နေပြည်တော် ဩဂုတ် ၂၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်နှင့် ဦးမျိုးသန့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ တောင်ငူမြို့ ကေတုမတီမြို့ဟောင်း ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်နေရာများ ပြုပြင် ထိန်းသိမ်းရန် ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တောင်ငူမြို့ရှိ နယ်မြေခံ လေတပ်စခန်းဌာနချုပ်သို့ရောက်ရှိကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

 

ယင်းနောက် တောင်ငူမြို့ နယ်မြေခံလေတပ်စခန်းဌာနချုပ် အစည်းအဝေးခန်းမ၌ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက တောင်ငူ ကေတုမတီမြို့ဟောင်းဆိုင်ရာ အချက်အလက်များနှင့် သမိုင်း အထောက်အထားများ၊ မြို့ဟောင်းမြို့ရိုးနှင့် ကျုံးတို့၏တည်ရှိမှု အခြေအနေများ၊ ကေတုမတီနန်းတော်နေရာအား ကွင်းဆင်းလျာထား ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မြို့လေးခံတပ်ဆိုင်ရာ အချက်အလက်များ၊ မြို့ရိုးနှင့် ကျုံးကို တူးဖော်သုတေသနပြု‌ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ကောင်စီဝင်၊ ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က တောင်ငူအကျဉ်းထောင်သစ် ဆောက်လုပ်ရန် လျာထား ဆောင်ရွက်လျက်ရှိမှု အခြေအနေများကိုလည်းကောင်း၊ ကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက တောင်ငူမြို့ရှောင် ရထားလမ်း တည်ဆောက်ရန် လျာထားဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပဲခူး-တောင်ငူ မီးရထားလမ်းပိုင်းတွင် အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုများနှင့် သွားလာဆက်သွယ်မှုများ ပြတ်တောက်မှု မရှိစေရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများကိုလည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က တောင်ငူမြို့ ကွက်သစ်ဖော်ထုတ်ရေး လျာထားဆောင်ရွက်လျက်ရှိမှု အခြေအနေ များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တောင်ငူခရိုင် ဒေသဆိုင်ရာ အချက်အလက်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း ရှင်းလင်း တင်ပြကြသည်။

