နေပြည်တော်၊ ဇွန် ၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ပထမအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ Naypyitaw State Academy ပရိဝုဏ်အတွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ခရေပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ Naypyitaw State Academy မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ကထိက ဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အမှာစကားပြောကြားရာတွင် ယနေ့မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို နေပြည်တော်တွင် စဉ်းစားတွေးခေါ် ဖန်တီးမှုကို အားပေးသော၊ အရည်အသွေးပြည့်ဝသည့် သင်ကြားသင်ယူလေ့ကျင့်မှုများမှတစ်ဆင့် အသုံးချ သုတေသနနှင့် တီထွင်ဆန်းသစ်မှုကို မြှင့်တင်ပေးနိုင်မည့် အဆင့်မြင့်ပညာရပ်များသင်ယူရာ တက္ကသိုလ် တစ်ခုကို တည်ထောင်ဖွင့်လှစ်ရန်ဟူသည့် ရည်မှန်းချက်ဖြင့် ဖွင့်လှစ်ခဲ့သည့် Naypyitaw State Academy ပရိဝုဏ်အတွင်း၌ ကျင်းပခြင်းဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပစေရေး၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာဆရာမများ အေးချမ်းပျော်ရွှင်စွာ အပန်းဖြေနိုင်စေရေး၊ ရာသီဥတု သာယာမျှတ စေရေး၊ သစ်ပင်သစ်တော စိုက်ပျိုးပြုစုထိန်းသိမ်းရေးတွင် ပိုမိုတက်ကြွစွာ ပူးပေါင်း ပါဝင်လာ စေရေး စသည့်ရည်ရွယ်ချက်များနှင့် ယခုသစ်ပင်စိုက်ပွဲတော်ကို ကျင်းပခြင်း ဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ်မှစတင်ပြီး နှစ်စဉ်သစ်ပင်စိုက်ပွဲများ ကျင်းပလာခဲ့သည်မှာ ယခုအခါ နေပြည်တော်တွင် သစ်ပင် စိုက်ပျိုးပွဲ ၈ ကြိမ်၊ ပျိုးပင်ပေါင်း ၁၂၄၅၅ ပင်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစု များက သစ်ပင်စိုက်ပျိုးပွဲ ၈ ကြိမ် ပျိုးပင်ပေါင်း ၃၀၁၅၄ ပင်ကို အောင်မြင်စွာ စိုက်ပျိုး နိုင်ခဲ့ကြောင်း၊ နိုင်ငံနှင့်အဝန်း မိုးကြိုနှင့်မိုးရာသီသစ်ပင်စိုက်ပွဲပေါင်း ၁၁၄၇ ပွဲ၊ ပျိုးပင် ပေါင်း ၇၇၅၁၉၂ ပင်ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ သစ်ပင်သစ်တောများ၏ အကျိုး ကျေးဇူးကို သိရှိနားလည်ပြီး ပြည်သူများအားလုံး ပူးပေါင်းပါဝင်စေရန် ရည်ရွယ်ပြီး ယခုကဲ့သို့ ဦးဆောင်စိုက်ပျိုးခဲ့ခြင်း ဖြစ်ကြောင်း။
ယခုကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲတော်တွင် သစ်မျိုး ၆ မျိုး၊ အပင် ၁၀၃၀ ပင် စိုက်ပျိုးသွားမည်ဖြစ် ကြောင်း၊ တက္ကသိုလ်ပရိဝုဏ်နှင့် လိုက်ဖက်မည့် ကံ့ကော်၊ ခရေ၊ စိန်ပန်း၊ ပိတောက် သစ်မျိုးများကို အစီအစဉ်တကျ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း။
