နေပြည်တော် အောက်တိုဘာ ၂၅

 

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်ပညာရေးဘွဲ့ ၅ နှစ် သင်တန်း အမှတ်စဉ်(၆) ကျောင်းသား ကျောင်းသူများကို ယနေ့ နံနက်ပိုင်းတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး ငုရွှေဝါခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

 

တွေ့ဆုံပွဲ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့် မြင့်တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ၁၉၆၄ ခုနှစ် အောက်တိုဘာလ ၂၀ ရက်တွင် စတင် ဖွင့်လှစ်ခဲ့သည့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးသိပ္ပံကို ၁၉၉၁ ခုနှစ် မေ ၁၀ ရက် တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ပေးခဲ့ ကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်အနေဖြင့် လေ့ကျင့် ပြုစုပျိုးထောင်ပေးခဲ့သည်မှ ယခုအခါ သင်တန်းဆင်း ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၄၂၈၈ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း။

 

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်သည် ပညာတတ်အရင်းအမြစ်များ‌ ပေါများ ခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း အသိပညာ၊ အတတ်ပညာပြည့်စုံသည့် ပညာ တတ်များနှင့် သာယာဝပြောသည့် အနာဂတ်နိုင်ငံတော်ကြီးကို တည်ဆောက်ရန် ဦးတည်ဆောင် ရွက်နေပြီး အရည်အသွေးပြည့်ဝသည့် ဘက်စုံပညာရေးစနစ် တိုးတက်ဖြစ်ပေါ်ရေးကိုလည်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း။

 

ကြိုးပမ်းဆောင်ရွက်

အနာဂတ်တွင် နိုင်ငံတော်က အားကိုးအားထားပြုရသည့်၊ ဗလငါးတန်နှင့် ပြည့်စုံသည့်၊ အရည် အချင်း ပြည့်ဝသည့်လူငယ်များကို မွေးထုတ်ပေးနိုင်ရန်အတွက် ဆရာ ဆရာမများ၏ သင်ကြား ပြသမှု၊ သွန်သင်ဆုံးမမှု ကောင်းမွန်ခြင်းအပေါ်တွင် မူတည်နေကြောင်း၊ ကျောင်းသား ကျောင်းသူ များ၏ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကို မှန်ကန်အောင် တည့်မတ်ပေးရေး သည် ဆရာ ဆရာမများ၏ တာဝန် ပင်ဖြစ်ကြောင်း၊ ထို့ပြင် တာဝန်ကျရာ ဒေသအသီးသီးက စာသင်ကျောင်းများတွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရာ ခိုင်နှုန်းမြင့်မားရေး၊ ကျောင်းသား ကျောင်းသူများကို အတန်းပညာ တတ်မြောက်စေရေး၊ တန်းစဉ် ကူးပြောင်းနှုန်း မြင့်မားစေရေး သာမက ဉာဏ်ပညာနှင့် တည် ဆောက်ထားသည့် လူ့ဘောင်အသိုင်းအဝိုင်း ဖြစ်ပေါ်လာစေရေး အလေးထား ကြိုးပမ်းဆောင် ရွက်သွားကြရန် မှာကြားလိုကြောင်း။

 

ပညာရပ်များလေ့ကျင့်ပေးသွားရန်လို

စာသင်ကျောင်း ဆိုသည်မှာ စာပေသင်ကြားပေးသည့် နေရာ သက်သက်သာမဟုတ်ဘဲ ပညာရေး၏ အနှစ်သာရဖြစ်သည့် အသိ ဉာဏ်ပညာဆိုင်ရာ ဗဟုသုတများပေးအပ်ခြင်း၊ စဉ်းစားတွေးခေါ်နိုင် စွမ်း၊ အမှားအမှန် ခွဲခြားသုံးသပ် နိုင်စွမ်းနှင့် နိုင်ငံသားကျင့်ဝတ်၊ လူမှုကျင့်ဝတ်များကို သင်ကြားပေး နေသည့် နေရာမျိုးဖြစ်ရန်လည်း လိုအပ်ကြောင်း၊ “အမျိုးသား စည်းကမ်းအစ စာသင်ကျောင်း က” ဆိုသည့်အတိုင်း မိမိတို့၏ တပည့်ကျောင်းသား ကျောင်းသူ များကို ကျောင်းစည်းကမ်းလိုက်နာ ခြင်းက အစပြုပြီး ဥပဒေ၊ စည်း မျဉ်း၊ စည်းကမ်းများကို လေးစား လိုက်နာတတ်သည့် နိုင်ငံကြီးသား အလေ့အကျင့်ကောင်းများ ကိန်း အောင်းလာကြစေရန် ကိုယ်တိုင် လေ့လာ တတ်မြောက်ခဲ့သည့် ပညာရပ်များနှင့် လေ့ကျင့်ပေး သွားကြရန် လိုအပ်ကြောင်း။