 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြို့ရိုးနှင့် ပတ်သက်၍ တူးဖော်သုတေသနပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျွမ်းကျင်သူများဖြင့် စနစ်တကျ ဆောင်ရွက်ရန်လိုကြောင်း၊ မြို့ရိုး များ၊ မြို့ရိုးဝင်ပေါက်များနှင့် တံတားများကို ပြန်လည်ပြုပြင် ထိန်းသိမ်း တည်ဆောက်မှုများ ပြုလုပ်ရာတွင် ဖြစ်နိုင်ဖွယ်ရာ အချက်အလက်များနှင့် အညီ ဆောင်ရွက်သွားရန် လိုကြောင်း၊ ကျုံးနှင့်တံတားများကို ဦးစားပေး အနေဖြင့် ဆောင်ရွက်ပြီး ထိုမှတစ်ဆင့် မြို့ရိုးများ၊ နန်းတော်ရာ နေရာများကို တစ်ဆင့်ပြီးတစ်ဆင့် ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ပြောင်းရွှေ့ရန်လိုအပ်သည့် ဝန်ကြီးဌာန အဆောက် အဦများကို ပြောင်းရွှေ့သွားရန်လိုကြောင်း၊ သတ်မှတ်ထားသည့် ယဉ်ကျေးမှုအမွေအနှစ်နေရာများကို ဥပဒေနှင့်အညီ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားရန်လို ကြောင်း၊ အကျဉ်းထောင်အသစ် တည်ဆောက်မှုနှင့် ပတ်သက်၍ လုံခြုံရေးအရ စနစ်တကျတွက်ချက်၍ သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ တည်ဆောက် သွားရန်လိုကြောင်း၊ ရထားလမ်း နှင့်ဘူတာရုံအသစ် တည်ဆောက် ရာတွင်လည်း အစကောင်းမှ အနှောင်းသေချာဆိုသည့်အတိုင်း ရေရှည်တည်တံ့ ကောင်းမွန်စေရေး သတ်မှတ်စံချိန်စံညွှန်းများအတိုင်း လုပ်ငန်းစဉ်အဆင့် အလိုက် အရည်အသွေး ပြည့်မီအောင် တည်ဆောက်သွားရန်လို ကြောင်း၊ မြို့ကွက်သစ်များ ဖော်ထုတ် ဆောင်ရွက်ရာတွင် လည်း လမ်းဘေး ဝဲယာ၌ သစ်ပင် များစိုက်ပျိုးနိုင်သည့် Green Area များကိုပါ ကြိုတင်လျာထား ဆောင်ရွက်သွားရန် လိုကြောင်း၊ တောင်ငူဒေသအတွင်း၌ သီးနှံများ စိုက်ပျိုးရာတွင် သီးထပ်များစိုက်ပျိုးနိုင်ပါက ဒေသအတွက် ပိုမိုအကျိုးဖြစ်ထွန်းစေမည် ဖြစ် ကြောင်း၊ လယ်မြေများအား သီးထပ်စွမ်းအား ၂၀၀ ရာခိုင်နှုန်း ရရှိအောင် ဆောင်ရွက်စေလို ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်း(၄)သွယ် နှင့်အညီ စိုက်ပျိုးဆောင်ရွက်သွား မည်ဆိုပါက တစ်ဧကချင်းအထွက် နှုန်းများ ပိုမိုတိုးတက်လာမည်ဖြစ် ကြောင်း၊ ဒေသအတွက် စားရေး ကို အထောက်အကူပြုစေရေး ဥစားကြက်နှင့် အသားစားကြက် များကို မွေးမြူသကဲ့သို့ ဒေသ ကြက်များ၊ ဒေသနွား၊ ဒေသဝက် များကိုလည်း စနစ်တကျအစာ ကျွေးမွေး၍ ဆောင်ရွက်သွားနိုင်ကြောင်း၊ နို့စားနွားများကိုလည်း တိုးချဲ့မွေးမြူသွားရန်လိုကြောင်း ဖြည့်စွက် မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာ စကားပြောကြားရာတွင် အဓိက အားဖြင့် တောင်ငူမြို့ရိုး နှင့် ကေတုမတီနန်းတော်ရာ ပြန်လည် တည်ဆောက်ရေး အတွက် လာရောက်ခဲ့ခြင်းဖြစ် ကြောင်း၊ ကေတုမတီမြို့ရိုးသည် ပြန်လည် ဖော်ထုတ်သင့်သည့် ရှေးဟောင်းအမွေအနှစ် တစ်ခုဖြစ်ကြောင်း၊ သမိုင်းကြောင်းအရ အထောက်အထား သေချာသည့် နေရာများကို ပြန်လည်ဖော်ထုတ်သွားရန် လိုကြောင်း၊ အလားတူ မြို့ကွက်အသစ်များ ဖော်ထုတ် ခြင်းနှင့် ရွှေ့ပြောင်း၍ရသည့် အစိုးရရုံးဌာနဆိုင်ရာ အဆောက် အဦများကို ဦးစွာပြောင်းရွှေ့သွား ရန်လိုကြောင်း၊ ကေတုမတီနန်းတော်ရာနှင့် ပတ်သက်၍ အတည်ပြု၍ ရသည့်နေရာများ၊ ဘုတ်တလုတ်ကန်နေရာများကို ပြန်လည်ဖော်ထုတ်ရာတွင် ရှေးဟောင်းဥပဒေနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရှေးဟောင်းအမွေအနှစ်နေရာများကို ဥပဒေနှင့်အညီ ကာကွယ်ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်း။

 

