နေပြည်တော် ၊ နိုဝင်ဘာ ၁၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး 8th Greater Mekong Subregion(GMS) အပါအဝင် ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၉ နံနက်ပိုင်းတွင် ချုံချင့်မြို့၊ ကျန်းပေ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရှန်းကျန့်မြို့သို့ထွက်ခွာရာ ချုံချင့်မြို့၊ ဒုတိယမြို့တော်ဝန် Mr. Shang Kui နှင့် အဖွဲ့ဝင်များ၊ ချုံချင့်မြို့ရှိ မြန်မာကောင်စစ် ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်း နှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရှန်းကျန့်မြို့၊ ဘောင်အန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ ရှန်းကျန့်မြို့ ဒုတိယမြို့တော်ဝန် Mr. Dai Jin Tao ၊ နန်နင်းမြို့မှ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး၊ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းနှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုပန်းစည်းဖြင့် လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
Hytera Communications Corporation Limited
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ရှန်းကျန့်မြို့ရှိ Hytera Communications Corporation Limited သို့သွားရောက်လေ့လာကြရာ Founder and Chairman ဖြစ်သူ Mr. Chen Qingzhou နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ကုမ္ပဏီပြခန်းမအတွင်း၌ ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းကို ဖွင့်လှစ်ပြသပြီး သမိုင်းအကျဉ်း၊ ကမ္ဘာတစ်ဝန်းလုံး၌ အသုံးပြုလျက်ရှိသည့် ကုမ္ပဏီမှထုတ်လုပ်သော ဆက်သွယ်ရေး နည်းပညာရပ်ဆိုင်ရာပစ္စည်းများနှင့် အသုံးဝင်မှုများ၊ အရေးပေါ်အခြေအနေများ၌ ဆက်သွယ်မှု မပြတ်တောက်စေရေး၊ ကဏ္ဍအလိုက် အခမ်းအနားကြီးများပြုလုပ်ရာတွင် ဆက်သွယ်မှုစနစ် လွယ်ကူမြန်ဆန်ချောမွေ့စေရေး ဆောင်ရွက်နိုင်ခဲ့မှုများအတွက် ဆုတံဆိပ်များရရှိခဲ့များ၊ ခေတ်အလိုက် ပြောင်းလဲတိုးတက်လာသည့် နည်းပညာနှင့်အတူ ဆန်းသစ်တီထွင် ထုတ်လုပ် ထားရှိပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးပေးလျက်ရှိသည့် ဆက်သွယ်ရေးပစ္စည်းကိရိယာများ စသည်တို့ကို လိုက်လံရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က သိရှိလိုသည်များနှင့် အကြံပြုချက်များကို ပြန်လည်ဆွေးနွေး ခဲ့သည်။
The Tide Rises in the Pearl River Exhibition Center
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကွမ်တုံပြည်နယ်၏ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်စီးပွားရေး ဆောင်ရွက်မှုများ အကောင်အထည် ဖော်ခဲ့သည့် နှစ် ၄၀ မြောက် အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်ထား သည့် “The Tide Rises in the Pearl River Exhibition Center” သို့ သွားရောက် လေ့လာကြည့်ရှုကြရာ ပြတိုက်မှူး Mr. Huang Chen နှင့်တာဝန်ရှိသူ များက ကြိုဆို နှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ရှန်းကျန့်မြို့၏ ခေတ်အဆက်ဆက် ပြုပြင်ပြောင်းလဲတိုးတက် လာမှုသမိုင်းမှတ်တမ်းကို ဖွင့်လှစ်ပြသသည်။ ထို့နောက် နှစ်အလိုက် ပြောင်းလဲလာသည့် ကွမ်ကျိုးလူနေမှုဘဝ၊ ပညာရေး စနစ်၊ အုပ်ချုပ်ရေးစနစ်၊ ကွမ်တုံပြည်နယ်၏ သင်္ကေတ၊ ၁၉၈၀ နောက်ပိုင်း ပြည်တွင်း၊ ပြည်ပ တင်ပို့ရောင်းချလျက်ရှိသည့် ချည်ထည်ပြခန်းအပါအဝင် ကဏ္ဍစုံ၌ ဖွံ့ဖြိုးတိုးတက်လာသည့် မှတ်တမ်းဓာတ်ပုံများ၊ သရုပ်ပြပုံများ၊ အထူးစီးပွားရေးဇုန်စတင် ထူထောင်ခဲ့မှုမှတ်တမ်းများ၊ အခြေခံ အဆောက်အဦ စတင်ဆောက်လုပ်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများနှင့် ပစ္စည်းများ ခင်းကျင်း ပြသထားရှိမှုနှင့် ပြုပြင်ပြောင်းလဲမှုကာလတစ်လျှောက် ပါတီဗဟိုကော်မတီက ချမှတ်ပေးခဲ့သော ပြုပြင်ပြောင်းလဲမှုနှင့် အဆင့်ဆင့်ပြောင်းလဲတိုးတက်လာမှု ပြခန်းများကို လေ့လာကြည့်ရှုခဲ့ပြီး ပြတိုက်မှူးနှင့် ပြကွက်များအလိုက် တာဝန်ခံများ၏ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေး မြန်းဆွေးနွေးပြောကြားသည်။
ထို့နောက် ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Civic Center သို့ ရောက်ရှိကြပြီး LED Light Show ရောင်စုံမီးအလှများအား နည်းပညာအသုံးပြု၍ လူအများစိတ်ဝင်စားစေရန် ဆောင်ရွက်ထားရှိမှုအား သွားရောက်ကြည့်ရှု လေ့လာခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင် အသင်းချုပ် (UMFCCI) မှ တည်ခင်း ဧည့်ခံသည့် ခရီးစဉ်ဂုဏ်ပြုညစာစားပွဲကို အတူတကွ တက်ရောက်သုံးဆောင်ခဲ့ကြပြီး ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။
BYD မော်တော်ကား ထုတ်လုပ်ရေးကုမ္ပဏီ
ယင်းနောက် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရှန်းကျန့်မြို့ရှိ BYD မော်တော်ကား ထုတ်လုပ်ရေးကုမ္ပဏီသို့ ရောက်ရှိ လေ့လာကြရာ ကုမ္ပဏီမှ Asia-Pacific Auto Sales Division Country Head of BYD Myanmar ဖြစ်သူ Mrs. Gillian Li နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ကုမ္ပဏီမှ ထုတ်လုပ်ထားသည့် BYD-U9 မော်ဒယ်ဖြင့် သရုပ်ပြသသည်။ ထို့နောက် ကုမ္ပဏီပြခန်းအတွင်း၌ ထုတ်လုပ်ထားသည့် ကားအမျိုးအစားများအား တစ်စီးချင်းစီအလိုက် ရှင်းလင်းပြသပြီး ကုမ္ပဏီ သမိုင်းအကျဉ်းနှင့် လုပ်ငန်းဆောင်ရွက်နေမှုမှတ်တမ်းကို ဖွင့်လှစ်ပြသည်။
ယင်းနောက် မော်တော်ယာဉ်ဖွဲ့စည်းတည်ဆောက်မှုအစိတ်အပိုင်းများကို အပိုင်းလိုက် ခင်းကျင်း ပြသထားမှု၊ နှစ်အလိုက်ဖွံ့ဖြိုးတိုးတက်လာမှုများ၊ ထုတ်လုပ်နေမှုအဆင့်ဆင့်အား ပုံစံငယ်ဖြင့် ပြသထားမှု၊ EV ရထားနှင့် ရထားတွင်ပါဝင်သည့်အစိတ်အပိုင်းများ၊ ပြည်တွင်း၊ ပြည်ပ၌ ပြေးဆွဲလျက် ရှိမှုများ၊ ကုမ္ပဏီမှ ထုတ်လုပ်သုံးစွဲထားသည့် ဘထ္ထရီနှင့် ရိုးရိုးဘထ္ထရီတို့၏ ခံနိုင်ရည်စွမ်းရည်အား လက်တွေ့နှိုင်းယှဉ် သရုပ်ပြသမှုတို့ကို လိုက်လံကြည့်ရှုလေ့လာခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် Mrs. Gillian Li တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။