ယခုနှစ် မိုးရာသီတွင် နိုင်ငံပိုင်သစ်တောစိုက်ခင်းများ အပါအဝင် တစ်နိုင်ငံလုံး သစ်ပင်ပေါင်း ၂၂ ဒသမ ၃၃၂ သန်း စိုက်ပျိုး တည်ထောင်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ကျေးရွာ၊ မြို့ပြပတ်ဝန်းကျင်နေရာ အသီးသီးတွင် လည်း ဒေသအလိုက်သင့်တော်သည့် အရိပ်ရပင်များ၊ လေကာပင်များကို စဉ်ဆက်မပြတ် စိုက်ပျိုးရန်၊ သစ်ပင်သစ်တောများ ထိန်းသိမ်းရန်၊ မြစ်၊ ချောင်းတစ်လျှောက် သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းရန်၊ ဒီရေတောအပင်များ စိုက်ပျိုးတည်ထောင်ရန်စသည့် သစ်ပင်သစ်တော စိုက်ပျိုးထိန်းသိမ်းရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြာင်း၊ အာဆီယံလမ်းမကြီး များ ဘေးဝဲယာ၊ အမြန်လမ်းမကြီး ဘေးဝဲယာနှင့် ရထားလမ်းများ ဘေးဝဲယာများတွင် လည်းသစ်ပင်များစဉ်ဆက်မပြတ် စိုက်ပျိုးပြုစုထိန်း သိမ်းကြရမည်ဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ပြည်သူအားလုံး ပူးပေါင်းဆောင်ရွက်မှု မဖြစ်မနေလိုအပ်သည့်အတွက် အတူတကွ ပါဝင်ဆောင်ရွက်ကြရန် အလေးထား မှာကြားလိုကြောင်း။
ယခုကဲ့သို့ သစ်ပင်များစိုက်ပျိုးကြရာတွင် တစ်ပင်စိုက် တစ်ပင်ရှင်သန်အောင်မြင် ဖြစ်ထွန်းစေရန်အတွက် သန်စွမ်းသည့် ပျိုးသက် ၂ နှစ်၊ အမြင့် ၂ ပေအထက် ပျိုးပင် များကို စိုက်ပျိုးကြရမည်ဖြစ်ကြောင်း၊ ထိုသို့ ပျိုးပင်များရရှိရန်အတွက် မျိုးကောင်း မျိုးသန့်အပင်များမှ အပင်ပေါက်ရောက် အောင်မြင်ရှင်သန်နိုင်မည့် သစ်စေ့များ ကြိုတင် စုဆောင်းခြင်းနှင့် ပျိုးထောင်ခြင်းလုပ်ငန်းများကို အချိန်ယူကြိုတင်ပြင်ဆင်ပြီး အလေး ထားဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပျိုးပင်အဖြစ် ၂ နှစ်တာ ရှင်သန်ဖြစ်ထွန်းလာသည့် အပင်သည် ဆက်လက်ရှင်သန်ကြီးထွားရန် စနစ်တကျဆောင်ရွက်သွားပါက မဖြစ်စရာမရှိကြောင်း။
စိုက်ပျိုးပင်များ ရှင်သန်အောင်မြင်စေရန်အတွက် နေရာဒေသနှင့် ကိုက်ညီမည့် သစ်မျိုးမှန်ကန်စွာရွေးချယ်မှု၊ စနစ်တကျ မြေပြုပြင်မှု၊ ရေနှင့်မြေ အစိုဓာတ်ရရှိမှု၊ စိုက်မည့်ကျင်းအရွယ်အစား မှန်ကန်မှု၊ ပန္နက်အကွာ အဝေးနှင့် စိုက်ပျိုးနည်းစနစ် မှန်ကန်မှုရှိစေရေးတို့ကို အထူးအလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြေဆီ အာဟာရ ပြည့်ဝစေရန်အတွက်လည်း လိုအပ်သည့်သွင်းအားစုများကို ထည့်သွင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဆိုလိုသည်မှာဂရုတစိုက် စနစ်တကျစိုက်ပျိုးရန်ဖြစ်ကြောင်း။
၂၀၂၀ ပြည့်နှစ်၊ ကုလသမဂ္ဂစားရေရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၏ အစီရင် ခံစာအရ ကမ္ဘာ့သစ်တော ဖုံးလွှမ်းမှုသည် ကမ္ဘာ့မြေမျက်နှာပြင်၏ သုံးပုံတစ်ပုံဖြစ်သည့် ဧက ၁၀ ဒသမ ဝ၃ ဘီလီယံ နီးပါးရှိကြောင်း၊ သို့သော် ၁၉၉၀ မှ ၂၀ဝ၀ ပြည့်နှစ်အတွင်း တစ်နှစ်လျှင် ဧက ၁၉ ဒသမ၂၇ သန်း၊ ၂၀ဝ၀ မှ ၂၀၁၀ ပြည့်နှစ် အတွင်း တစ်နှစ်လျှင် ဧက ၁၂ ဒသမ ၈၅ သန်းနှင့် ၂၀၁၀ မှ ၂၀၂၀ ပြည့်နှစ်အတွင်း တစ်နှစ်လျှင် ဧက ၁၁ ဒသမ ၆၁ သန်း လျော့နည်း ကျဆင်းသွားသည်ကို လေ့လာသိရှိရကြောင်း။