အဆောက်အဦများ ဆောက် လုပ်ရေးနှင့်ပတ်သက်၍ တောင်ငူမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွား ရန်နှင့် စံချိန် စံညွှန်းများ ပြည့်မီစေရေးဆောင် ရွက်သွားရန်လိုကြောင်း၊ မြို့ကွက် သစ်များ ဖော်ထုတ်ရာတွင်လည်း စနစ်တကျဖော်ထုတ် ရန်လို ကြောင်း၊ လူနေရပ်ကွက်များရှိ အိမ်ခြံမြေများအတွင်း သစ်ပင်များ စိုက်ပျိုးရန်နှင့် လမ်းဘေးဝဲယာ များတွင် သစ်ပင်များစိုက်ပျိုး၍ စိမ်းလန်းစိုပြည်ရေးကို ဆောင် ရွက်ရန်လိုကြောင်း၊ လမ်းများ ဖောက်လုပ်ရာတွင်လည်း လူသွား ပလပ်ဖောင်းများကို အမှန် တကယ် အသုံးပြုနိုင်သည့် လမ်းများဖြစ်အောင် ဆောက်လုပ် ရန်လိုကြောင်း၊ မြို့ကွက်အသစ် တည်ဆောက်ရာတွင် လူနေမှု အဆင့်နှင့်လျော်ညီသည့် ဆေးရုံ၊ ကျောင်း၊ မီးသတ်အဆောက်အဦများ၊ ဈေးများနှင့် ဌာနဆိုင်ရာ အဆောက်အဦများကို စနစ်တကျဖြင့် တွက်ချက်ထည့်သွင်း တည်ဆောက်သွားရန်လိုကြောင်း။

ခပေါင်းဆည်မှရရှိသည့် ရေများကိုလည်း စနစ်တကျဖြင့် သုံးစွဲရန်လိုကြောင်း၊ ရေကြီးရေလျှံမှုများ မရှိစေရေး အတွက်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပဲခူး-တောင်ငူ မီးရထားလမ်းပိုင်းကိုလည်း အကြမ်းဖက် သောင်းကျန်းသူများက မကြာခဏ မိုင်းထောင်ဖောက်ခွဲခြင်းများရှိ သကဲ့သို့ ပညာသင်ကြားရေးဖြစ် သည့် စာသင်ကျောင်းများကိုလည်း နှောင့်ယှက်မှုများပြုလုပ် လျက်ရှိကြောင်း၊ ပညာသင်ကြား ရေးနှင့်ပတ်သက်၍ ကျောင်းနေ အရွယ်ကလေးတိုင်း ပညာသင်ကြားနိုင်ရေးနှင့် KG + 12 အောင်မြင်ပြီးသူများအနေဖြင့် လည်း တက္ကသိုလ်ကောလိပ်များသို့ ဆက်လက်တက်ရောက်နိုင်ရေး ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ အကြောင်းအမျိုးမျိုး ကြောင့် ယာယီပိတ်ထားခဲ့ရသည့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင်လည်း ကျောင်းသား၊ ကျောင်းသူ များ အတန်းပညာ အမှန်တကယ် တတ်မြောက်စေရေး အချိန်ပို သင်ကြားဆောင်ရွက်ပေးရန်လိုကြောင်း၊ အမှန်တကယ် စာတတ်အောင် သင်ကြားပေးမည်ဆိုပါက အနာဂတ်နိုင်ငံ၏ ပညာရေးမှာ များစွာတိုးတက်လာမည် ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ပညာရည်မြင့်မားလာစေရေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ အနေဖြင့် ဆောင်ရွက်နေရန်လိုကြောင်း၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အနေဖြင့် တတ်နိုင် သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း။

 

