နေပြည်တော် ဒီဇင်ဘာ ၃
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်နှင့်
ဦးတည်ချက်များချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာ စကားပြောကြား ရာတွင် မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်း စဉ်များနှင့် ဦးတည်ချက်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ်သည် နိုင်ငံတော်၏ရည်မှန်းချက်၊ နိုင်ငံရေးမျှော်မှန်းချက်များဖြစ်ကြောင်း၊ ဦးတည်ချက်(၉) ရပ်သည် နိုင်ငံတော်၏မူဝါဒများဖြစ်ပြီးအစိုးရအဖွဲ့၏ လုပ်ငန်းတာဝန်အနှစ်ချုပ်ပင်ဖြစ်ကြောင်း၊ အစိုးရဝန်ကြီးဌာန များအလိုက် တိုက်ရိုက်ဆောင်ရွက်ရခြင်းများရှိသကဲ့သို့ နိုင်ငံတော်မှတိုက်ရိုက် အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းများလည်းရှိကြောင်း၊ ဥပမာအားဖြင့် နိုင်ငံရေး ဦးတည်ချက်ဖြစ်သည့် “ စစ်မှန်၍စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး” ဆိုသည့်အချက်နှင့်ပတ်သက်၍ ၎င်းအပေါ်အခြေခံ၍ မိမိတို့ လုပ်ဆောင်နေသည့်လုပ်ငန်းများသည် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို သွားသည့် လုပ်ဆောင်ချက်မျိုးဖြစ်ရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးသည်လည်း အလားတူပင်ဖြစ်ကြောင်း၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အဆင့်ဆင့်ခွဲဝေပေးထားပြီးဖြစ်၍ မှန်မှန် ကန်ကန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် တာဝန်ပေးမှဆောင်ရွက်ခြင်းထက် လုပ်သင့်လုပ်ထိုက်သည်များကို အကောင်အထည် ဖော်ဆောင်ရွက်သွား ကြရန်လိုကြောင်း။
အလားတူ “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ပါအတိုင်း အလေးထားလုပ်ဆောင်ရေး” ဆိုသည့်အချက်တွင် ပြည်ထောင်စု အစိုးရအနေဖြင့် ဆောင်ရွက်ရခြင်းရှိသကဲ့သို့ ဝန်ကြီးဌာနများအလိုက် ဆောင်ရွက်ရခြင်းများလည်းရှိ ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လုပ်ဆောင်ရသည်များလည်းရှိကြောင်း၊ ဌာနဆိုင်ရာ အသီးသီးမှလည်း ဆောင်ရွက်ရသည်များလည်းရှိကြောင်း၊ ထိုသို့အဆင့်ဆင့် ဆောင်ရွက်သွားမည်ဆိုပါက ငြိမ်းချမ်းရေးနှင့် ပတ်သက်သော နိုင်ငံရေးဦးတည်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မည်ဖြစ်ကြောင်း၊ ၎င်းတို့မှာ ဥပမာများသာဖြစ်ကြောင်း၊ ဦးတည်ချက်များကို ချမှတ်ရာတွင် တစ်ချက်ချင်းစီအလိုက် သက်ဆိုင်ရာဖော်ပြချက်များအားလုံးသည် အဓိပ္ပါယ်ရှိပြီးဖြစ်ကြောင်း၊ အဆိုပါ အချက်များကို မိမိတို့ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များအနေဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများအောင်မြင်မှုရှိ/မရှိ ပြန်လည်သုံးသပ် ဆောင်ရွက် ကြရန်လိုကြောင်း။
