နေပြည်တော်၊ မေ ၁၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများအား ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေး နွေးပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့် မြင့်တပ်မတော်အရာရှိကြီးများ၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအား တင်ပြဆွေးနွေး
ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်ဆိုင်ရာ အချက်အလက်များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ဘဏ္ဍာရေးနှစ်အလိုက် ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မှုနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှတဆင့် ပို့ကုန်များ တင်ပို့နိုင်မှု၊ ဒေသတွင်း ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေးတို့အပါအဝင် ကဏ္ဍအသီးသီး၌ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျိုင်းတုံဒေသသို့ လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းပြေးဆွဲပေးစေလိုမှု၊ ကျိုင်းတုံဒေသတွင် အစိုးရနည်းပညာ အထက်တန်းကျောင်းအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှုနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လိုအပ်ချက်များကို အသီးသီးတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်တို့က ရှမ်းပြည်နယ် (အရှေ့ပိုင်း) သို့ လေကြောင်းလိုင်းများ ပြေးဆွဲလျက်ရှိမှုနှင့် လိုအပ်ချက်အပေါ်မူတည်၍ ထပ်မံတိုးချဲ့ပြေးဆွဲနိုင်ရေး ဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ အစိုးရနည်းပညာ အထက်တန်းကျောင်းအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှုနှင့် ပတ်သက်၍ စိစစ်တွက်ချက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများသို့ တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေအနေများနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
တရားဥပဒေစိုးမိုးရေးနှင့် တရားမဝင်လုပ်ငန်းများ ဆောင်ရွက်မှုမရှိစေရေး
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသသည် ယခင်က မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ နာမည်ထွက်ပေါ်ခဲ့ကြောင်း၊ မိမိတို့ဒေသအတွင်း မူးယစ်ဆေးဝါးအပါအဝင် တရားမဝင်လုပ်ငန်းများ ဆောင်ရွက်မှုမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့အနေဖြင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ နှစ်ပေါင်းများစွာ တိုက်ဖျက်တားဆီးခဲ့ကြပြီး အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ တရားဥပဒေစိုးမိုးမှုအားနည်းခြင်းနှင့် နယ်မြေဒေသ မတည်မငြိမ်မှုများကြောင့် မူးယစ်ဆေးဝါးထုတ်လုပ်မှုများနှင့် ရောင်းဝယ်မှုများသည် အမြစ်ပြတ် ပပျောက်မှု မရှိခဲ့ကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ ရောင်းဝယ်မှုများ မရှိစေရေး တားဆီးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အလားတူ အွန်လိုင်း လောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများကိုလည်း မိမိတို့အနေဖြင့် ထိထိရောက်ရောက် တိုက်ဖျက်ဆောင်ရွက်လျက်ရှိသကဲ့သို့ ဒေသခံများအနေဖြင့်လည်း ဝိုင်းဝန်းတိုက်ဖျက် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ဒေသထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး
စီးပွားရေးနှင့်ပတ်သက်၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း) အနေဖြင့် ထုတ်ကုန်ပစ္စည်းများရရှိစေရေး မိမိအနေဖြင့် တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း၊ ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ထုတ်ကုန် ပစ္စည်းများ ရရှိအောင်ဆောင်ရွက်၍ အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့နိုင်မည်ဆိုပါက ဒေသဝင်ငွေ တိုးပွားလာပြီး လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ ဒေသတွင်း အောင်မြင်ဖြစ်ထွန်းသည့် စိုက်ပျိုးသီးနှံများကို ခေတ်မီနည်းစနစ်များအသုံးပြု စိုက်ပျိုး၍ ဈေးကွက်ဝင်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများအတွက် လိုအပ်သည့်အောင်ရေနှင့် သွင်းအားစုများ ပြည့်မီစွာ ရရှိရေးအတွက်လည်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသသည် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်မည့် အခြေအနေများကို ပိုင်ဆိုင်ထားပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသတွင်း၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ရန်လိုပြီး စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အားပေး လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။
လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာရေး
ကုန်ထုတ်လုပ်မှု လုပ်ငန်းများဆောင်ရွက်ရာတွင် မိရိုးဖလာဖြင့် ဆောင်ရွက်ခြင်းထက် ခေတ်နှင့် လျော်ညီသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေး အတွက် အသိပညာ၊ အတတ်ပညာ ကြွယ်ဝသည့် လူသားအရင်းအမြစ်ကောင်းများ လိုအပ်သဖြင့် ပညာရေး အားပေးဆောင်ရွက်ကြစေလိုကြောင်း၊ ကျိုင်းတုံဒေသတွင် အဆင့်မြင့်ပညာများ သင်ကြားနိုင်ရေး နိုင်ငံတော်မှဆောင်ရွက်ပေးထားပြီးဖြစ်သဖြင့် အကျိုးရှိရှိ အသုံးချနိုင်ရန် လိုကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) သည် ပညာရေးနှင့်ပတ်သက်၍ အားနည်းသည့် ဒေသတစ်ခုဖြစ်ပြီး ယခင်ကတည်းကပင် အားပေးဆောင်ရွက်နေရသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ပညာရေးကို အလေးထားသင်ယူကြရန်လိုအပ်မည် ဖြစ်ကြောင်း၊ မိဘများမှလည်း ပညာရေးကို အားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုပညာကျွမ်းကျင်သည့် လူသားအရင်း အမြစ်များ ရရှိရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများကို ဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုမှတစ်ဆင့် အဆင့်မြင့်ပညာရပ်များ ဆက်လက်သင်ယူသွားနိုင်ရေး သိပ္ပံများ၊ ကောလိပ်များနှင့် တက္ကသိုလ်များကို တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မှ ကျန်းမာရေး၊ အိုင်တီ၊ အင်ဂျင်နီယာ ပညာရှင်များ မွေးထုတ်ပေးနိုင်ရန်လိုကြောင်း၊ ကျောင်းမှသင်ကြားပေးသည့် ပညာရပ်များသာမက အခြားအသိပညာဗဟုသုတများ ရရှိစေရေးအတွက်လည်း စာကောင်းပေမွန်များ ဖတ်မှတ်လေ့လာကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက်လည်း နိုင်ငံတော်အနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများနှင့် စာကြည့်တိုက်များ တိုးချဲ့ပေးနိုင်ရေး၊ စာအုပ်စာစောင်များရရှိရေး၊ စာကြည့်တိုက် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း။
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသ၌ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျိုင်းတုံလေဆိပ်နှင့် တာချီလိတ် လေဆိပ်တို့ကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အိမ်နီးနားချင်းနိုင်ငံများမှ လေကြောင်းခရီးစဉ်ဖြင့် ပြည်ပခရီးသွားများ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း၊ ကျိုင်းတုံဒေသသည် ခရီးသွားလုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်နိုင်မည့် ရေမြေတောတောင်သဘာဝနှင့် ရှေးဟောင်း အမွေအနှစ်များစွာကို ပိုင်ဆိုင်ထားရှိပြီးဖြစ်သဖြင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့ဒေသသို့ ပြည်တွင်း၊ ပြည်ပမှ ခရီးသွားများလာရောက်ခြင်းဖြင့် ဒေသတွင်း ငွေကြေးလည်ပတ်မှုကို ပိုမိုဖြစ်ပေါ်စေမည်ဖြစ်ပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သဖြင့် ဒေသသာယာလှပရေး၊ တည်းခိုရန်နေရာများ၊ စားသောက်ဖွယ်ရာများ၊ ဒေသထွက် အစားအသောက်များကို အဆင့်မီစွာဖြင့် ဝန်ဆောင်မှုပေးနိုင်ရေး ဒေသတွင် နေထိုင်ကြသည့် ဒေသခံများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများအတူတကွ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း။
တည်ငြိမ်အေးချမ်းမှုရှိမှသာ ဒေသဖွံ့ဖြိုးတိုးတက်မည်
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ကို ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အင်တိုက် အားတိုက်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့်လည်း မိမိတို့ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေးကို တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းမှုရှိရန် မဖြစ်မနေ လိုအပ်မည်ဖြစ်သဖြင့် ဒေသခံများအနေဖြင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဒေသတွင်ရှိသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ ဒေသခံများအားလုံး တက်ညီလက်ညီဖြင့် ဝိုင်းဝန်းကြိုးပမ်းကြမည်ဆိုပါက ဒေသအလိုက် တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ထိုမှတစ်ဆင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည့်အတွက် အားလုံးကဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ကျိုင်းတုံမြို့ရှိ မြို့မိ၊ မြို့ဖများအား တြိဂံဒေသ တိုင်းစစ်ဌာနချုပ်၊ ရွှေတြိဂံဧည့်ရိပ်သာ၌ ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများနှင့်ပတ်သက်၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် မြို့မိမြို့ဖများအား မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးပုံစံတူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်များနှင့် စားသောက်ဖွယ်ရာများကို တစ်ဦးချင်းပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