စိုက်ပျိုးရေးနှင့် ပတ်သက်၍ တောင်ငူခရိုင်အတွင်းရှိ စိုက်ပျိုး မြေများကို အကျိုးရှိစွာဖြင့် အသုံးချနိုင်ရန် လိုကြောင်း၊ သီးထပ်စိုက်ပျိုးမှုများ တိုးတက် အောင်ဆောင်ရွက်ရန် လိုကြောင်း၊ အနည်းဆုံး ၂ သီးမှ ၃ သီးအထိ သီးထပ် စိုက်ပျိုးသွားမည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ စီးပွားရေးတိုးတက်လာပါက နိုင်ငံရေး ကောင်းလာမည်ဖြစ်ပြီး ထိုမှတစ်ဆင့် နိုင်ငံ့ အရေးများ ကောင်းမွန်လာမည် ဖြစ်ကြောင်း၊ အသားငါးနှင့် ပတ်သက်၍ လည်း မိမိတို့နိုင်ငံတွင် ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါးများကို အဓိက စားသုံးကြသည်ကို တွေ့ရ ကြောင်း၊ မွေးမြူရေး လုပ်ငန်းများကို စနစ်တကျဖြင့် မွေးမြူဆောင် ရွက်သွားမည်ဆိုပါက အသား၊ ငါးများ ပေါများလာမည်ဖြစ် ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတိုးတက်ပြီး ပညာရေးများ ကောင်းမွန်လာမည်ဆိုပါက ဒေသဖွံ့ဖြိုးတိုးတက် လာမည် ဖြစ်ကြောင်း၊ တောင်ငူဒေသနှင့် မိတ္ထီလာဒေသသည် နေပြည်တော် နှင့် လက်လှမ်းမီသည့် နေရာများ ဖြစ်ပြီး မြန်မာနိုင်ငံ၏ အချက်အချာနေရာများဖြစ်သည့်အတွက် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် ကြိုးပမ်း ဆောင်ရွက်သွားကြ ရန်လိုကြောင်း မှာကြားသည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် တောင်ငူမြို့၊ ကေတုမတီ မြို့ဟောင်း၊ အရှေ့ဘက်ကျုံးနေရာရှိ ယိုးဒယားပေါက်နေရာ၊ အနောက်ဘက်မြို့ရိုးနေရာရှိ မြို့ရိုးတူးဖော် ထိန်းသိမ်းထားရှိမှုနှင့် ရေကျုံးနေရာ၊ မြို့ရိုးအရှေ့တောင် ထောင့်ရှိ မြို့လေးခံတပ်နေရာနှင့် မြို့ရိုးအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ရှေးဟောင်း မြို့ရိုးနှင့် ကျုံးတူးဖော် သုတေသန ပြုလုပ်ငန်းများကို အောင်မြင် အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မြို့ရိုး အောက်ခြေ ဖောင်ဒေးရှင်းအုတ်ရိုး များကို ဖော်ထုတ်၍ အုတ်ရိုး အတိုင်းလိုက်ကာ မြို့ရိုးကို ဖော်ထုတ်ရမည် ဖြစ်ကြောင်း၊ မြို့ဟောင်းအဝင် တံတားပုံစံများ ကိုလည်း ပြန်လည်ဆန်းစစ် ဖော်ထုတ်လေ့လာသွားရန်လိုပြီး တည်ဆောက်၍ရနိုင်သည့် နေရာ များတွင် ဦးစွာတည်ဆောက်သွား ရန်လိုကြောင်း၊ ဘုတ်တလုတ်ကန် ကိုလည်း ပြန်လည်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ မြို့ရိုးဖော်ထုတ် ရေးလုပ်ငန်းကို အဓိကဦးစားပေး ဆောင်ရွက်သွားရန် လိုကြောင်း နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် တောင်ငူဘူတာမှ သောင်းတိုင်ကုန်းဘူတာ အကြားအထိ RBE အထူးရထားတွဲဖြင့် လိုက်ပါစီးနင်း၍ တောင်ငူဘူတာရုံ(အသစ်) တည်ဆောက်မည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တောင်ငူ- ရေတာရှည် ရထားလမ်းပိုင်း တစ်လျှောက် လိုက်ပါစီးနင်း၍ ရထားလမ်းပိုင်းကြံ့ခိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ တောင်ငူဒေသ၏ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် မြို့ပြဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်