နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ITAR-TASS Media တွေ့ဆုံမှု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား  ရန်ကုန်တိုင်းဒေသကြီး ဇေယျာသီရိဗိမာန် သံတမန်ခန်းမ၌ မတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ITAR-TASS Media မှ ရုရှား-မြန်မာ နှစ်နိုင်ငံကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းမှုများနှင့် ဖြေကြားမှုများကို ဖော်ပြလိုက်ပါသည်-

 

မေး။   လေးစားရပါသော အဆွေတော်ဝန်ကြီးချုပ်ခင်ဗျာ၊ အဆွေတော်ဝန်ကြီးချုပ်အနေနဲ့  အခုလိုမျိုး ကျွန်တော်တို့ ITAR-TASS Media နဲ့ အင်တာဗျူးမေးဖို့ အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပထမဆုံးပြောကြားလိုပါတယ်။ ကျွန်တော်တို့ ရုရှား-မြန်မာ ဆက်ဆံရေးဟာဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သမိုင်းမှာ အထင်အရှားရှိခဲ့တဲ့ ဆက်ဆံရေးလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဆိုရင်  ရုရှား-မြန်မာ  သံတမန်ဆက်ဆံရေးဟာ (၇၅) နှစ်ပြည့်မြောက်ပြီးလည်း ဖြစ်ပါတယ်။ ကျွန်တော်ဒီဆက်ဆံရေးနဲ့ပတ်သက်ပြီး ငယ်ဘဝတုန်းက သတိရတာလေးတစ်ချက်ကို အဆွေတော်ကို တင်ပြချင်ပါတယ်။ ကျွန်တော်ငယ်ဘဝတုန်းက ဆိုဗီယက်ပြည်ထောင်စုကို မြန်မာနိုင်ငံက ဝန်ကြီးချုပ် ဦးနုလာတဲ့အချိန် ကျွန်တော်ကလေးဘဝက ပထမဦးဆုံးမြင်ဖူးခဲ့တဲ့  အနေအထားမျိုးဖြစ်ခဲ့ပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ အဲဒီကတည်းက ကျွန်တော်မြန်မာနဲ့ပတ်သက်ပြီးတော့ စိတ်ဝင်စားခဲ့ပါတယ်။  အခုဆိုရင်  အဆွေတော်ဝန်ကြီးချုပ်နဲ့ ကျွန်တော်အင်တာဗျူး မေးမြန်းတဲ့အဆင့်ထိ ရောက်ရှိလာပြီဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနေ့ ပထမဆုံး မေးချင်တဲ့မေးခွန်းကတော့ မြန်မာနဲ့ရုရှား နှစ်နိုင်ငံကြားမှာ မည်သည့်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုတွေက အအောင်မြင်ဆုံးဖြစ်ပြီးတော့ မည်သည့်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသေးလဲဆိုတာကို သိချင်ပါတယ်။

ဖြေ။    ရုရှားနဲ့မြန်မာနိုင်ငံနဲ့ဆက်ဆံရေးကတော့ နှစ်ပေါင်းများစွာရှိခဲ့ပြီး သမိုင်း ဟိုးရှေးကတည်းက ရှိခဲ့ပါတယ်။ နောက်ကျရင် ဒါလေးကိုအထောက်အထားလေးတစ်ခု ကျွန်တော်ပြပါမယ်။ သံတမန် ဆက်သွယ်မှုကတော့ ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကနေစခဲ့ပါတယ်။ အခုဆိုရင် (၇၆)နှစ်တာကာလ ကျော်လာခဲ့ပြီဖြစ်ပါတယ်။ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွေကတော့ တော်တော်လေးများပါတယ်။ လွတ်လပ်ရေးရတဲ့ ခေတ်ကစပြီးတော့ ပြောမယ်ဆိုရင်တော့ နယ်ပယ် ပေါင်းစုံရှိခဲ့တာ ကျွန်တော်တွေ့တယ်။ သို့သော်လည်းပဲ ဒီဘက်နောက်ပိုင်းမှာတော့ ကာကွယ်ရေး ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေက ပိုများလာတာကို ကျွန်တော်တို့ တွေ့တယ်။ ကာကွယ်ရေး ဆိုတာ နှစ်ပိုင်းရှိတာ။ တစ်ပိုင်းကတော့ တပ်မတော်ပိုင်းဆိုင်ရာနဲ့ တစ်ဖက်ကတော့ နည်းပညာနဲ့ အတတ်ပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုပေါ့၊ မြန်မာ့တပ်မတော် ခေတ်မီရေးအတွက် ရုရှားနိုင်ငံက ကူညီပံ့ပိုးပေးခဲ့သလိုပဲ မြန်မာ့တပ်မတော်က အရာရှိတွေ တော်တော်များများကို ရုရှားနိုင်ငံမှာ သိပ္ပံပညာ၊ နည်းပညာ စစ်ဘက်အတတ်ပညာ ဒါတွေကိုများစွာ သင်ပေးခဲ့တာပေါ့။ ဒါနယ်ပယ်ကတော့ ဒါအကြီးမား ဆုံးဟာပါပဲ။ ဒါပေမဲ့ ဒါတွေလားဆိုတော့ မဟုတ်သေးဘူး။ ကျန်တဲ့ဟာတွေလည်း အများကြီးရှိပါတယ်။ ဥပမာ စိုက်ပျိုးရေးကဏ္ဍ၊ ဆေးဘက်ဆိုင်ရာ ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ သတ္တုတူးဖော်ရေးကဏ္ဍ စသဖြင့်ဒါတွေရှိပါတယ်။ ယခုကျွန်တော်တို့နဲ့ ဆောင်ရွက်ဆဲ ကိစ္စထဲမှာဆိုလို့ရှိရင် Rosatom ရုရှား နိုင်ငံရဲ့ အဏုမြူစွမ်းအင်ကွန်ပိုစာအဖွဲ့နဲ့ လုပ်နေတာကတော့ အသေးစားအဏုမြူ စွမ်းအင်ဓာတ်အားပေးစက်ရုံ လုပ်ငန်းတစ်ခုရှိပါတယ်။ နောက်တစ်ခုကတော့ စိုက်ပျိုးရေးကဏ္ဍမှာ ရုရှားနည်းပညာနဲ့ ဓာတ်မြေဩဇာထုတ်လုပ်ပြီးတော့မှ မြန်မာနိုင်ငံမှာ ဓာတ်မြေဩဇာ ထုတ်လုပ်မယ့်စက်ရုံ တည်ဆောက်ရေးလုပ်ငန်း၊ အခုလက်ရှိ ဒီရုရှား နည်းပညာနဲ့ထုတ်ယူထားတဲ့ ဓာတ်မြေဩဇာကို အသုံးပြုတဲ့အခါမှာ တော်တော်အောင်မြင်တယ်လို့ ကျွန်တော်တို့ပြောပါတယ်။ ဒါလည်း တိုးချဲ့ဆောင်ရွက်ဖို့ရှိပါတယ်။ ဒါ့အပြင် သတ္တုတူးဖော်ရေး လုပ်ငန်း၊ လေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်း၊ အခြားဆိုလာနဲ့ ပတ်သက်တဲ့ လျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်း၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆေးဝါးထုတ်လုပ်မှုလုပ်ငန်း စသဖြင့် နယ်ပယ်များစွာရှိတယ်။ ဒါတွေ ကျွန်တော်တို့ဆက်လက်လုပ်ဖို့လည်း အစီအစဉ်ရှိကြောင်း အဆွေတော်ကို ကျွန်တော် ပြောလိုပါတယ်။

 

မေး။   လေးစားရပါသော အဆွေတော်ဝန်ကြီးချုပ်ခင်ဗျာ၊ အဆွေတော်အနေနဲ့ အစိုးရအဖွဲ့ အကြီးအကဲအဖြစ် တာဝန်ယူပြီး သတ်မှတ်လုပ်ငန်းစဉ်တွေ ချမှတ်ဆောင်ရွက်ရာမှာ ပြီးမြောက်ပြီးဖြစ်တဲ့လုပ်ငန်းစဉ်တွေနဲ့ မကြာမီဆောင်ရွက်မယ့် လုပ်ငန်းတွေကိုလည်း ပြောကြားပေးစေလိုပါတယ်။