 

ဆုံးခန်းတိုင်အောင်သင်ယူ

လူသားများ၏ဘဝသည် အသိ ပညာ၊ အတတ်ပညာ ပြည့်စုံမှု ရှိ၊ မရှိအပေါ်တွင် မူတည်ပြီး ကွာခြား မှုများ၊ ပြောင်းလဲမှုများ ရှိနေခြင်း ပင်ဖြစ်ကြောင်း၊ ငယ်စဉ်ကတည်း က ပညာကို တစိုက်မတ်မတ်ဖြင့် ဆုံးခန်းတိုင်အောင် သင်ယူနိုင်ကြ ပါက ဘဝအတွက် ပိုမိုအကျိုးရှိ မည်ဖြစ်ကြောင်း၊ ပညာတစ်စိတ် တစ်ပိုင်းဖြင့် ကျောင်းထွက်ကြ ရပြီး အကြောင်းအမျိုးမျိုးကြောင့် ပညာကိုဆုံးခန်းတိုင် မသင်နိုင်ကြ ပါက ပညာပြည့်ဝသင့်သလောက် မပြည့်ဝနိုင်ဘဲ ဘဝတွင် လိုအပ်ချက်များ ရှိနေကြမည်ပင်ဖြစ် ကြောင်း၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ အဆင့်မြင့် အစ ရှိသည့် ပညာကိုသင်ယူပါက သင်ယူနိုင်သလောက် ဘဝတွင် လိုအပ်ချက်များ ပြည့်စုံနိုင်သည်ကို မိမိကိုယ်တွေ့နှင့် နှိုင်းယှဉ်ပြီး မိမိတို့ တပည့်များကို ပညာကိုသင်ယူနိုင် သလောက်သင်ယူကြရန်၊ အတတ်ပညာရှင်၊ အသိပညာရှင်၊ ကျွမ်းကျင်သူ၊ ပါရဂူများဖြစ်သည်အထိ ကြိုးစားသွားကြရန်၊ တိုက်တွန်း လေ့ကျင့်ပေးကြ ရန်မှာ ကြားလိုကြောင်း။

 

အတတ်ပညာပြည့်ဝရေး

လူသားတစ်ယောက်အတွက် အတတ်ပညာ ပြည့်ဝရေးသည် အခြေခံလိုအပ်ချက် ဖြစ်သကဲ့သို့ အသိပညာ၊ ဗဟုသုတ၊ အတွေး အခေါ် အယူအဆပြည့်စုံမှန်ကန် ရေးသည်လည်း မရှိမဖြစ်လိုအပ် ကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အတတ်ပညာသာမက အသိပညာ ဗဟုသုတများရှာမှီးနိုင်ရန် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများကို အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းသည် ပညာရေးနှင့် ဆက်စပ်နေခြင်းဖြစ်သဖြင့် မောင်တို့၊ မယ်တို့ ရောက်ရာဒေသ၊ တာဝန်ကျသည့် နေရာများတွင် အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း။

 

အမျိုးသားရေးတာဝန်ဖြစ်

မျက်မှောက်ကာလ မြန်မာ့ အခြေအနေ၊ ကမ္ဘာ့အခြေအနေတို့အရ မြန်မာနိုင်ငံသားတိုင်း ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်လူမျိုး၊ ကိုယ့်အချုပ်အခြာအာဏာကို ကာကွယ်ရန် အချိန်ကျရောက်လာပြီဖြစ် ကြောင်း၊ ပြည်သူတစ်ယောက် အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်ခြင်းသည် နိုင်ငံတော်ကြီးတစ်ခုလုံးနှင့် နိုင်ငံသူ၊ နိုင်ငံသားအားလုံးကို ကာကွယ်စောင့်ရှောက်ခြင်းပင် ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းသည် အမျိုးသားရေးတာဝန်လည်းဖြစ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေးတွင် အဓိကတာဝန်ရှိသည့် တပ်မတော်ကို ပြည်သူ့အားဖြင့် ပူးပေါင်းကူညီကြရမည် ဖြစ်သကဲ့သို့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးတာဝန်များကို ပြည်သူနှင့်တပ်မတော် အတူတကွ ဦးထမ်း ပဲ့ထမ်း တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း။