မိမိတို့အကောင်အထည်ဖော်ဆောင်ရွက်ရသည့် လုပ်ငန်းရပ်များကို
အားသွန်ခွန်စိုက် အောင်မြင်အောင် ဆောင်ရွက်ကြစေလို
အစိုးရတစ်ရပ်ဟူသည်မှာ တာဝန်ထမ်းဆောင်ရာတွင် အချိန်ကာလအရ ကန့်သတ်မှုများရှိကြောင်း၊ ထို့ကြောင့်ရရှိသည့်အချိန်ကာလအတွင်း ထမ်းဆောင်ရမည့် နိုင်ငံ့တာဝန်များကို အောင်မြင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့အစိုးရအနေ ဖြင့် တာဝန်ယူဆောင်ရွက်ချိန်တွင် ကိုဗစ်-၁၉ ဖြစ်ပွားမှုနှင့် နိုင်ငံရေးအကြပ်အတည်း များကို ရင်ဆိုင်ကျော်လွှားခဲ့ရကြောင်း၊ အဆိုပါအချိန်တွင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများမှသင်ခန်းစာရယူ၍ တိုးတက်အောင် ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့် ပတ်သက်၍ တိုးတက်မှုနည်းပါးနေသေးသည်ကို တွေ့ရကြောင်း၊ ကိန်းဂဏန်းအချက်အလက်များအရ အောင်မြင်မှုများဖြင့် ကျေနပ်နေ၍မရဘဲ လက်တွေ့မြေပြင်၌လည်း အမှန်တကယ်တိုးတက်အောင်မြင်မှု ရှိရန်လိုကြောင်း၊ ကိန်းဂဏန်း အချက်အလက်များ မှန်ကန်မှုမရှိပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများရေးဆွဲရာတွင် မှားယွင်းမှုများဖြစ်ပေါ်စေနိုင်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စီးပွားရေးရာဝန်ကြီးများနှင့် စီမံကိန်းရေးဆွဲရေးဌာနများအနေဖြင့် စီမံကိန်းများရေးဆွဲရာတွင် လက်တွေ့ ကျသည့်စီမံကိန်းနှင့် ပြည်သူကိုအမှန် တကယ်အကျိုးပြုနိုင်သည့် စီမံကိန်းများဖြစ်စေရေး စနစ်တကျ အသေးစိတ်တွက်ချက် ရေးဆွဲရန်လိုကြောင်း၊ မြေပြင်အခြေအနေမှန်များကို လေ့လာသုံးသပ်ပြီးမှသာ ဆောင်ရွက်ရန် လိုကြောင်း၊ နိုင်ငံ့ဘဏ္ဍာငွေများကိုသုံးစွဲရာတွင်လည်း လက်တွေ့အကျိုးပြုစေနိုင်မည့် နေရာများ၌သာ သုံးစွဲသွားရန်လိုကြောင်း။
ကုန်ဈေးနှုန်းများကျဆင်းရေးအတွက်
ကုန်ထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက်
စီးပွားရေးနှင့်ပတ်သက်၍ အသား၊ ငါးနှင့် အခြေခံစားကုန် ကုန်ဈေးနှုန်းများကြီးမြင့် လာမှုများဖြစ်ပေါ် လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် ပြည်သူများ၏ အခြေခံ စားကုန်များနှင့်ပတ်သက်၍ သင့်တင့်လျောက်ပတ်သည့် အမြတ်ကိုသာတင်၍ ရောင်းချသွားရန်လိုကြောင်း၊ ပြည်သူများအား ရောင်းချရာတွင် အမြတ်ငွေနည်းနည်းနှင့် ပမာဏများများရောင်းချနိုင်ခြင်းဖြင့် ပြည်သူ လူထုသက်သာချောင်ချိမှုရှိအောင် ဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း။