ဖြေ။    ကျွန်တော်တို့ စတာဝန်ယူတဲ့ အချိန်တုန်းကတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှုလုပ်ခဲ့တဲ့အတွက်ကြောင့် ဒီအပေါ်မှာ ဖြေရှင်းဖို့ဆောင်ရွက်နိုင်ပေမယ့်လည်း အဓမ္မ နည်းနဲ့ အာဏာယူဖို့ကြိုးစားလာတယ်။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာပြီးတော့မှ တာဝန်ယူခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ စပြီးရှင်းရမယ့်ပြဿနာက မဲမသမာမှုကိစ္စကို စပြီးဖြေရှင်းရမယ့်ကိစ္စ ဖြစ်ပါတယ်။

အဲဒီတော့ မဲမသမာမှုလုပ်တဲ့နေရာမှာ ကျွန်တော် တို့ စိစစ်တဲ့အခါကျတော့ UEC ကို အသစ်ပြန်လည် ဖွဲ့စည်းပါတယ်။ ဖွဲ့စည်းပြီးတော့ UEC ကနေပြီး တော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ပေါ့ ကျွန်တော်တို့ပြန်လည်ဖွဲ့စည်းပါတယ်။ ဖွဲ့စည်းပြီး စစ်စေတဲ့အခါမှာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတုန်းက အဲဒီတုန်းက UEC ကနေ ကြေညာခဲ့တဲ့ မဲစာရင်းက ၃၈ သန်းကျော်ရှိပါတယ်။ မဲမသမာမှုကို ပြန်လည်စစ်ဆေးဖော်ထုတ်တဲ့အခါမှာ ၁၁ ဒသမ ၃ သန်းထိ မဲမသမာမှု လုပ်ခဲ့တာတွေ့ရတယ်။ ဆိုလို တာကတော့ ၃၀ ရာခိုင်နှုန်းနီးပါးလောက် မဲမသမာမှု လုပ်တယ်ပေါ့။ တော်တော်ကြီးမားတဲ့ မဲမသမာမှုလုပ်ငန်း ဖြစ်ပါတယ်။ တစ်နေရာတည်းလား၊ နေရာ အနည်းငယ်ပဲဖြစ်တာလားဆိုတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့နယ်ရွေးကောက်ပွဲ ပြုလုပ်ခဲ့တဲ့ ၃၁၅ မြို့နယ်စလုံးမှာ ရာဂဏန်းကနေ သိန်းဂဏန်းအထိ မဲလွဲမှားမှုတွေဖြစ်ပါတယ်။ နိုင်ငံရေးအရ ရိုးရိုးသားသားပြော တာပါ။ မဲမသမာမှုလုပ်ခဲ့တယ်လို့ပဲ ကျွန်တော်တို့ပြောပါတယ်။ ဒါက တော်တော် အကျည်းတန် အရုပ်ဆိုးခဲ့တဲ့ကိစ္စ။ ဒါကိုဖော်ထုတ်ပြီး တွေ့ရှိတဲ့အခါမှာ တာဝန်ရှိတဲ့သူအားလုံးကို ကျွန်တော်အရေးယူ ခဲ့တာ ပထမဦးဆုံး စလုပ်ခဲ့ပါတယ်။

အဲဒီတော့ အဆွေတော်လည်း သိပြီးတဲ့အတိုင်းပဲ ပြီးခဲ့တဲ့ အဲဒီကာလတုန်းက ကျွန်တော်တို့က ကိုဗစ်-၁၉ ဖြစ်လာတဲ့ကာလဖြစ်ပါတယ်။ မြန်မာနိုင်ငံလည်း Second Wave ဖြစ်နေတဲ့အချိန်ဖြစ်ပါတယ်။ တော်တော်လေး ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီး လူပေါင်း ၆ သိန်းကျော်လောက် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မှုခံခဲ့ရပါတယ်။ တော်တော်များများလည်း သေခဲ့ပါတယ်။ ကျွန်တော် တို့ ကိုဗစ်ရောဂါ ကာကွယ်ရေးအတွက် သေချာ ကျွန်တော်ဦးဆောင်ပြီး ဒီဟာကို လုပ်ခဲ့တာဖြစ်ပါတယ်။ တိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာလည်း အခက်အခဲတွေ အများကြီးကြုံခဲ့ပါတယ်။ (၁) အချက်ကတော့ ကုသဆေးပေါ့။ ကာကွယ်ဆေးတွေ ကျွန်တော့်မှာမရှိဘူး။ အောက်စီဂျင်တွေမရှိဘူး။ ဒါကိုလည်း အိမ်နီးနားချင်း မိတ်ဆွေနိုင်ငံတွေက ကူညီပေးတာ။ အဆွေတော်တို့ ရုရှားနိုင်ငံအပါအဝင် မိတ်ဆွေနိုင်ငံတွေကနေပြီးတော့ ကာကွယ်ဆေးတွေ ကျွန်တော်တို့ကို ကူညီပေးတာတွေရှိပါတယ်။ ဒီတော့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေ အသက်ပေါင်းများစွာ ကူညီပေးနိုင်ခဲ့တယ်။ ကျွန်တော်တို့ ကိုဗစ်ရောဂါ Third Wave အထိဖြစ်ခဲ့ပေမယ့်လည်း ကျွန်တော်လျင်မြန်စွာ ထိန်းချုပ်နိုင်တဲ့အတွက်ကြောင့် ဒီဟာကိုလည်း ကျွန်တော်ကျော်လွှား နိုင်ပြီလို့ ပြောလို့ရပါတယ်။ ဒါ ဒုတိယဆောင်ရွက် ခဲ့တဲ့အချက် ဖြစ်ပါတယ်။

တတိယအချက်ပေါ့။ အဲဒါကတော့ ကျွန်တော် တို့မြန်မာနိုင်ငံဟာ ဒီကိုဗစ်ရောဂါဖြစ်တာနဲ့အတူတူပဲ တစ်ကမ္ဘာလုံးမှာဖြစ်တဲ့ဟာတစ်ခုကတော့ စီးပွားရေး ကျဆင်းမှုပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံလည်း စီးပွားရေးကျဆင်းမှုဖြစ်ပါတယ်။ သို့သော်လည်းပဲ ဒီကိုဗစ်ရောဂါကြောင့်ဖြစ်တာပဲ မဟုတ်ဘဲနဲ့ ၂၀၁၈ ခုနှစ်လောက်ကတည်းက မြန်မာနိုင်ငံရဲ့ စီးပွားရေး စီမံခန့်ခွဲမှု အားနည်းချက်တွေကြောင့် ကျဆင်းခဲ့ပါတယ်။ ဒါကိုကျွန်တော်တို့ စီးပွားရေးပြန်လည်နာလန်ထူမှုဖြစ်အောင် အားသွန်ခွန်စိုက် ကြိုးစားခဲ့တဲ့အတွက် ကျွန်တော်တို့ စီးပွားရေး နာလန်ထူတာလည်းရှိပါတယ်။ ဒီအတွက်လည်း တော်တော်လေး ကျွန်တော်တို့ရုန်းကန်ခဲ့ရတာရှိပါတယ်။ ၂၀၂၁-၂၀၂၂-၂၀၂၃ တောက်လျှောက်ကို စီးပွားရေးပြန်လည်ဦးမော့လာတဲ့ အခြေအနေတော့ ကျွန်တော်တို့ရရှိခဲ့ပါတယ်။