 

တိုင်းပြည်၏ အားသည် ပြည်တွင်းမှာသာရှိသည်ဆိုသည်ကို မိမိတို့တစ်တွေ ဖြတ်သန်းခဲ့သည့် သမိုင်းက ပြဆိုခဲ့ပြီးဖြစ်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်တွင်းအားဖြင့်သာ အဓိက ထား တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ မြေပေါ်၊ မြေ အောက်နှင့် ရေသယံဇာတကြွယ်ဝပြီး လူသားအရင်းအမြစ်များရှိနေသည့် မိမိတို့နိုင်ငံတွင် တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ်ဖြင့် ကြိုးစားကြပါက မိမိတို့နိုင်ငံသည် ဒေသတွင်းမှာသာမက ကမ္ဘာ့ထိပ်တန်းအဆင့်အထိ ရောက်ရှိ မည်မှာ မလွဲဧကန်ဖြစ်ကြောင်း။

 

ပြည်ထောင်စုစိတ်ဓာတ်ထားရှိကြရန်အရေးကြီး

မိမိတို့နိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်း ၁၃၀ ကျော် မှီတင်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ် ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု နိုင်ငံတွင် ပြည်ထောင်စုစိတ်ဓာတ် ထားရှိကြရန် အလွန် အရေးကြီးကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ် ဆိုသည်မှာ မိမိတို့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမ များအားလုံးသည် “တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တို့အားလုံးသည် သွေးချင်း ညီအစ်ကိုများ ဖြစ်ပြီး အရေးကြီးရင် သွေးနီးကြရမည်” ဆိုသည့်စိတ်၊ “တောင်ပေါ်မြေပြန့် မခွဲခြား၊ တို့အားလုံးသည် သား ချင်းများဖြစ်ကြပြီး နိုင်ငံတော်ကို ပူးပေါင်းကာကွယ် စောင့်ရှောက် ကြရမည်” ဆိုသည့်စိတ်၊ “မရှိ အတူ ရှိအတူ၊ အေးအတူပူအမျှ၊ ဥမကွဲသိုက်မပျက် အတူတကွ ချစ်ကြည်ရင်းနှီးစွာ နေထိုင်ကြသည့် မိသားစုများ” ဆိုသည့် စိတ်ဓာတ်များပင် ဖြစ်ကြောင်း။

 

ထို့ကြောင့် မောင်တို့၊ မယ်တို့ အနေဖြင့် မိမိတို့ ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမ များအကြား အပြန်အလှန်လေးစား မှု၊ နားလည်မှု၊ ယုံကြည်မှုများ တည်ဆောက်ကြရာတွင် အတွေး အခေါ်အယူအဆ မှန်ကန်စွာဖြင့် စည်းစည်းလုံးလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် လိုအပ် ကြောင်း၊ အထူးသဖြင့် မိမိတို့ စာပေပညာသင်ကြားပေးရမည့် တိုင်းရင်းသားလူငယ်များကို ပြည်ထောင်စုစိတ်ဓာတ် ကိန်းအောင်းပြီး နိုင်ငံ၏ကောင်းကျိုးကို သယ်ပိုးဆောင်ရွက်လိုသော မွန်မြတ်သည့် စိတ်စေတနာကောင်းများ ထာဝရရှင်သန်ဖြစ်ထွန်းနေအောင် လေ့ကျင့်ပေးကြရန် အဓိကထား မှာကြားလိုကြောင်း။

 

မိမိတို့နိုင်ငံတွင် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ထွန်းကား ရေးအတွက် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန် အလွန် အရေးကြီးကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲကျင်းပနိုင်ရေးကို အန္တိမရည်မှန်းချက်ထားပြီး ရွေးကောက်ပွဲအတွက် လိုအပ်သည်များကို စတင်ပြင်ဆင်ဆောင် ရွက်နေပြီဖြစ်သည်ကို အားလုံး အသိပင်ဖြစ်ကြောင်း။

 

လူကောင်း၊ လူတော်များဖြစ်အောင် ပြုစုပျိုးထောင်

ပြည်ထောင်စုကြီး အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးအတွက် ဒို့တာဝန်အရေးသုံးပါးကို အစဉ်ဦးထိပ် ထားပြီး တိုင်းရင်းသား ပြည်သူများအကြား တိုင်းရင်းသား စည်းလုံးညီညွတ်ရေး စိတ်ဓာတ်ဖြင့် ပြည်ထောင်စုစိတ်ဓာတ် အခြေခံကောင်းများ ရရှိလာအောင် စည်းရုံးဦးဆောင်ပေးကြရန်၊ မိမိတို့ တာဝန်ထမ်းဆောင်ကြရမည့် စာသင်ကျောင်းအသီးသီးတွင်ရှိသည့် ကျောင်းသား ကျောင်းသူ လူငယ် များကို ဗလငါးတန်နှင့် ပြည့်စုံပြီး နိုင်ငံတော်က အားကိုးအားထားပြုနိုင်ရန်အတွက် အရည် အချင်းပြည့်ဝသည့် ပညာတတ် လူကောင်း၊ လူတော်များ ဖြစ်လာ အောင် ပြုစုပျိုးထောင်ပေးကြရန်၊ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းတက်နိုင်ရေး၊ စာမတတ်သူ ပပျောက်ရေးနှင့် စာတတ်သူ တိုင်းစာဖတ်ကြရေး ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ် သင်တန်းအမှတ်စဉ်(၆)ကျောင်းသား ကျောင်းသူများကိုယ်စား မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာ မြို့နယ်မှ ချင်းတိုင်းရင်းသူ မမြတ်သင်ဇာကျော်က ဂါရဝပြုကျေးဇူးတင်စကား ပြန်လည် ပြောကြားရာတွင် ယခုကဲ့သို့မိမိတို့အား အချိန်ပေးတွေ့ဆုံပြီး သိသင့်သိထိုက်သည်များကို လမ်းညွှန် ဩဝါဒပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ လမ်းညွှန်မှုများကို မိမိတို့အတွက် အရေးပါသည့် လုပ်ငန်းလမ်းညွှန် ချက်များအဖြစ်ခံယူပြီး အလေးအနက်ထား လိုက်နာဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ လမ်းညွှန်မှုများတွင် ပါဝင်သည့် နိုင်ငံသားများအားလုံး အသိပညာ၊ အတတ် ပညာနှင့် လူမှုဘဝတိုးတက်စေရေး၊ နိုင်ငံတော်၏ နိုင်ငံရေး လုပ်ငန်းစဉ်များ၊ အမျိုးသားရေး ရည်မှန်းချက်များ အကောင်အထည် ဖော်ဆောင်ရေး၊ အနာဂတ်တွင် အသိပညာကြွယ်ဝသည့် လူ့ အသိုက်အဝန်းကို ပုံဖော်တည်ဆောက်နိုင်ရေးတို့တွင် မိမိတို့အနေဖြင့် အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု အလေးအနက်ထား ကတိပြုတင်ပြအပ်ပါကြောင်း၊ သင်တန်းဆင်းပြီး နောက် ပညာရေးဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်ရချိန်တွင်လည်း နိုင်ငံတော်က ပြုစု ပျိုးထောင်ပေးထားသည့် သားကောင်း၊ သမီးမွန်များ ပီသစွာ နိုင်ငံ့သားကောင်း စိတ်ဓာတ်ဖြင့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ ကျောင်းသား ကျောင်းသူ နှစ်ဦးက အမှတ်တရ လက်ဆောင်ပစ္စည်းကို ဂါရဝပြုပေးအပ်သည်။

 

ရင်းရင်းနှီးနှီး လိုက်လံမေးမြန်းနှုတ်ဆက်အားပေး

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများ၊ ကျောင်းသား ကျောင်းသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကျောင်းသား ကျောင်းသူများကို တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံမေးမြန်း နှုတ်ဆက်အားပေးခဲ့ပြီး ကျောင်းသား ကျောင်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်