နေပြည်တော်၊ ဩဂုတ် - ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများအား ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးမြို့၊ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံဖြိုး တိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည်၊ ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးမျိုးသန့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ကြသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဒေသဆိုင်ရာအချက်အလက်များနှင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းဆောင်ရွက်နိုင်မှုများအား အသီးသီးတင်ပြ
ဦးစွာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တို့က ဒေသဆိုင်ရာအချက်အလက်များ၊ ဒေသတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် ထုတ်ကုန်များ ထုတ်လုပ်ရောင်းချနိုင်မှု အခြေအနေများနှင့် ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများအား အသီးသီးရှင်းလင်းတင်ပြကြသည်။
ဒေသအလိုက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်မည်ဆိုပါက စားရေရိက္ခာဖူလုံစေမည်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် မန္တလေးတိုင်းဒေသကြီး၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားရန်ဖြစ်ပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့၏ လုပ်ငန်းဆောင်ရွက်မှုများကိုလည်း တစ်ဆက်တည်း တင်ပြစေခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မိမိတို့ဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြကြောင်း၊ အဓိကအားဖြင့် စားရေရိက္ခာ ဖူလုံရေးပင်ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို စနစ်တကျဖြင့် ဆောင်ရွက်မည်ဆိုပါက စားရေရိက္ခာဖူလုံမည်ဖြစ်ကြောင်း၊ စိုက်ဧကများအလိုက် ပန်းတိုင် ရည်မှန်းချက် ပြည့်မီအောင်စိုက်ပျိုးရန်လိုပြီး သီးထပ်များစိုက်ပျိုးရန်လည်းလိုကြောင်း၊ အနည်းဆုံး သီးထပ် ၂၀၀ ရာခိုင်နှုန်း စိုက်ပျိုးနိုင်ရန်လိုပြီး ထိုသို့စိုက်ပျိုးနိုင်မည်ဆိုပါက အထွက်နှုန်းများ နှစ်ဆတိုးလာမည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးရှိ မြို့၊ ရွာများသည် ဧရာဝတီမြစ်၏ ဝဲ၊ ယာတွင်ရှိပြီး စနစ်တကျဖြင့် အကျိုးရှိအောင် အသုံးချနိုင်မည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း၊ အလားတူ ဆည်ရေသောက်ဧရိယာများမှ သီးထပ်စွမ်းအားများကိုလည်း မြင့်တက်လာအောင် ဆောင်ရွက်နိုင်ရန်လိုကြောင်း။
စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်းလေးသွယ်ဖြင့် စနစ်တကျ ဆောင်ရွက်မည်ဆိုပါက အထွက်နှုန်းများ အောင်မြင်တိုးတက်လာမည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ အနေဖြင့်လည်း စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသတွင်း စားရေးဖူလုံမှုကို များစွာအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း။