နောက်တစ်ချက်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းတည်ငြိမ်အေးချမ်းရေး ဖြစ်ပါတယ်။ တည်ငြိမ် အေးချမ်းရေးမှာလည်း နှစ်ခုရှိတာပေါ့။ တစ်ခုကတော့ ဒီအရေးပေါ်ကာလ ဖြစ်ပြီးတဲ့အချိန် မှာလည်း သဘောထားကွဲလွဲတဲ့သူတွေကတော့ ဆူပူမှုတွေ၊ ဆန္ဒပြမှုတွေလုပ်ခဲ့တာ တစ်ပိုင်းရှိပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ ပြန်ပြီးတော့ တည်ငြိမ်အောင်ကြိုးစားရတာပေါ့။ နောက်တစ်ခုကတော့ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရကတည်းက ကျွန်တော်တို့နိုင်ငံဟာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေနဲ့ စခဲ့တာဖြစ်ပါတယ်။ အခုချိန်အထိ ကျွန်တော်တို့ ဖြစ်နေတုန်းပါ။ ဒါဟာလည်း ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးပျက်ယွင်းမှုအခြေအနေတစ်ခုကို ကျွန်တော်တို့ ပြန်ပြီးတော့ လုပ်ရတာရှိတယ်။ အဲဒီမှာ ကျွန်တော်တို့ ၂၀၁၅ ခုနှစ်က ကျွန်တော်တို့က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ သဘောတူ ညီချက်တစ်ခု ကျွန်တော်တို့ ရခဲ့ပါတယ်။

အဲဒါက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ဖြစ်ပါတယ်။ ဒါကို လက်မှတ်ရေး ထိုးခဲ့တာဖြစ်ပါတယ်။ ဒီပေါ်မှာ ကျွန်တော်တို့ရအောင် ထိန်းသိမ်းခဲ့တာ ဆောင်ရွက်ခဲ့တာရှိပါတယ်။ အခုထိ ကျွန်တော်တို့ ဒါကိုပဲထိန်းသိမ်းပြီး ဆောင်ရွက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုနည်းပါးခြင်းဟာ ဒီတည်ငြိမ်အေးချမ်းမှု မရှိတဲ့အတွက်ကြောင့်ဖြစ် တယ်ဆိုတာတော့ အရင်းခံအကြောင်းအရင်းဖြစ်ပါတယ်။ ဒါကြောင့်တည်ငြိမ်မှုရအောင်လည်း ကျွန်တော် ကြိုးစားဆောင်ရွက်ခဲ့ရတာရှိပါတယ်။

နောက်တစ်ခုကတော့ ကျွန်တော်တို့ရဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တက်လာခြင်းဟာ မဲမသမာမှုကြောင့်ဖြစ်လာတဲ့ အကျိုးဆက်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီရွေးကောက်ပွဲပေါ့လေ၊ ရွေးကောက်ပွဲ မဲမသမာမှုကနေဖြစ်လာ တဲ့ အကျိုးဆက်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က လွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲတစ်ခု ပြန်လည်ကျင်းပရေးကတော့ ကျွန်တော်တို့ရဲ့ နောက်ဆုံးရည်မှန်းချက်ဖြစ်ပါတယ်။ အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေ ပြီးသွားပြီဆိုတာနဲ့ ရွေးကောက်ပွဲ ကျွန်တော်တို့ ပြန်လုပ်မှာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့က ဒီအရေးပေါ်ကာလတွေပြီးလို့ရှိရင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ကျွန်တော်တို့ က အာဏာပြန်လွှဲမယ်။ ပြန်လွှဲပြီးတော့ အဲဒီရဲ့ ဦးဆောင်မှုနဲ့ (၆)လအတွင်းမှာ ကျွန်တော်တို့ ရွေးကောက်ပွဲ ပြန်လုပ်ရမှာဖြစ်ပါတယ်။ အဲဒီတော့ ဒီရွေးကောက်ပွဲလုပ်နိုင်ဖို့ဆိုရင် မဲစာရင်းတွေ မှားယွင်းမှုကြောင့်ဖြစ်လာတဲ့အတွက်ကြောင့် မဲစာရင်း မှန်ကန်ရေးကိုလည်း ကျွန်တော်တို့က အဓိကထား လုပ်ရမှာ၊ မဲစာရင်းမှန်ကန်ရေးကလည်း ဒီနှစ်ထဲမှာ အတတ်နိုင်ဆုံး ကျွန်တော်တို့လုပ်ပါမယ်။ ပြည့်စုံပြီး လို့ရှိရင် တိုင်းပြည်တည်ငြိမ်မှု ကောင်းပြီဆိုတာနဲ့ လုပ်နိုင်တဲ့အပိုင်းလိုက်ပေါ့။ တစ်ပြိုင်နက်တည်း မဟုတ်တောင်မှ လုပ်နိုင်တဲ့အပိုင်းလိုက်ကို ဥပဒေနဲ့အညီ ကျွန်တော်တို့ ရွေးကောက်ပွဲပြန်လည် ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သွားဖို့ ရှိပါတယ် ဆိုတာ ကျွန်တော်ပြောလိုတယ်။

 

မေး။   အဆွေတော်ဝန်ကြီးချုပ်အနေနဲ့ ရုရှားနိုင်ငံကို အကြိမ်ပေါင်း မြောက်မြားစွာရောက်ရှိ ခဲ့တယ်လို့ ကျွန်တော်တို့သိရှိရပါတယ်။ ရောက်ရှိတဲ့အချိန်မှာလည်း အဆွေတော်အနေနဲ့ ရုရှားနိုင်ငံရဲ့ အထင်ကရနေရာတွေကိုလည်း သွားရောက်လေ့လာခဲ့တယ်လို့သိရှိရပါတယ်၊ ဒါကြောင့် ကျွန်တော့်အနေနဲ့ မေးချင်တဲ့မေးခွန်းကတော့ အဆွေတော်အနေနဲ့ ရုရှားနိုင်ငံအပေါ်မှာ ဘယ်လိုမျိုးမြင်ပါသလဲ၊ ရုရှား နိုင်ငံနဲ့ပတ်သက်ပြီးတော့ အနည်းငယ်ပြောပြပေး စေလိုပါတယ်။

ဖြေ။    ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံက အလှမ်းတော့ဝေးပေမယ့်လည်း စိတ်ချင်းနီးတဲ့နိုင်ငံတွေဖြစ်တာ ပေါ့။ နောက်ခံအကြောင်းအရာတွေလည်း တူခဲ့တဲ့နိုင်ငံတွေဖြစ်တယ်။ ရုရှားနိုင်ငံနဲ့ပတ်သက်ပြီး ပြောရလို့ရှိရင်တော့ အရင်ဆိုဗီယက်ပေါ။ ဆိုဗီယက်ခေတ်တုန်းကလည်း ရုရှားက ကမ္ဘာ့ဦးဆောင် နိုင်ငံတစ်ခုအနေနဲ့ ကမ္ဘာမှာ ကမ္ဘာရဲ့အင်အား Balance ဖြစ်အောင် ထိန်းနိုင်ခဲ့တဲ့ နိုင်ငံတစ်ခုဖြစ်တယ်။ နောက်တစ်ခါ နောက်ပိုင်းမှာတော့ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲသွားပြီးတော့မှ ရုရှားနိုင်ငံ တော်တော်ရုန်းကန်ခဲ့ရတာရှိပါတယ်။ အဲဒီမှာတော့ ရုရှားပြည်သူတွေရဲ့ စိတ်ဓာတ်ပေါ့။ နောက်အစိုးရရဲ့ဦးဆောင်မှုပေါ့။ တပ်မတော်ရဲ့ ပူးပေါင်း ဆောင်ရွက်မှုပေါ့။ ဒါတွေနဲ့ ရုရှားနိုင်ငံ လက်ရှိအခြေအနေမှာလည်း ကမ္ဘာ့ ဦးဆောင်နိုင်ငံ တစ်ခုအဖြစ် ရှိနေတာဖြစ်ပါတယ်။ နောက်ကမ္ဘာရဲ့ဟန်ချက်တစ်ခုကို ထိန်းထားနိုင်တဲ့ နိုင်ငံတစ်ခုဖြစ်တယ်လို့ ကျွန်တော်တော့ ယုံကြည်ပါတယ်။ ကျွန်တော်မြင်ရတဲ့ မြင်ကွင်းတွေ ကြည့်ရလို့ရှိရင် ရုရှားနိုင်ငံက တိုးတက်မှုရှိတဲ့ နိုင်ငံတစ်ခုပါ။ ရုရှားနိုင်ငံထူးခြားချက်က မြောက်ပိုင်းမှာရှိပြီးတော့ ရာသီဥတုအေးမြတဲ့ ဒေသတွေမှာရှိတဲ့ တိုင်းပြည်တစ်ခု ဖြစ်တယ်။ နောက်ကမ္ဘာ့အရှေ့နဲ့ အနောက်နဲ့တည်ရှိနေတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ရုရှားနိုင်ငံဟာ ကမ္ဘာမှာ ဒီသဘာဝ အနေအထားအရလည်း အရေးပါတဲ့နိုင်ငံတစ်ခုဖြစ်တယ်လို့ ကျွန်တော်တော့ ရှုမြင်ပါတယ်။ ဆက်လက်ပြီးတော့လည်း ရုရှားနိုင်ငံဟာ ကမ္ဘာရဲ့ အရေးပါတဲ့ကဏ္ဍတွေမှာလည်း ရှိနေလိမ့်ဦးမယ်ဆိုတာ ကျွန်တော့်အနေနဲ့ အပြည့်အဝယုံကြည်ပါတယ်။

