခမ်း အနား တက်ရောက်လာကြသူများနှင့်အတူ တရုတ် ရိုးရာ နှစ်သစ်ကူး အထိမ်းအမှတ်ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။ ညစာသုံးဆောင် နေစဉ်အတွင်း တရုတ်နိုင်ငံမှ အထူးလာရောက် ဖျော်ဖြေသည့် ထိန်ချုံးအမျိုးသား ယဉ်ကျေးမှုအဖွဲ့၊ ချုံချင့်ယဉ်ကျေးမှုအဖွဲ့နှင့် တယ်ဟုန်စာပေနှင့် အနုပညာ ယဉ်ကျေးမှုအဖွဲ့တို့က ဗုံအက၊ မျက်နှာ ပြောင်းအကတို့အပါအဝင် တရုတ်ရိုးရာ တေးသီချင်းများ၊ သရုပ်ဖော်အကများဖြင့်လည်းကောင်း၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီယဉ်ကျေးမှုအဖွဲ့နှင့် အနုပညာရှင်များက အဆိုအကများ တေးသရုပ်ဖော်များ၊ တရုတ် - မြန်မာ ချစ်ကြည်ရေး တေးသီချင်းများဖြင့် လည်းကောင်း သီဆိုကပြ ဖျော်ဖြေ တင်ဆက်ကြသည်။

ဆုများအသီးသီးပေးအပ်ချီးမြှင့်
ယင်းနောက် မြန်မာနိုင်ငံစားပွဲတင် တင်းနစ်အဖွဲ့ချုပ်၊ ၂၀၂၄ ခုနှစ် ရွှေနဂါးတရုတ်နှစ်သစ်ကူး အထိမ်းအမှတ် တရုတ်-မြန်မာ ချစ်ကြည်ရေး အမျိုးသား အလွတ်တန်း စားပွဲတင်တင်းနစ် ဖိတ်ခေါ်ပြိုင်ပွဲ တွင် ဆုရကစားသမားများအား ဆုချီးမြှင့်ခြင်း အစီအစဉ်ကို ဆက်လက်ပြုလုပ်ရာ ပထမဆုနှင့် ဒုတိယရရှိသူတို့အား အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကလည်းကောင်း၊ ပူးတွဲတတိယဆုရရှိသူများအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးတို့သည် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် တရုတ်နိုင်ငံမှ လာရောက်သည့် တရုတ်ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီယဉ်ကျေးမှုအဖွဲ့နှင့် အနုပညာရှင်များ၊ ချစ်ကြည်ရေး စားပွဲတင်တင်းနစ် အားကစားအဖွဲ့ဝင်များကို အမှတ်တရလက်ဆောင်ပန်းခြင်းများ ပေးအပ်ကြသည်။
ယင်းနောက် မြန်မာအနုပညာရှင်များနှင့် ကြွရောက်လာကြသည့် ဧည့်သည်တော်များသည် “ပန်းတိုင်းပွင့်ပါစေ” သီချင်းကို စုပေါင်းသီဆိုခဲ့ကြကြောင်းနှင့် အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်