နေပြည်တော်  စက်တင်ဘာ  ၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  ခရီးစဉ်တွင်  လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ ယနေ့ ညနေပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ  စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံအမှာစကား   ပြောကြားသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စဝ်စံထွန်း ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိကြရာ   ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်ဦးနှင့် ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုများက ကြိုဆိုနှုတ်ဆက်ကြသည်။

 

အားပေးစကားပြောကြား

ယင်းနောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အရေးပေါ် ကုသဆောင်တွင်      တက်ရောက် ကုသမှုခံယူလျက်ရှိသည့် ဒေသခံ ပြည်သူများကို ကြည့်ရှု၍ ကျန်းမာရေးအခြေအနေများကို   မေးမြန်း အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ   ပေးအပ်သည်။

 

ထို့နောက် ဆေးရုံကြီး အစည်း အဝေးခန်းမတွင်  ဆေးရုံအုပ်ကြီး   ဒေါက်တာဝင်းမော်ဦးက   ဆေးရုံ၏ သမိုင်း အကျဉ်း၊ အဆောက်အဦများ ဆောက်လုပ်ထားရှိမှုနှင့် လူနာဆောင်သစ်များ ဆောက်လုပ်ထားရှိမှု၊ ကင်ဆာ ရောဂါကုသရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ လအလိုက် ဆေးကုသမှုလုပ်ငန်းများ   ဆောင်ရွက်နေမှု၊       အထူးကြပ်မတ်      ကုသမှုများ ဆောင်ရွက်နိုင်မှု၊ ဓာတ်မှန်လုပ်ငန်းများ ဆောင်ရွက်နိုင်မှု၊ ဓာတ်ရောင်ခြည်     ကုသမှုများ ဆောင်ရွက်နိုင်မှုနှင့် ကင်ဆာကုသ ခြင်းလုပ်ငန်းအတွက်  စက်ကိရိယာများ   ထပ်မံလိုအပ်မှုအခြေ အနေများကို ရှင်းလင်းတင်ပြသည်။

 

ကုသမှုများ စနစ်တကျဆောင်ရွက်ရန်လို

ရှင်းလင်းတင်ပြမှုများအပေါ်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည့်      စက်ကိရိယာများကို  ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊  စက်ပစ္စည်းများအသုံးပြု၍ ကုသမှုများ ဆောင်ရွက်ရာတွင်လည်း   စနစ်တကျဖြင့်   ဆောင်ရွက်ရန်လိုကြောင်း၊   ရှမ်းပြည်နယ်အတွင်းရှိ  ဆေးရုံများ အနက် လိုအပ်ချက်ရှိသည့် ဆေးရုံများကို အဆင့်မြှင့်တင်မှုများနှင့် တိုးချဲ့မှုများ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း    နယ်မြေအတွင်းနေထိုင်သည့် ပြည်သူများ၏လူဦးရေကို တွက်ချက်၍ ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ဆေးရုံတိုးချဲ့တည်ဆောက်ရန်အတွက် လိုအပ်သည့်မြေနေရာ များကိုလည်း စဉ်းစား ဆောင်ရွက်ရန်လိုကြောင်း၊ ဆေးရုံများတွင် ကျန်းမာရေးဝန်ထမ်းများ၏နေအိမ်များ ထည့်သွင်းတည် ဆောက်ပေး ထားရန်လိုကြောင်း၊ ဆေးရုံများအတွက်  လိုအပ်သည့် ပါရဂူများကိုလည်း ခန့်အပ်တာဝန် ပေးရမည်ဖြစ်ကြောင်း ပြောကြား ၍ ဆေးရုံ၏ လိုအပ်ချက်များကို  မေးမြန်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

သန့်ရှင်းသပ်ရပ်နေရန်လို

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင်   ပြည်သူတိုင်း ကျန်းမာရန်လိုကြောင်း၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှအလုပ်လုပ်နိုင်မည် ဖြစ်ကြောင်း၊   ကျန်းမာရေးနှင့်ပတ်သက်၍   ငယ်ရွယ်စဉ်ကတည်းကပင် အခြေခံကောင်းများရှိရန်လိုကြောင်း၊ ထို့ကြောင့်     အစား အသောက်မှအစ    ဂရုတစိုက်ဆောင်ရွက်ရန်      လိုကြောင်း၊ ကျန်းမာရေးနှင့်      ပတ်သက်၍   စနစ်တကျဖြင့် ဆောင်ရွက်ပေးကြစေလိုကြောင်း၊     ဆေးရုံများသည် ပြည်သူများအတွက် အားကိုးဖွယ်ရာဖြစ်အောင် ဆောင်ရွက် ကြရန်လိုကြောင်း၊ ပြောဆိုဆက်ဆံမှုမှအစ   ကုသစောင့်ရှောက်မှုအပိုင်းများတွင်ပါ စနစ်တကျ      ရှိစေလိုကြောင်း၊ ဆေးရုံသည်   ကျန်းမာရေးစောင့် ရှောက်မှုပေးသည့်  နေရာတစ်ခုဖြစ်သဖြင့် သန့်ရှင်းသပ်ရပ်နေရန် လိုကြောင်း၊  အညစ်အကြေးစွန့် သည့်စနစ်များကိုလည်း  အနံ့ အသက်များ ကင်းရှင်းစေရေး ဆောင်ရွက်ရန်လိုကြောင်း။