 

မေး။   အခုလိုမျိုး ရုရှားနိုင်ငံနဲ့ပတ်သက်ပြီးတော့ ပြောပြလာတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အနေနဲ့လည်း မြန်မာနိုင်ငံကို အကြိမ်ပေါင်းမြောက်မြားစွာ ရောက်ဖူးပါတယ်။ မြန်မာနိုင်ငံ ကလည်း အလွန်ကို သာယာလှပတဲ့နိုင်ငံတစ်ခုဖြစ်တဲ့အပြင် မြန်မာနိုင်ငံကို ပြည်ပခရီးသွားတွေက ပြီးခဲ့တဲ့နှစ်ကဆိုရင် ၁ သန်းကျော် ဝင်ရောက်တယ်လို့ ကျွန်တော်တို့သိရှိရပါတယ်။ အဆွေတော် ဝန်ကြီးချုပ်အနေနဲ့ မြန်မာနိုင်ငံကို အထူးသဖြင့် ရုရှားနိုင်ငံက ခရီးသွားတွေ အများဆုံး လာရောက်ဖို့အတွက်နဲ့ ပြီးလို့ရှိရင် ရုရှားနိုင်ငံသားခရီးသွားတွေ မြန်မာနိုင်ငံရဲ့ အလှအပတွေနဲ့ သဘာဝအလှတရားတွေကို ထိတွေ့ခံစားနိုင်ဖို့အတွက် ဘာတွေလုပ်သင့်လဲ၊ ဘယ်လိုအစီအမံတွေ လုပ်သင့်တယ်လို့ ထင်ပါသလဲ၊ အကြမ်းဖျင်း ပြောပြပေးစေလိုပါတယ်။

ဖြေ။    ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကတော့ နိုင်ငံတကာက နိုင်ငံတိုင်း၊ နိုင်ငံတိုင်း စိတ်ဝင်စားတဲ့ လုပ်ငန်းရပ်ဖြစ်ပါတယ်။ သူကလည်း အဓိကဝင်ငွေရတဲ့ လုပ်ငန်းတစ်ခုဖြစ်တာကိုး။ မြန်မာနိုင်ငံ မှာလည်း ထိုက်သင့်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေလာကြပါတယ်။ သို့သော်လည်းပဲ တိုင်းပြည်ရဲ့ အခြေအနေအရပေါ့လေ နိုင်ငံရေးအခြေအနေလည်း ပါပါတယ်။ နိုင်ငံရေးအခြေအနေလုပ်တဲ့အခါမှာ လာသင့်လာထိုက်တဲ့ ပမာဏအထိ မရခဲ့တာကို ကျွန်တော်တို့ တွေ့ပါတယ်။ ရုရှားနိုင်ငံနဲ့ ပတ်သက် ရင်လည်း ရုရှားခရီးသွားတွေ လာနိုင်ဖို့အတွက် ဒီဘက်မှာလည်း ကျွန်တော်တို့ ပြင်ဆင်မှုတွေ အများကြီး လုပ်ထားတာတွေရှိတယ်။ ဥပမာအားဖြင့် ဗီဇာကင်းလွတ်ခွင့်တွေပေးထားတာ ကျွန်တော်တို့ရှိတယ်။ နောက်လေယာဉ်တွေ တိုက်ရိုက်စီးနိုင်အောင် ရန်ကုန်-မန္တလေး-နေပြည်တော်တင်မကဘူး။ တခြားနေရာတွေမှာ ရုရှားကလာတဲ့ ခရီးသွားလေယာဉ်တွေ တိုက်ရိုက်ဆင်းလို့ရအောင် လေယာဉ်ကွင်းတွေပြင်ဆင်တာတို့၊ ခရီးသွားလုပ်ငန်းတွေ၊ လမ်းတွေ ကျွန်တော်တို့ ပြင်ဆင်ပေးတာတို့ ဒါလည်းကျွန်တော်လုပ်ထားတာရှိပါတယ်။ မြန်မာနိုင်ငံမှာ လေ့လာစရာနေရာတွေတော့ အများကြီးရှိပါတယ်။ မြန်မာနိုင်ငံတောင်ပိုင်းကနေ မြောက်ပိုင်းအထိ လေ့လာစရာနေရာတွေ အများကြီးရှိပါတယ်။ အဲဒီတော့ ပြောရမယ်ဆိုလို့ရှိရင်တော့ မတူညီတဲ့ အသွင်အပြင်လက္ခဏာတွေ၊ ယဉ်ကျေးမှုတွေ၊ သဘာဝအလှတရားတွေပေါ့။ ဒါတွေ ကျွန်တော်တို့ အများကြီး ရှိပါတယ်။ ဒါတွေကြည့်မယ်ဆိုလို့ရှိရင်လည်း ကျွန်တော်တို့ရပါတယ်။ နောက်တစ်ခါ ကျွန်တော်တို့ရဲ့အားသာချက်တစ်ခုက ဘာလဲဆိုတော့ စောစောက ကျွန်တော်ပြောခဲ့တဲ့ ရုရှားနိုင်ငံမှာ သွားရောက်ပညာသင်ခဲ့တဲ့မြန်မာ ကျွန်တော်တို့အရာရှိတွေ အများကြီးရှိပါတယ်။ သူတို့ကနေ ပြန့်ပွားလာတဲ့ အသိတွေ၊ အသိတွေက ရုရှားနိုင်ငံပေါ်မှာ ယုံကြည်မှု၊ ခင်တွယ်မှုပေါ့။ ဒါတွေလည်း အများကြီးရှိတာပေါ့။ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး နားလည်တဲ့သူတွေ တော်တော်များများရှိတဲ့အတွက်ကြောင့် ဒါတွေကမြန်မာနိုင်ငံနဲ့ ရုရှားနှစ်နိုင်ငံခရီးသွားလုပ်ငန်း မြှင့်တင်ရေးမှာလည်း များစွာအထောက် အကူပြုမယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ တစ်ဖက်ကလည်း ခရီးသွားကဏ္ဍမြှင့်တင်ရေး အတွက်လည်း ရုရှားခရီးသွားအဖွဲ့နဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအနေနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေလည်း ကျွန်တော်တို့လုပ်နေသလို မြန်မာနိုင်ငံကနေ ပြီးတော့ မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း (MAI) ကနေ မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံကို တစ်ပတ်ကိုနှစ်ကြိမ် ကျွန်တော်တို့ ခရီးသွားလုပ်ငန်းလေယာဉ် ခရီးစဉ် ဆွဲနေတာရှိပါတယ်။ ခရီးသွားလုပ်ငန်းတွေ များလာတာနဲ့အမျှ လေယာဉ်ခရီးစဉ်များ တိုးချဲ့ပြီး ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။