စားသုံးဆီနှင့်ပတ်သက်၍ မိမိတို့နိုင်ငံအနေဖြင် ပြည်ပမှ စားသုံးဆီများကို နှစ်စဉ် တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေများကို သုံးစွဲရလျက်ရှိကြောင်း၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဆီထွက်သီးနှံများကို စိုက်ပျိုးကြကြောင်း၊ သို့သော်ဆီထွက်သီးနှံများကို ဆီအဖြစ် ထုတ်ယူသုံးစွဲခြင်းထက် ပို့ကုန်များအဖြစ် တင်ပို့ခြင်းနှင့် တိုက်ရိုက်စားကုန်များအဖြစ် စားသုံးခြင်းများကြောင့် ဒေသတွင်း ဆီလိုအပ်ချက်များ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အဆိုပါဆီထွက်သီးနှံများကို အထွက်နှုန်း တိုးတက်အောင် စိုက်ပျိုးနိုင်မည် ဆိုပါက အထွက်နှုန်းများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်တွင်းမှထွက်ရှိသည့် ပိုလျှံ ဆီထွက် သီးနှံ နှမ်း၊ နေကြာနှင့် မြေပဲတို့ကို စားသုံးဆီအဖြစ် ကြိတ်ခွဲဆောင်ရွက်မည်ဆိုပါက ပြည်တွင်း စားသုံးဆီ လုံလောက်မှုရှိနိုင်မည်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံများတွင် နေကြာသည်လည်း ဆီထုတ် လုပ်မှုကို များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်သဖြင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီးတို့တွင် သီးထပ်စိုက်ပျိုးသွားရန်လိုကြောင်း၊ မိုးစပါး စိုက်ပျိုးပြီးချိန်တွင် နေကြာစိုက်ပျိုးမည်ဆိုပြီး မြစ်ရေတင်စီမံကိန်းများဖြင့် အောင်ရေရရှိအောင် စိုက်ပျိုးနိုင်ကြောင်း၊ အလားတူအခြေခံလိုအပ်ချက်ဖြစ်သည့် စားသောက်ကုန်ပစ္စည်းများကို ဒေသတွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်မည်ဆိုပါက ဒေသအတွက် များစွာ အကျိုး ဖြစ်ထွန်းစေနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးကို အားပေးဆောင်ရွက်နေခြင်း ဖြစ်ကြောင်း။
မိမိတို့နိုင်ငံသည် ခေတ်အဆက်ဆက်တွင် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ အားနည်းခဲ့ပြီး ပြည်ပပို့ကုန်နှင့် ပြည်ပသွင်းကုန်များတွင် ပြည်ပသွင်းကုန်များ ပိုမိုများပြားခဲ့သည်ကို တွေ့ရှိရကြောင်း၊ ပြည်ပမှတင်သွင်းရမှုများ များပြားခဲ့သဖြင့် နိုင်ငံခြားငွေ လိုအပ်ချက်များ ဖြစ်ပေါ်ခဲ့ကြောင်း၊ မိမိတို့အစိုးရ တာဝန်ယူဆောင်ရွက်ချိန်တွင် သယံဇာတပစ္စည်းများ တတ်နိုင်သမျှ တင်ပို့ခြင်းမရှိခဲ့ဘဲ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိသည့်ထွက်ကုန်များကို ပိုမိုတင်ပို့ခဲ့ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မိမိတို့ဒေသအလိုက် ကုန်ထုတ်လုပ်မှုများ တိုးတက်စေရေးနှင့် သီးထပ်စွမ်းအား အနည်းဆုံး ၂၀၀ ရာခိုင်နှုန်း တိုးတက်အောင် ဆောင်ရွက်သွားကြရန်မှာကြားလိုကြောင်း၊ အလားတူ မွေးမြူရေး လုပ်ငန်းများကိုလည်း ဒေသအလိုက် တိုးတက်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း။
ပညာရည်မြင့်မားရေး
ပညာရည်တိုးတက်ရေးနှင့်ပတ်သက်၍ ယခုပညာသင်နှစ်တွင် ကျောင်းတက် ရာခိုင်နှုန်း ပိုမို မြင့်မားလာသည်ကို တွေ့ရှိရသော်လည်း နိုင်ငံတစ်ဝန်းလုံး၏ ကျောင်းနေအရွယ်ရာခိုင်နှုန်း၏ ၇၀ ရာခိုင်နှုန်းခန့်သာ ရှိနေသေးကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပိတ်ထားရသည့်ကျောင်းများ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ အဆိုပါကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင်လည်း ကျောင်းသား၊ ကျောင်းသူများကို အချိန်ပိုသင်ကြားပေးပြီး အတန်းပညာများ အမှန်တကယ်တတ်မြောက်အောင် သင်ကြားပေးရန်လိုကြောင်း၊ အခြေခံပညာ အလယ်တန်းအဆင့်အထိ သင်ယူပြီးပါက ဘဝတိုးတက်ရေးအတွက် လိုအပ်သည့် အတတ်ပညာများကို ဆက်လက်သင်ယူနိုင်ကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများအားလုံးကိုလည်း အဆင့်မြင့်ပညာ ဆက်လက်သင်ယူနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ ထိုသို့ပညာသင်ကြားနိုင်ရန်အတွက် ပညာရေး၏ အရေးပါမှုကို သဘောပေါက် နားလည်နိုင်စေရေး ပညာပေးခြင်း၊ စည်းရုံးခြင်းများဖြင့် ဆောင်ရွက်သွားရန် လိုကြောင်း၊ ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သဖြင့် နိုင်ငံအတွက် ပညာတတ်များစွာ လိုအပ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့်လည်း ပညာရေးကို အားပေးဆောင်ရွက်လျက် ရှိကြောင်း။