ကုန်ဈေးနှုန်းကြီးမြင့်မှုများအပေါ် ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် စနစ်တကျစိစစ်ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ကုန်ဈေးနှုန်း များဖြစ်စေရေး စေတနာထား၍ အပင်ပန်းခံဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံအတွင်း ဝင်ငွေနှင့် ထွက်ငွေ ကိုလည်း မျှတအောင်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုကိုမဖြစ်မနေ တိုးမြှင့် ဆောင်ရွက်၍ ပြည်ပသို့တင်ပို့ရောင်းချနိုင်ရန်လိုကြောင်း၊ လက်ရှိတင်ပို့နေသည်ထက် နှစ်ဆခန့် ပိုမိုတင်ပို့နိုင်ရန် လိုကြောင်း၊ ကုန်ထုတ်လုပ်မှုကို ယခုထက်တိုးမြှင့် ဆောင်ရွက်နိုင်ရန်အတွက် အလုပ်အကိုင်များ ဖန်တီးပေးခြင်းနှင့် ကုန်ထုတ်လုပ်ငန်းများအပေါ် incentive များပေးရန်လိုကြောင်း၊ အလုပ်အကိုင်များဖန်တီးရာတွင် လိုအပ်သည့်သွင်းအားစုများကိုလည်း လုံလောက်စွာရရှိအောင် ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ ထုတ်လုပ်မှုကို မဖြစ်မနေတိုးမြှင့် ဆောင်ရွက် သွားရန် လိုအပ်မည်ဖြစ်ပြီး “မှတစ်ပါး အခြားမရှိ” ကြောင်း၊ ထုတ်လုပ်မှုများဆောင်ရွက်ရာတွင် ဈေးကွက်ရှိပြီး အရည်အသွေးပြည့်မီသည့် ကုန်ပစ္စည်းများဖြစ်ရန်လိုကြောင်း၊ ကုန်ပစ္စည်းချင်းတူပါက ဈေးသက်သာရမည်၊ ဈေးချင်းတူပါက အရည်အသွေး ကောင်းမွန်ရမည်ဖြစ်ကြောင်း၊ ယင်းအချက်နှစ်ချက်ဖြင့် ဆောင်ရွက်ပါက အောင်မြင် နိုင်မည်ဖြစ်သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ အနေဖြင့် စဉ်းစားဆောင်ရွက်ကြရန်ပြောကြားလိုကြောင်း။
အချက်အလက်များ မှန်ကန်မှုရှိရန်လိုအပ်မှု
ကိန်းဂဏန်းအချက်အလက်များ ခိုင်မာမှန်ကန်ရေးနှင့်ပတ်သက်၍လည်း ထပ်မံပြောကြားလိုကြောင်း၊ ဥပမာအနေဖြင့် မိမိတို့နိုင်ငံတွင် ဝါများပိုလျှံမှုရှိသည်ဟု ကိန်းဂဏန်းအချက်အလက်များအရသိရှိရပြီး ပြည်ပသို့တင်ပို့ထားသည့် ကိန်းဂဏန်းအချက်အလက်နှင့် အမှန်တကယ်တင်ပို့ထားသည့် အချက်အလက် များကွဲလွဲနေသည်ကို တွေ့မြင်ရကြောင်း၊ ဆန်နှင့်ပတ်သက်၍လည်း နှစ်စဉ်ပိုလျှံမှုများရှိကြောင်း၊ သို့သော် ပိုလျှံသည့်ဆန်နှင့် ပြည်ပသို့တင်ပို့သည်ဆန်ပမာဏ ကွာခြားနေကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက်မှတင်ပြသည့် အချက်အလက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ စိစစ်ရခြင်းဖြစ်ပြီး ကိန်းဂဏန်း အချက်အလက်များအရ လွဲမှားမှုမဖြစ်ပေါ်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ မြေပြင်ထွက်ရှိ သည့် အထွက်နှုန်းများနှင့် အစိုးရတာဝန်ရှိသူများထံသို့ တင်ပြသည့်အချက်အလက်များ ကိုက်ညီမှုရှိရန်နှင့် မြေပြင်အမှန်အတိုင်းဖြစ်ရန်လိုကြောင်း။
Green Zone Area များ ဖော်ဆောင်ပြီး
စိမ်းလန်းစိုပြေသည့် အနာဂတ်နိုင်ငံတော်ကို ပုံဖော်တည်ဆောက်ရေး