 

မေး။ ပြည့်ပြည့်စုံစုံရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အနေနဲ့ မြန်မာ နိုင်ငံမှာ ရန်ကုန်-မန္တလေး-နေပြည်တော်နဲ့ တခြားနေရာတွေက မြို့တွေရောက်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက် ပြီးတော့ အဆွေတော်ဝန်ကြီးချုပ်ကို မေးချင်တာက ရုရှားနိုင်ငံက နိုင်ငံခြားခရီးသွားတွေအတွက် မြန်မာနိုင်ငံရဲ့ ဘယ်နေရာတွေကို သွားရောက်လည်ပတ်သင့်တယ်ဆိုတာကို အကြံပြု ပေးစေလိုပါတယ်။

ဖြေ။ ကျွန်တော် အခုနပြောတာပေါ့နော်။ မြန်မာနိုင်ငံရဲ့ တောင်ဘက်ကနေပြီးတော့ မြောက်ဘက် အထိ ကျွန်တော်တို့ ကြည့်မယ်ဆိုရင် မတူညီတဲ့ဒေသတွေ၊ အသွင်အပြင်လက္ခဏာတွေ အများကြီးရှိတယ်။ တောင်ဘက်ဆိုရင် ပင်လယ်ကမ်းရိုးတန်းဒေသတွေ များစွာရှိတယ်။ အဲဒီမှာ ထင်ရှားတာကတော့ ငပလီတို့၊ ဧရာဝတီတိုင်းမှာရှိတယ်ပေါ့နော်။ ပင်လယ်ကမ်းခြေတွေရှိပါတယ်၊ နောက်တစ်ခုကတော့ မြန်မာပြည်ဟာ အလယ်ပိုင်းသွားလို့ရှိရင်တော့ ယဉ်ကျေး မှုနဲ့ပတ်သက်တဲ့ ရှေးဟောင်းမြို့တော်တွေ၊ စေတီပုထိုးတွေလည်းများစွာရှိတယ်။ မြောက်ပိုင်းတက်သွားရင်တော့ မြင့်မားတဲ့တောင်တန်းကြီးတွေ၊ အေးမြတဲ့ရာသီဥတုတွေနဲ့ ကျွန်တော်တို့တွေ့ရတာ တွေရှိတယ်။ ဒါကတော့ မြေအနေအထားအရ တွေ့ရတဲ့အနေအထားမျိုးပေါ့။ ယဉ်ကျေးမှုနဲ့ ပတ်သက်တာတွေ၊ ကျွန်တော်တို့ရာသီဥတုနဲ့ ပတ်သက်တာတွေ၊ ကွဲပြားခြားနားမှုတွေများစွာရှိတယ်။ ကျွန်တော်တို့ ဒါလေးရှိတယ်။ ဥပမာအားဖြင့် တောင်ပိုင်းမှာဆိုရင် မိုးများတာပေါ့။ အလယ်ပိုင်းဆို နေတော်တော်လေးပူတယ်။ မြောက်ပိုင်းဆိုရင်တော့ အေးမြတဲ့ရာသီဥတုရှိတယ်။ နောက်တစ်ခါ အဲဒီဒေသတွေမှာပဲ ဥပမာအားဖြင့် အင်းလေးကန်လိုဟာမျိုး ယဉ်ကျေးမှုအမွေအနှစ်တွေ ကျွန်တော်တို့ရှိတယ်။ ကမ္ဘာမှာရှားပါးတဲ့ဟာ အဲဒီနေရာမှာဆိုလို့ရှိရင် ကျွန်တော်တို့က ခြေထောက်နဲ့ လှေကိုလှော်တဲ့ဟာပေါ့။ ကမ္ဘာမှာတစ်နေရာပဲရှိတယ်။ အင်းလေးကန်မှာ ကျွန်တော်တို့ရှိတယ်။ ဒါပေမဲ့ လေ့လာမယ်ဆိုရင် ကြည့်လို့ရတာတွေ ကျွန်တော်တို့ရှိပါတယ်။ စောစောက အဆွေတော်ပြောတဲ့ ရန်ကုန်တို့၊ နေပြည်တော်တို့ ဒီမှာလည်း အထင်ကရထင်ရှားတဲ့ ဘုရားကြီးတွေရှိသလို အခုနေပြည်တော်မှာ နောက်ဆုံးတည်ခဲ့တဲ့ မာရဝိဇယရုပ်ပွားတော်မြတ် ကြီးရှိတယ်။ ကမ္ဘာမှာ ဉာဏ်တော်အမြင့်ဆုံး ကျောက် ဆစ်ရုပ်ပွားတော်ကြီးဖြစ်ပါတယ်။ အလေးချိန် အကြီးမားဆုံး စံချိန်ချိုးထားတဲ့ဟာပေါ့။ ဒါတွေက ရုရှားနိုင်ငံက ခရီးသွားလာချင်တဲ့ ဧည့်သည်များလာပြီး ကြည့်ရှုမယ်ဆိုရင်လည်း လေ့လာဖွယ်ရာကောင်းတဲ့ နေရာတစ်ခုလို့ ကျွန်တော်ပြောချင်ပါတယ်။

 

မေး။ မြန်မာနိုင်ငံတောင်ပိုင်းနဲ့ ပတ်သက်လို့ပြောသွားတာ ကျွန်တော် ကြားသိရပါတယ်၊ အဲဒီနေရာမှာ အဆွေတော်ရဲ့မွေးရပ်မြေ ထားဝယ်မြို့ ရှိတယ်လို့ သိရှိရပါတယ်။ ထားဝယ်မြို့အနေနဲ့ ဘယ်လိုမျိုး ထူးခြားမှုမျိုးရှိပါသလဲ၊ ဘယ်လိုမျိုးလှပ မှုမျိုးရှိပါသလဲ။

ဖြေ။ တောင်ပိုင်းဒေသမှာပေါ့၊ တောင်ပိုင်းဒေသမှာတော့ ကျွန်းတွေအများကြီး ရှိတယ်။ ကျွန်းတွေရဲ့သဘာဝအလှတွေ၊ ရေအောက် သဘာဝအလှတွေ အများကြီးရှိပါတယ်။ အဲဒါတွေ ကြည့်မယ်ဆို ကျွန်တော်တို့ ကြည့်လို့ရပါတယ်။ နောက်ပင်လယ်ကမ်းခြေပေါ့၊ ထားဝယ်ဒေသမှာဆို မောင်းမကန်ပင်လယ်ကမ်းခြေက နာမည်ကြီးပါတယ်။ နောက်တစ်ခါ အနာဂတ်အတွက် အမြော်အမြင် ရှိတာကတော့ ဘာလဲဆိုတော့ Deep Sea Port ပင်လယ်ရေနက်ဆိပ်ကမ်းတစ်ခု လုပ်လို့ရတဲ့ အနေအထားရှိတယ်။ အဲဒါကတော့ တန်ချိန်နှစ်သိန်းနဲ့အထက် သင်္ဘောတွေ၊ ကျွန်တော်တို့ ရပ်နိုင်တဲ့ဆိပ်ကမ်းတစ်ခု ကျွန်တော်တို့ လုပ်နေတာရှိပါတယ်။ အဲဒါလည်း ရုရှားနိုင်ငံနဲ့ ဆွေးနွေးဆောင်ရွက်လျက် ရှိပါတယ်။ ဒါကတော့ တောင်ပိုင်းဒေသမှာ တွေ့ရတာ၊ တစ် အချက်ကတော့ ကျွန်တော်တို့မှာ ကျွန်းတွေရှိတယ်။ နောက်တစ်ခါ ပင်လယ်ကမ်းခြေရှိတယ်။ နောက် အဲဒီမှာလည်း ပုလဲထုတ်လုပ်မှုလုပ်ငန်းတွေရှိတယ်။ ကမ္ဘာမှာ အကောင်းဆုံးဆိုတဲ့ပုလဲတွေ အဲဒီဒေသမှာထွက်တယ်။ နှစ်စဉ်နှစ်တိုင်းလည်း ကျွန်တော်တို့ ဒီပုလဲရောင်းချပွဲတွေ ကျွန်တော်တို့ လုပ်ပါတယ်။ ကမ္ဘာမှာ အကောင်းဆုံး ကျွန်တော် ပြောလို့ပြောတာမဟုတ်ဘူး။ ကျွန်တော်တို့ မြန်မာ နိုင်ငံကထွက်တဲ့ပုလဲကတော့ ကမ္ဘာမှာ အကောင်းဆုံး အဆင့်ရှိတဲ့ ပုလဲတွေ၊ သဘာဝပုလဲပေါ့။ မွေးပုလဲတွေ ကျွန်တော်တို့ရှိပါတယ်။ နောက်တစ်ခါ ရေအောက် သယံဇာတလုပ်ငန်းတွေအနေနဲ့ ကြည့်မယ် ဆိုလို့ရှိရင် ကျွန်တော်တို့ ကြည့်စရာတွေ အများကြီး ရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော် ခင်ဗျားကိုလည်း ကျွန်တော် Documentary တစ်ခု ကျွန်တော် ပေးလိုက်ပါမယ်။