အာဆီယံဒေသ၏ သစ်တောဖုံးလွှမ်းမှု ပမာဏအနေဖြင့် ဧက ၅၂၈ ဒသမ ၇၉ သန်းကျော်ရှိခဲ့ပြီး ၁၉၉၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ နှစ်ပေါင်း ၃၀ အတွင်း စုစု ပေါင်း သစ်တောများ၏ ခြောက်ပုံတစ်ပုံခန့် ဧက ၉၂ ဒသမ ၉၁ သန်း ပြုန်းတီး လျော့နည်းခဲ့သည်ကို လေ့လာသိရှိရကြောင်း။
အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း၌ မြန်မာနိုင်ငံသည် သစ်တောဧရိယာ ဒုတိယ အများဆုံးပိုင်ဆိုင်သည့် နိုင်ငံဖြစ်ပြီး ကုလသမဂ္ဂစားရေရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့၏ ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာအရ သစ်တော ဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိကြောင်း၊ သစ်တောပြုန်းတီးမှုနှုန်း အနေဖြင့် ကြည့်ပါက ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အတွင်း နှစ်စဉ် ၁ ဒသမ ၇ ရာခိုင်နှုန်းပြုန်းတီးခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ် မှ ၂၀၂၀ ပြည့်နှစ်အတွင်း နှစ်စဉ် ဝ ဒသမ ၉ ရာခိုင်နှုန်းသာ ပြုန်းတီးခဲ့သည်ကို တွေ့ရသည့်အတွက် သစ်တောပြုန်းတီးမှုကို လျော့နည်းအောင် ထိန်းသိမ်းနိုင်ခဲ့ခြင်းကို တွေ့ရှိရကြောင်း။
ယခုအခါ ၂၀၂၅ ခုနှစ် သစ်တောသယံဇာတ ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာ ထုတ်ပြန်နိုင်ရန် ပြင်ဆင် ဆောင်ရွက်လျက်ရှိရာတွင် ပဏာမလေ့လာ ဆန်းစစ်မှုများအရ ပင်လယ်ကမ်းရိုးတန်းဒေသများတွင် ပေါက်ရောက်သည့် ဒီရေတောဧရိယာသည် ၂၀၂၀ ပြည့်နှစ်မှာ ဧက ၁ ဒသမ ဝ၇ သန်း၊ နိုင်ငံဧရိယာ၏ ဝ ဒသမ ၆၄ ရာခိုင်နှုန်းရှိခဲ့ ပြီး ယခုအခါတွင် ဧက ၁ ဒသမ ၁၃ သန်း နိုင်ငံဧရိယာ၏ ဝ ဒသမ ၆၇ ရာခိုင်နှုန်းထိ တိုးတက်လာသည်ကို အားတက်ဖွယ် တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်းနှင့် မပျက်စီးအောင် ထိန်းသိမ်းကာကွယ်စောင့် ရှောက်နိုင်ခြင်း၏ အကျိုးရလဒ်များပင် ဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူခဲ့သည့် ၃ နှစ်ကျော်ကာလအတွင်း ကြိုးပြင်ကာကွယ်တော ၄၁ ခု၊ ဧရိယာဧက ငါးသိန်းခြောက်သောင်းကျော် (၅၆၀၇၉၇ ဒသမ ၅၇ ဧက)နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ ၁၄ ခု၊ ဧရိယာဧက ငါးသိန်းကိုး သောင်းကျော် (၅၉၀ဝ၁၅ ဒသမ ၁၃ ဧက)၊ စုစုပေါင်း ဧရိယာဧက ၁ ဒဿမ ၁၅ သန်း ကျော်(၁၁၅၀၈၁၂ ဒသမ ၇ ဧက)ကို တည်ထောင်ဖွဲ့စည်းနိုင်ခဲ့ပြီး သစ်တောထိန်းသိမ် ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ခဲ့ကြောင်း။