 

ဝတ်စားဆင်ယင်မှုနှင့်  ပတ်သက်၍ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေသူများဖြစ်သဖြင့် ဝတ်စားဆင်ယင်မှုများ ကောင်းမွန်နေရန်လိုကြောင်း၊   ဆေးရုံသို့   လာရောက်ကုသသည့် ပြည်သူများအနေဖြင့်    မိမိတို့ ဆေးရုံသို့လာရောက်ချိန်တွင် အားကိုးသည့်စိတ်များ  ဖြစ်ပေါ် အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်ကုသမှုပေးရာတွင်လည်း     ကောင်းမွန်စွာဖြင့် ဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊ ဆေးရုံတက်ပြည်သူများ   ကျန်းမာရေးနှင့်   ညီညွတ်သည့်    အစာ အာဟာရများရရှိစေရေး စီမံဆောင်ရွက်ပေးရန်လိုကြောင်း၊ ကျန်းမာရေးကဏ္ဍမြှင့်တင်ရေးနှင့် ပတ်သက်၍    နိုင်ငံတော်အနေဖြင့်     တတ်နိုင်သမျှ ဖြည့်ဆည်းဆောင် ရွက်ပေးလျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ၏    နေထိုင်မှု အဆင်ပြေရေးအတွက်လည်း တတ်နိုင်သလောက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့်    နိုင်ငံတော်အပေါ် သစ္စာရှိစွာဖြင့်  တာဝန်ထမ်းဆောင်ပြီး ပြည်သူများမှ အားကိုးရသည့် ကျန်းမာရေးဝန်ထမ်းများ    ဖြစ် အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။

 

မှတ်တမ်းများကို စနစ်တကျထိန်းသိမ်း

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ခင်းကျင်းပြသထားသည့် စဝ်စံထွန်းဆေးရုံကြီး  အဆောက်အဦများ၊   စက်ပစ္စည်းများနှင့်   ပတ်သက်သော မှတ်တမ်းစာအုပ်များအား ကြည့်ရှု ပြီး တာဝန်ရှိသူများအား မှတ်တမ်း များကို စနစ်တကျဖြင့် ထိန်းသိမ်းရန် မှာကြားသည်။

 

အဆိုပါ စဝ်စံထွန်းဆေးရုံကြီး ကို ၁၉၅၇ ခုနှစ်တွင် ဝန်ထမ်း တပ်မဟာအမှတ်(၁) (Rehabili-tation Brigade No.1)မှ တပ်ရင်း မှူး ဗိုလ်မှူးချုပ် မောင်လွင် (B.Sc Engineering)က  ဦးဆောင်၍ ရုရှား-မြန်မာ  ချစ်ကြည်ရေး အတွက်ရည်ရွယ်ကာ ဆိုဗီယက်ပြည်ထောင်စုနိုင်ငံ၏ စီးပွားရေးနှင့် ကျွမ်းကျင်သူ ပူးပေါင်းဆောင်ရွက်မှုဖြင့်      တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊    အဆောက်အဦအားလုံးအတွက် ငွေကျပ်သိန်း  ၄၀   ကုန်ကျခဲ့ပြီး  ၁၉၆၁   ခုနှစ်၊ ဇွန်လတွင် စဝ်စံထွန်းဆေးရုံကြီးအား စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ပထမဦးဆုံး ဆေးရုံအုပ်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူမှာ  ဒေါက်တာ စဝ်နော်ခမ်းဖြစ်ပြီး ရှမ်းပြည်နယ်တွင် တစ်ခုတည်းသောဆေးရုံကြီး ဖြစ်ခဲ့ကြောင်း၊ စတင်ဖွင့်လှစ်ခဲ့ချိန်တွင်  ခုတင်-၂၀၀ ဆံ့  ဆေးရုံဖြစ်သော်လည်း ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ခုတင် - ၅၀၀     ဆံ့ဆေးရုံကြီးအဖြစ်   တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်