 

မေး။   အခုလိုမျိုး အဆွေတော်ဝန်ကြီးချုပ်အနေနဲ့ နိုင်ငံရဲ့ခေါင်းဆောင်ဖြစ်တဲ့အတွက် အချိန်တွေ အများကြီးပေးပြီးတော့ နိုင်ငံရဲ့တာဝန်တွေကို ထမ်းဆောင်နေရတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း လူတိုင်းမှာတော့ အားလပ်ချိန်ဆိုတာ ရှိရမယ်လို့ယုံကြည်ပါတယ်။ ခုနကကျွန်တော်တို့ ဝင်ရောက်တွေ့ဆုံနှုတ်ဆက်စဉ် ကျွန်တော့်ကို လက်ဆွဲတဲ့အချိန်မှာ အဆွေတော်ရဲ့ အင်အားသန်မာမှုကို ကျွန်တော်ခံစားမိပါတယ်။ နောက်ပြီးတော့ အဆွေတော်ရဲ့ အားကစားဝတ်စုံနဲ့ ဓာတ်ပုံတွေလည်း ကျွန်တော်မြင်ဖူးပါတယ်။ ဒါကြောင့် ကျွန်တော်သိချင်တာက အဆွေတော်အနေနဲ့ အားလပ်ချိန်တွေမှာ ဘယ်လိုမျိုးအကျိုးရှိအောင် အသုံးချလဲ ဆိုတာ ပြောပြပေးစေလိုပါတယ်။

ဖြေ။    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရော၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရော တာဝန်ယူထားတဲ့အတွက်ကြောင့် အားလပ်ချိန်တော့ ကျွန်တော်နည်းတာတော့ အမှန်ပါပဲ။ သို့သော်လည်းပဲ ကျွန်တော်ကျန်းမာရေးတော့ ဂရုစိုက်ရတာပေါ့။ နေ့စဉ်နဲ့ဆိုရင်တော့ မနက်ပိုင်း ကျွန်တော် လမ်းလျှောက်တာ ကျွန်တော် လုပ်ပါတယ်။ အချိန်ပေးနိုင်တယ်ဆိုရင် ကျွန်တော် စနေ၊ တနင်္ဂနွေဆိုရင် ဂေါက်ရိုက်တယ်၊ ဂေါက်လည်း ကစားပါတယ်။ နောက်တစ်ခါ ကျွန်တော် စာဖတ် တာပေါ့။ စာဖတ်တယ်၊ ရတဲ့အချိန်လေးမှာ အကြောင်းအရာတစ်ခုရရ၊ နှစ်ခုရရ ကျွန်တော်ကြိုးစားပြီးတော့ ဖတ်ပါတယ်။ ၁၀ မိနစ်၊ ၁၅ မိနစ်၊ နာရီဝက်စသည်ဖြင့် ဒီလိုအချိန်လေးတွေယူပါတယ်။ နောက်တစ်ခုက ဘာလဲဆိုတော့ ကြည့်သင့်ကြည့်ထိုက်တဲ့ လေ့လာသင့်တဲ့ဟာတွေ ကျွန်တော်ကြည့်ပြီး မှတ်ချက်တွေ မှတ်တာပေါ့။ အဲဒါတွေနဲ့ ကျွန်တော့်ရဲ့ အသိပညာရအောင်လည်း ကြိုးစားတာတွေရှိပါတယ်။ ခုနက အားကစားမှာ လမ်းလျှောက်တာတို့၊ ဂေါက်ရိုက်တာတို့ ကျွန်တော်လုပ်ပါတယ်။ စိတ်လက်လန်းဆန်းမှု ကျွန်တော်တို့ ဖြစ်တာပေါ့။ နေ့စဉ်နဲ့အမျှတော့ ကျွန်တော် တတ်နိုင်သလောက် ကြိုးစားလုပ်ပါတယ်။ နောက်တစ်ခုကတော့ ရတဲ့အချိန်လေးမှာ မိသားစုနဲ့ ရအောင်တွေ့ဆုံပြီးတော့မှ နွေးထွေးတဲ့ဆက်ဆံမှုရအောင် အမြဲတမ်း ကြိုးစားတယ်။

 

မေး။   အဆွေတော်အနေနဲ့ ဒါမိသားစုနဲ့ နွေးနွေးထွေးထွေး အချိန်ပေးဆက်ဆံတယ်ဆိုတဲ့ အကြောင်းကို သိရပြီးတဲ့နောက်မှာ ကျွန်တော်တို့ နောက်ထပ်မေးခွန်းကတော့ အဆွေတော်ဟာ ခင်ပွန်းကောင်းတစ်ယောက်လည်းဖြစ်သလို ဖခင်ကောင်းတစ်ယောက်လည်း ဖြစ်တယ်လို့ သိရှိရပါတယ်။ မိမိရဲ့သားသမီးကို အဆွေတော်အနေနဲ့ ဘဝမှာဘယ်လိုသင်ခန်းစာတွေက အရေးကြီးလဲ၊ ဘယ်ဟာမျိုးတွေကို လက်ဆင့်ကမ်းအမွေပေးမလဲဆိုတာလေးကို အကျဉ်းချုံးရှင်းပြ ပေးစေလိုပါတယ်။