မြန်မာနိုင်ငံသည့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု အကျိုးဆက်များကြောင့် ထိခိုက်နိုင်ခြေမြင့်မားသည့် နိုင်ငံများ စာရင်းတွင် ပါဝင်နေကြောင်း၊ ၂၀၂၄ ခုနှစ် နွေရာသီတွင် အယ်နီညိုဖြစ်စဉ်ကြုံတွေ့ရပြီး အကျိုးဆက် အနေဖြင့် မိုးရွာသွန်းမှုပုံစံများ ပြောင်းလဲ ခြင်း၊ နေ့အပူချိန်မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်နိုင်ခြင်း၊ မိုးခေါင်ရေရှားခြင်း စသည့် အစွန်းရောက်မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်ဟုသိရကြောင်း၊ ယခု ၂၀၂၄ ဧပြီ လအတွင်းတွင် အပူလှိုင်းဖြတ်သန်းမှုကြောင့် နေ့အပူချိန်များမြင့်မားခဲ့ကြောင်း၊ မြန်မာနိုင်ငံအလယ်ပိုင်း ချောက်မြို့သည် ယခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် နေ့အပူချိန် ၄၈ ဒသမ ၂ ဒီဂရီ ဆဲလ်စီးယပ်စ်အထိရှိခဲ့ပြီး ကမ္ဘာ့အပူချိန် အမြင့်မားဆုံးမြို့အဖြစ် ပါဝင်ခဲ့ ကြောင်း၊ အလားတူ မကွေးမြို့၊ မင်းဘူးမြို့၊ ညောင်ဦးမြို့နှင့် စစ်ကိုင်းမြို့တို့သည် ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့စာရင်းတွင်ပါဝင်ခဲ့ကြောင်း။
ထို့ကြောင့်လည်း အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများ အတွက်သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနတို့က ယခုနှစ်မိုးရာသီတွင် တစ်ရွာ ၂ ဧက စိုက်ခင်း၊ ဘက်စုံသုံး စိုက်ခင်းနှင့် ကျေးရွာထင်း စိုက်ခင်း စုစုပေါင်း ၃၅၅၁ ဒသမ ၂၀ ဧက၊ ပျိုးပင်ပေါင်း နှစ်သန်းကျော် (၂၀၉၂၈၄၇) ပင်ကို ကျေးရွာပေါင်း ၈၀၉ ရွာတွင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ လမ်းဘေးဝဲယာတွင် လည်း အရိပ်ရလေကာပင်များ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ “ပူနွေးကမ္ဘာ တားဆီးရာ၊ ဖြေရှာတစ်ခု တောပြုစု” ဟု ဆိုသည့်အတိုင်း ရာသီဥတု ပြောင်းလဲမှုလျှော့ချနိုင်ရေးအတွက် သစ်တောများ၏ အရေးပါမှုကို သိရှိ နားလည်ပြီး သစ်တောစိုက်ခင်းများ တည် ထောင်ခြင်း၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း၊ ထင်းအစား အခြား လောင်စာအသုံးချရေးလုပ်ငန်းများ တိုးချဲ့ခြင်းတို့ကို အမျိုးသားရေးတာဝန် တစ်ရပ် အနေဖြင့် ဆောင်ရွက်ကြရန်လိုအပ်သည်ကို အသိပေးတိုက်တွန်း မှာကြားလိုကြောင်း။
နေပြည်တော်ကောင်စီနယ်မြေသည် နိုင်ငံ၏မြို့တော်ဖြစ်သည်နှင့်အညီ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး၊ Green City ၊ Clean City ၊ Smart City ဖြစ်စေရေး အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတူ နေပြည်တော်ကို ပညာရေးမြို့တော်ဖြစ်လာစေရန် ရည်ရွယ်ထားသည့်အတိုင်း အဆင့်မြင့်ပညာရပ်မျိုးစုံကို ရွေးချယ်သင်ယူလေ့လာနိုင်သည့် နိုင်ငံတော်၏ ထိပ်တန်းတက္ကသိုလ်တစ်ခုအဖြစ် တည်ထောင်ဖွင့်လှစ် ထားသည့် Naypyitaw State Academy ၏ ကျောင်းပရိဝုဏ်နှင့် ပတ်ဝန်းကျင်တွင် မျက်စိပသာဒ ဖြစ်စေပြီး သင်းရနံ့မွှေးပျံ့သည့် သစ်ပင်ပန်းပင်များနှင့် အမြဲတမ်းစိမ်းလန်းစိုပြည် သာယာလှပစေရန် စိုက်ပျိုးပြုစု ထိန်းသိမ်းသွားကြရန် လိုအပ်ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း သစ်ပင်သစ်တောများဖြင့် စိမ်းလန်းစိုပြည်ပြီး သဘာဝ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင် ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့စိုက်ပျိုးသည့် သစ်ပင်၊ ပန်းပင်များ စဉ်ဆက်မပြတ် ရေရှည်တည်တံ့ခိုင်မြဲစွာ စိမ်းလန်းစိုပြည်နေစေရေး အားလုံးဝိုင်းဝန်းစောင့်ရှောက်ကြရန် တိုက်တွန်းမှာကြား လိုကြောင်း။
နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ စားရေရိက္ခာဖူလုံရေး၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး၊ သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရေးအတွက် သစ်ပင်သစ်တောများသည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံအဝန်း သစ်တောဖုံးလွှမ်းမှု တိုးတက်လာပြီး စိမ်းလန်းစိုပြည် သာယာလှပစေရေး၊ ရာသီဥတုပြန်လည် မျှတကောင်း မွန်စေရေးနှင့် သဘာဝဘေးအန္တရာယ်များ တားဆီးကာကွယ်ရေးတို့ကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားပါစို့ဟု တိုက်တွန်းမှာကြားလို ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခရေပျိုးပင်အား သတ်မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးပေးသည်။
ယင်းနောက်အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးမျာ နှင့် Naypyitaw State Academy ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ကထိက ဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်း များနှင့် တာဝန်ရှိသူများသည် ပျိုးပင်များကို တစ်ပြိုင်တည်း စိုက်ပျိုးပေးကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများက ပျိုးပင်များကို တပျော်တပါးစိုက်ပျိုး နေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။
ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင် ကံ့ကော်၊ ခရေ၊ စိန်ပန်း၊ ပိတောက် စသည့် သစ်မျိုး ၆ မျိုး၊ အပင် ၁၀၃၀ စိုက်ပျိုးနိုင်ခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် Naypyitaw State Academy ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်နိုင်ရေးအတွက် လျာထားအဆိုပြုပုံစံများ ခင်းကျင်းပြသထား ရှိမှုနှင့် အဆိုပါလျာထားအဆိုပြုပုံစံများအပေါ် ကျောင်းသား၊ ကျောင်းသူများ၏ ဆန္ဒပြုစာရင်းကောက်ယူ နေမှုများကို သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များလမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)