ကျန်းမာကြံ့ခိုင်မှုရှိစေရေးနှင့် အားကစားကဏ္ဍမြင့်မားတိုးတက်စေရေး
ကျန်းမာရေးနှင့်ပတ်သက်၍ ပညာသင်ယူမှုပြီးဆုံးသည့် ကျန်းမာရေးဝန်ထမ်းများကို နိုင်ငံတော်၏ ကျန်းမာရေးနယ်ပယ်တွင် တာဝန်ထမ်းဆောင်နိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံအဝန်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အနေဖြင့် ကျန်းမာရေးဝန်ထမ်းများ စဉ်ဆက်မပြတ်ခန့်အပ်ပေးလျက်ရှိကြောင်း၊ ဆေးရုံရှိလျင် ဆရာဝန် ရှိရမည်ဟူသည့် မူဝါဒနှင့်အညီ ဆရာဝန်များအား ခန့်အပ်တာဝန်ပေးထားကြောင်း၊ ကျန်းမာရေးနှင့် ဆက်စပ်၍ အားကစားကဏ္ဍကို အနည်းငယ်ပြောကြားလိုကြောင်း၊ အားကစားကဏ္ဍတိုးတက်မှု ရှိစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ကိုယ်ခန္ဓာ ကြံ့ခိုင်သန်စွမ်းစေရေး၊ စိတ်ဓာတ်ကောင်းမွန်စေရေး၊ အားကစားနည်းအလိုက် နည်းစနစ်ပိုင်း ဆိုင်ရာများ ကျွမ်းကျင်မှုရှိစေရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ မကြာမီတွင် ကျင်းပမည့် အမျိုးသားအားကစားပွဲတော်ကိုလည်း တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် အနှစ်သာရရှိစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။
ပြည်သူပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်နှင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး
လုံခြုံရေးနှင့်ပတ်သက်၍ ဒေသအလိုက် လူတစ်ဦးတစ်ယောက်ချင်းစီမှ လုံခြုံရေးအသိစိတ်ဓာတ် ရှိရှိဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်သူ့လုံခြုံရေး People Security ၊ Public Security နှင့်ပတ်သက်၍ လမ်းအလိုက်၊ ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နေထိုင်သည့်ဒေသ ရပ်ကွက်၊ ကျေးရွာများအလိုက်၊ လမ်းများအလိုက် လုံခြုံရေးစနစ်များ တည်ဆောက်၍ ဆောင်ရွက်မည်ဆိုပါက နယ်မြေဒေသ လုံခြုံရေးအတွက် များစွာအကျိုးရှိ ထိရောက်စေမည်ဖြစ်ကြောင်း၊ ပြည်သူ့လုံခြုံရေး လုပ်ငန်းများနှင့်ပတ်သက်၍ Check, Recheck, Counter Check များ ပြုလုပ်၍ အပြန်ပြန်အလှန်လှန် စစ်ဆေးနေရန် လိုအပ်မည်ဖြစ်ကြောင်း၊ လုံခြုံရေးပိုင်းဆိုင်ရာများ နည်းလမ်းမျိုးစုံဖြင့် ထိခိုက်ခြင်းကြောင့် ဒေသအလိုက် ထိခိုက်မှုများကို ဖြစ်ပေါ်စေလျက်ရှိကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်လိုပြီး လုံခြုံရေး အမြင်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ လုံခြုံရေးထိခိုက်မှုဖြစ်စဉ်များသည် နိုင်ငံရေးကို အခြေခံ၍ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပြီး မဲမသမာမှုကြောင့် အရေးပေါ်အခြေအနေ ဖြစ်ပေါ်ခြင်းကို နိုင်ငံရေး နည်းလမ်းအရဖြေရှင်းခြင်း မပြုလုပ်ဘဲ လက်နက်ကိုင်အကြမ်းဖက်သည့် နည်းလမ်းဖြင့်ဖြေရှင်းရန် လုပ်ဆောင်လာခြင်းများကြောင့်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်မာစွာလျှောက်လှမ်းနိုင်ရေး ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ရန် လိုကြောင်း၊ အခြားနိုင်ငံများတွင်လည်း နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကိုသာ ကျင့်သုံးဆောင်ရွက်နေကြကြောင်း၊ နိုင်ငံရေးအရဆောင်ရွက်ရာတွင် အာဃာတများထားခြင်း၊ လက်တုန့်ပြန်ခြင်းများမရှိဘဲ အေးအေးချမ်းချမ်းဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မဲစာရင်းနှင့်ပတ်သက်၍ မသမာမှုများ လုပ်ဆောင်ခဲ့သည်ကိုတွေ့ရှိရပြီး မဲပေးရာတွင်လည်း ကြိုတင်မဲများကို မဲမသမာမှုများ ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ မဲမသမာမှု ပြုလုပ်ခဲ့သည့် အထောက်အထားများကိုလည်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ၎င်းမဲမသမာမှုများသည် မဲဆန္ဒနယ် တစ်ခုတည်းတွင် ဖြစ်ပေါ်ခဲ့ခြင်းမဟုတ်ဘဲ ဒေသအလိုက် တစ်နိုင်ငံလုံးတွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း၊ NLD ပါတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့များပါဝင်ပြီး အချို့ဝန်ကြီးချုပ်များပါ ပါဝင်ကြောင်း၊ ထိုသို့မဲမသမာမှု ပြုလုပ်နိုင်ရန်အတွက် မဲစာရင်းပြုစုရေးအဖွဲ့ဖွဲ့ခြင်း၊ အထောက်အကူပြုအဖွဲ့ ဖွဲ့ခြင်းတို့တွင် NLD ပါတီဝင်များက ပါဝင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မဲမသမာမှုများကို NLD ပါတီက ဦးဆောင်၍ လုပ်ဆောင်ခဲ့ခြင်းပင်ဖြစ်ကြောင်း၊ မဲမသမာမှု ပြုလုပ်ရာတွင် ကြိုတင်မဲပေးရာ၌ မသမာမှုပြုလုပ်ခြင်း၊ မဲစာရင်းများတွင် မသမာမှု ပြုလုပ်ခြင်း စသည့်နည်းလမ်းများဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် ဆိုးရွားသည့် လုပ်ဆောင်ချက်ပင်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် လာမည့်ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လာမည့် အောက်တိုဘာလတွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို စတင်ကောက်ယူသွားမည်ဖြစ်ကြောင်း၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှု ရလာဒ်များ နိုင်ငံတော်ကို ကြေညာပြီးချိန်တွင် မဲစာရင်းပြုစုပြီး ရွေးကောက်ပွဲကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မဲစာရင်းများ မှားယွင်းမှုမရှိစေရေး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး ဆန္ဒမဲပေးချိန်တွင်လည်း မှန်မှန်ကန်ကန်ဖြစ်စေရေး ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းဆောင်ရွက် ပေးသွားကြစေလိုကြောင်း။
တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာဖြင့် ဆက်လက်ရပ်တည်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံအား မူလ အခြေအနေအတိုင်း ပြန်လည်ရောက်ရှိရန်အတွက် လုပ်ဆောင်သင့်သည်များကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်နှင့် လူမျိုးအပေါ် အမှန်တကယ် နားလည်သူများရှိပြီး ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများရှိရန်လိုကြောင်း၊ ထို့ကြောင့်ပြည်သူ့လုံခြုံရေးနှင့် ပတ်သက်၍ ပြည်သူပါသည့် လုံခြုံရေးစနစ်ကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူ့လုံခြုံရေးစနစ်တွင် ပြည်သူများပါဝင်ပါက တည်ငြိမ် အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုများ ကောင်းမွန်လာပြီး မိမိတို့နိုင်ငံ၏ ရည်မှန်းချက်ဖြစ်သည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် Good Brothers’ Mechineries ကုမ္ပဏီလီမိတက်မှ စမ်းသပ်ထုတ်လုပ်ထားသည့် Mini Cotton Ginning Machine ကို ကြည့်ရှုရာ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြခဲ့ကြောင်းသတင်းရရှိသည်။
သတင်းစဉ်