ဖြေ။    အရေးကြီးတာကတော့ ကလေးတွေ၊ မိသားစုတွေကိုပေါ့။ သားသမီးတွေကတော့ အသိပညာ၊ အတတ်ပညာရှိပြီးတော့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့လူတွေဖြစ်ဖို့ လိုတယ်။ ဒါသူ့ရဲ့ တစ်ဦးချင်းရဲ့ ကာရိုက်တာပေါ့။ နောက်တစ်ခုကတော့ စိတ်နေစိတ်ထားတွေပေါ့။ ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာရှိတယ်။ မကောင်းမှုရှောင် ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထားပေါ့။ ဒါလေး ကျွန်တော်တို့ ပြောကြတာပေါ့။ မကောင်းတဲ့ ဟာတွေမလုပ်နဲ့ ကောင်းတဲ့ဟာတွေလုပ်ပေါ့။ စိတ်ကို သန့်သန့်ရှင်းရှင်းထားပေါ့။ ဒါတွေ မိသားစုမှာ အမြဲတမ်းရှိအောင် ကျွန်တော့သားသမီးတွေပေါ့။ ဒါတွေ အမြဲတမ်းဆုံးမပေးတာလည်းရှိပါတယ်။ သူတို့ကတော့ ကျွန်တော်က နိုင်ငံ့ဝန်ထမ်းဖြစ်တဲ့ အတွက်ကြောင့်၊ တပ်မတော်သားဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့က နယ်တွေ သွားနေရတာတွေရှိတာပေါ့။ အပြင်သွားနေရတာရှိတာပေါ့။ မိသားစုနဲ့ အနီးကပ်နေဖို့ဆိုတာ အချိန်ကတော့ သိပ်တော့မရှိခဲ့ဘူး။ သူတို့ကတော့ ကိုယ့်ပညာကိုယ်ကြိုးစား၊ သို့သော် အမေကနေ ထိန်းပေးထားတာဆိုတော့ အမေက ထိန်းပေးထားတာရှိတယ်။ နောက်တစ်ခုကတော့ ရိုးရိုးသားသား လုပ်ကိုင်စားသောက်ခြင်းပေါ့။ ဒီစိတ်ဓာတ်ကို ကျွန်တော်ကလုပ်ထားတယ်။ နောက်တစ်ခုကတော့ သူတို့ရဲ့အသိပညာဆိုတာလည်း အတွေ့အကြုံကနေရတာ၊ အတွေ့အကြုံ ကနေပြီး အသိပညာပိုရှိအောင် လုပ်ကြတာပေါ့။ သူများ အတွေ့အကြုံကို ရအောင်ယူရတာလည်း ရှိတာပေါ့။ ကိုယ့်အတွေ့အကြုံတင်မဟုတ်ဘဲ မိဘ အတွေ့အကြုံနဲ့ မရသေးဘူး။ မိဘပြောတဲ့အတွေ့ အကြုံနဲ့ မရဘူး။ သူတို့ကနေ သူတို့ဆက်ဆံရတဲ့ လူတွေကနေပြီးတော့ အတွေ့အကြုံတွေရှိတယ်။ ဒါတွေကိုထိတွေ့ဆက်ဆံခြင်းအားဖြင့်၊ လေ့လာခြင်း အားဖြင့် ရတဲ့အတွေ့အကြုံ၊ သူတို့ရဲ့ဘဝ တိုးတက်ဖို့ အတွက် အသုံးချနိုင်ဖို့အတွက် ဒါအမြဲတမ်းသူတို့ကိုလည်း ကျွန်တော်ပြောတာပေါ့။ သူတို့ ဒါတွေနဲ့ ထိန်းသိမ်း ဆောင်ရွက်လျက်ရှိတာကိုလည်း ကျွန်တော်တွေ့ပါတယ်။

 

မေး။   ခုနက အဆွေတော် ဗုဒ္ဓနဲ့ပတ်သက်တဲ့အကြောင်းကို ပြောသွားတဲ့အတွက် ကျွန်တော် ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီးတော့ မေးခွန်းမေးချင်ပါတယ်။ ကျွန်တော်သိသလောက်တော့ မြန်မာနိုင်ငံမှာနေထိုင်တဲ့ လူအများစုက ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပါတယ်။ အဲဒီလိုပဲ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာရဲ့သာသနာတော်ဟာ စည်ပင်ထွန်းကား နေတာကို တွေ့ရှိရပါတယ်။ အခု ကျွန်တော်တို့ ရန်ကုန်မြို့မှာရှိတဲ့ အထင်ကရဖြစ်တဲ့ ရွှေတိဂုံစေတီ တော်ကြီးဟာ ဗုဒ္ဓဘာသာတွေရဲ့ အထွတ်အမြတ်ထားတဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။ ရွှေတိဂုံစေတီတော်ကြီးကို အခေါက်ပေါင်းများစွာ သွားပြီးတော့ ကျွန်တော်ကိုယ်တိုင်လည်း ဖူးမြော်ကြည်ညိုပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်သိချင်တာ ကတော့ အဆွေတော်ရဲ့ ဗုဒ္ဓဘာသာအပေါ်ထားတဲ့ စိတ်နေစိတ်ထားနဲ့ ခံယူချက်ကို အနည်းငယ်ရှင်းပြ ပေးစေလိုပါတယ်။

ဖြေ။    ကမ္ဘာမှာတော့ ကိုးကွယ်တဲ့ဘာသာတွေ အများကြီးရှိပါတယ်။ ဗုဒ္ဓဘာသာအပြင် ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ စသည်ဖြင့်ရှိတာပေါ့။ ဒီကိုးကွယ်ရာ ဘာသာအလိုက် တူညီတဲ့ အကြောင်းအရာအချက်တွေမှာလည်း တည်ငြိမ်အေးချမ်း၊ ငြိမ်းချမ်းရေးပေါ့။ တည်ငြိမ်အေးချမ်းရေး၊ ငြိမ်းချမ်းရေးကိုပဲ ဦးတည်ပြီးသွား ကြတာတွေ့တယ်။ သို့သော် ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာ ဘုရားဟောတဲ့ တရားထဲမှာတော့ ထူးခြားတာတစ်ခု ရှိတယ်။ အဲဒါကတော့ ဓမ္မနဲ့ပတ်သက်ပြီး ပြောပြ တာရှိပါတယ်။ ဓမ္မ-ဓမ္မဆိုတာကတော့ သီလ၊ သမာဓိ၊ ပညာလို့ ကျွန်တော်တို့ပြောတာပေါ့။ တခြားဘာသာတွေမှာ ကျွန်တော်တို့မတွေ့ဘူး။ သို့သော် မြတ်စွာ ဘုရားဟောတဲ့အထဲမှာ ဓမ္မဆိုတဲ့ တရားလေးတစ်ခု ရှိတယ်။ တစ် အချက်ကတော့ သီလဆိုတာတော့ ကိုယ်/နှုတ်ပေါ့။ ကိုယ်နဲ့နှုတ်နဲ့၊ နှုတ်ကနေကြမ်းတမ်း တဲ့စကားပြောတာတို့၊ အမူအယာအားဖြင့် လုပ်တာတွေကို ကျွန်တော်တို့မလုပ်ဖို့ မြတ်စွာဘုရားကနေပြီး တော့ သီလနဲ့နေကြဖို့ဆိုတာ ကျွန်တော်တို့ပြောတာပါ။ သမာဓိ-သမာဓိဆိုတာ စိတ်နဲ့ပတ်သက်တာ၊ ကောင်းတဲ့စိတ်ကိုမွေးတာ၊ မကောင်းတဲ့အကြံအစည် ဘာမှမလုပ်နဲ့၊ ကောင်းတဲ့အကြံအစည် ပဲလုပ်ပြီး စိတ်ကိုဖြူစင်တဲ့စိတ်ကိုထားပေါ့။ သီလ၊ သမာဓိရယ် မြတ်စွာဘုရားကဟောခဲ့တာပေါ့။ ပညာ နဲ့ပတ်သက်လို့ ပညာဆိုတာကတော့ နက်ရှိုင်းစွာသိအောင် ဆောင်ရွက်ခြင်းပါပဲ။ နက်ရှိုင်းစွာသိတဲ့ သူတွေက ပညာရှင်တွေဖြစ်ကြတယ်။ ပညာတတ်တယ်ဆိုတာ ပညာတတ်တဲ့ အတိမ်အနက်အပေါ် မူတည်ပြီးတော့ သူသည် ပညာရှင်အဆင့်ထိ ဖြစ်လာကြတာ။ ဒါ့ကြောင့် ဒီသုံးချက်ကတော့ ဗုဒ္ဓဘာသာ- ဗုဒ္ဓမြတ်စွာဘုရားရဲ့ ထူးခြားတဲ့တရားတော်ထဲမှာ ပါတာပေါ့။ ဒါကြောင့် ဒီအဆုံးအမတွေကတော့ ကျွန်တော်ထင်တယ်။ ဘယ်လူမျိုးမဆိုပေါ့၊ လိုက်နာ သင့်တဲ့တရားလို့ ကျွန်တော်တော့ယူဆပါတယ်။ ဒါကြောင့် ဒီထူးခြားတာလေးကတော့ ဗုဒ္ဓဘာသာ အပိုင်းက ကျွန်တော်တို့အနေနဲ့ကတော့ တန်ဖိုး အင်မတန်ထားပါတယ်။ ဗုဒ္ဓဟောတဲ့အထဲမှာ အမြင့်ဆုံးလို့ ကျွန်တော်တို့ ယူဆပါတယ်။

 

မေး။   အခုလိုမျိုး ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး ရှင်းပြပေးတဲ့အတွက် အများကြီးကျေးဇူး တင်ပါတယ်။ အခုဆိုရင် ကျွန်တော်မသိသေးတဲ့ အကြောင်းအရာတွေ သိရှိသွားတဲ့အတွက် ကျေးဇူး တင်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ အင်တာဗျူး အစီအစဉ်ရဲ့ အမည်ကတော့ Formula of Power ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လွန်ခဲ့တဲ့ ၂၅ နှစ် ကနေ နိုင်ငံတိုင်းမှာရှိတဲ့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ အဓိကကျတဲ့ သံဃာတွေ ၊ ဘုန်းကြီးတွေနဲ့ပတ်သက်ပြီး အင်တာဗျူးတွေ အများကြီးလုပ်ခဲ့ပါတယ်။ လုပ်ခဲ့တဲ့ အင်တာဗျူးပေါင်းကလည်း ၄၀၀ ကျော်ဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ အစဉ်အလာအရ မေးခွန်းအနေနဲ့ မေးချင်တာကတော့ အဆွေတော်ဝန်ကြီးချုပ် Power ကို ဘယ်လိုမျိုး အဓိပ္ပာယ်ဖွင့်ပါသလဲ။ Power နဲ့ ပတ်သက်ပြီး အဆွေတော်ဝန်ကြီးချုပ်ရဲ့ အမြင် သိချင်ပါတယ်။

 

ဖြေ။    Power ဆိုတာက အင်အားတစ်ခုကို တည်ဆောက်တာ၊ အင်အားတစ်ခုရှိ အောင်လုပ်တာပေါ့။ ဟိုးရှေးခေတ်ကတည်းက ကြည့်လို့ရှိရင်လည်း အင်အားနည်းတဲ့သူတွေက တစ်ဖက်လူကို လာလွှမ်းမိုးနိုင်အောင် အင်အားတည်ဆောက်ရင်း တည်ဆောက်ရင်းနဲ့ တစ်ဦးချင်း ကနေ အုပ်စုလိုက်တွေ၊ အုပ်စုလိုက်ကနေပြီးတော့ နိုင်ငံအလိုက်တွေ၊ ဒေသလိုက်တွေ ဒီလိုဖြစ်လာခဲ့တာတွေရှိတယ်။ ဒါကတော့ အင်အားတည်ဆောက်ခြင်းရဲ့အပိုင်းပဲ။ အင်အားမှာလည်း ကျွန်တော့်အမြင်လေး တစ်ခုရှိတယ်။ အဲဒါ အင်အားဆိုတာမှာ ဘယ်ဟာကို အင်အားလို့ ကျွန်တော်တို့ပြောတာလဲ။ နိုင်ငံရေး အင်အားလား၊ စီးပွားရေးအင်အားလား၊ ဒါမှမဟုတ်လို့ရှိရင် သူ့ရဲ့ကာကွယ်ရေးအင်အားလား စွမ်းအားတွေပေါ့။ အင်အား - စွမ်းအား အတူတူပါပဲ။ နိုင်ငံရေး အင်အားဆိုတာကတော့ အတွင်းထဲမှာရှိတဲ့ အားတွေကို ကျွန်တော်တို့ ဆိုလိုတာပေါ့။ နိုင်ငံ အားကောင်းရင်အဲဒီတိုင်းပြည်ကတော့ စည်းလုံးညီညွတ်တဲ့ တိုင်းပြည် အင်အားခိုင်မာမှု ရှိတယ်ဆိုတာ ဖော်ပြတယ်။ နိုင်ငံရေးအား၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ နိုင်ငံရေးသဘောထားတွေ တူညီမှုရှိမှာ မဟုတ်တဲ့ အတွက်ကြောင့် အပြည့်အဝတော့ရမှာမဟုတ်ဘူး။ သို့သော်ပြည်တွင်းမှာဆို နိုင်ငံရဲ့အင်အားက တူညီတဲ့ သဘောထားရှိတဲ့အတွက် နိုင်ငံရေးအင်အား တောင့်တင်းမှုတွေရှိတယ်။ နောက်တစ်ခုကတော့ စီးပွားရေး၊ စီးပွားရေးအားကောင်းတယ်ဆိုရင် သူကတော့ ချမ်းသာတယ်လို့ ပြောကြတယ်။ ချမ်းသာလို့ရှိရင်တော့ သူ့ရဲ့ တစ်ဦးချင်းမှာလည်း ချမ်းသာတယ်လို့ဆိုရင် သူ့ရဲ့ Power ကိုရအောင် သူအသုံးချနိုင်တယ်။ ငွေကြေးအသုံးချနိုင်တာရှိတယ်။ ဒေသတွင်းဆို ဒေသတွင်းအလျောက်၊ နိုင်ငံဆို နိုင်ငံအလျောက်ပေါ့။ နိုင်ငံတစ်နိုင်ငံကလည်း ငွေကြေး ချမ်းသာတယ်ဆိုလို့ရှိရင် သူ့ရဲ့အင်အားကို အသုံးချနိုင်တာ ကျွန်တော်တွေ့တယ်။ ဒီလိုပဲ ကာကွယ်ရေး အင်အားဆိုလို့ရှိရင် စစ်ရေးအင်အားတောင့်တင်းလို့ရှိရင် ဥပမာအားဖြင့် အဖွဲ့အစည်းတစ်ခုက လက်နက်၊ ခဲယမ်းမီးကျောက်အင်အား တောင့်တင်းတယ်ဆိုရင် ကျန်တဲ့အဖွဲ့တွေက သူ့ကိုမထိရဲဘူး၊ မလုပ်ရဲဘူး ဒါကသဘာဝပဲ။ အဲဒီတော့ နိုင်ငံတစ်ခုကလည်း ကာကွယ်ရေးအင်အား၊ စွမ်းအားတောင့်နေလို့ရှိရင် ဒေသတွင်းမှာတော့ သူသည် အာဏာ ရှိတယ်။ ကမ္ဘာမှာကြည့်လိုက်ပါ။ ကမ္ဘာမှာကြည့်လို့ရှိရင် ငွေကြေးချမ်းသာတဲ့ တိုင်းပြည်တွေဟာလည်း ငွေကြေးအင်အား နည်းပါးတဲ့တိုင်းပြည်တွေကို ဩဇာလွှမ်းမိုးမှုရှိတယ်။ ဒီလိုပဲ စစ်ရေးအင်အား တောင့်တင်းတဲ့တိုင်းပြည်တွေကလည်း စစ်ရေး အင်အားနဲ့ တခြားနိုင်ငံတွေကို ဖိအားပေးနိုင်တယ်။ ဒါကြောင့် ဒါဒီသုံးခုကတော့ ကျွန်တော်တို့အနေနဲ့ ဒီအားသုံးခုကို အားနဲ့ပတ်သက်ပြီးတော့ ထည့်သွင်း စဉ်းစားရမယ့်အချက်တွေ ဖြစ်တယ်လို့ ကျွန်တော်ယူဆပါတယ်။ ဒါ့ကြောင့် နိုင်ငံတစ်ခုအင်အားရှိချင်ရင် လူတစ်ယောက် အားရှိပြီဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် အားရှိအောင် လုပ်ဖို့၊ ကိုယ့်အားကဘာလဲ၊ ကိုယ့်အားကို ဘယ်လိုလုပ်မလဲ၊ ဘယ်လိုတည်ဆောက်မလဲ ဒီလိုသွားရမှာ ဖြစ်တယ်။

 

(ရုရှား)

ကျေးဇူးအများကြီးတင်ပါတယ်။ အခုလိုမျိုး ဆွေးနွေးပေးတဲ့အတွက်၊ အခုလိုမျိုး ဖြေကြားပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။

 

(ဝန်ကြီးချုပ်)

ကောင်းပါပြီ ကောင်းပါပြီ။

mdn