စိမ်းလန်းသာယာစိုပြေရေးနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် Green Zone Area များ ဖော်ဆောင်သွားရန်လိုပြီး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိန်းသိမ်း ကြပ်မတ်ရမည့် လုပ်ငန်းရပ်တစ်ခုဖြစ်ပြီး ကြပ်မတ်မှုအားနည်းပါက နောင်အနာဂတ်တွင် သစ်တော သစ်ပင်ပြုန်းတီးမှုနှင့် ရာသီဥတုဖောက်ပြန်မှုတို့ကို ကြုံတွေ့ရနိုင်မည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် မိုးရာသီ၌ သစ်ပင်စိုက်ပျိုးပွဲတော်များ ဆောင်ရွက်ခဲ့ကြပြီး စိုက်ပျိုးခဲ့သည့်အပင်များ ဆက်လက် ရှင်သန်ဖြစ်ထွန်းစေ ရေးအတွက်လည်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံတော်အစိုးရမှ အချိန်၊ ငွေကြေးနှင့် လုပ်အား အရင်းအနှီးများ များစွာကုန်ကျခံပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် အောင်မြင်မှုရှိအောင် ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ လမ်းဘေးဝဲယာများတွင်လည်း သစ်ပင်သစ်တောများ ရှင်သန်မှုရှိအောင်စိုက်ပျိုးခြင်း၊ ထိန်းသိမ်းခြင်းများ ဆောင်ရွက်သွားကြရန်လိုပြီး ဒေသအလိုက်၊ နယ်အလိုက် အနီးကပ်ရှိသည့် အုပ်ချုပ်ရေးမှူးများနှင့် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုကြပ်မတ် ဆောင်ရွက်ကြရန်လိုကြောင်း၊ လမ်းနယ်များ၊ မီးရထားလမ်းနယ်များနှင့်ပတ်သက်၍ လည်း လမ်းမကြီးများ ဥပဒေ၊ မီးရထားလမ်း ဥပဒေတို့နှင့်အညီ စနစ်တကျဖြစ်ရန်လိုကြောင်း၊ ခေတ်အဆက် ဆက် ထိန်းသိမ်းကြပ်မတ်မှုအားနည်းခဲ့၍ လမ်းနယ်များ၊ မီးရထားလမ်းနယ်များနှင့် ပတ်သက်၍ သတ်မှတ်ချက်များနှင့်အညီဖြစ်စေရေး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း။
ကုန်ထုတ်လုပ်မှုစွမ်းအားရှိသည့် နိုင်ငံဖြစ်စေရေး
အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးရန်လို
အလုပ်သမားရှားပါးမှုပြဿနာနှင့်ပတ်သက်၍ အချို့လုပ်ငန်းရှင်များ၏ တင်ပြချက်များ အရသိရှိရကြောင်း၊ မိမိတို့နိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများ၌ နေထိုင်ကြပြီး ၅၀ ရာခိုင်နှုန်းခန့်သည် ပညာအရည်အချင်း အားနည်းကြကြောင်း၊ ၄၁ ရာခိုင်နှုန်းခန့်သည် လယ်ယာသစ်တောသားငါးကဏ္ဍတွင် လုပ်ကိုင်ကြသူများဖြစ်သဖြင့် မိမိတို့အနေဖြင့် လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုမှ အလုပ်အကိုင်များ ဖော်ဆောင်ပေးနိုင်ရေး လက်ရှိအခြေအနေ၌ မဖြစ်မနေလိုအပ်လျက်ရှိကြောင်း၊ လူဦးရေ သန်းပေါင်းများစွာရှိသည့် နိုင်ငံများအနေဖြင့် ပြည်ပသို့ သွားရောက်အလုပ် လုပ်ကိုင်ကြသည့်ပမာဏမှာ မသိသာသော်လည်း မိမိတို့ကဲ့သို့ လူဦးရေနည်းပါးသောနိုင်ငံအတွက်မူ လျော့သွားသည်မှာ သိသာကြောင်း၊ အလုပ်လုပ်ကိုင်မည့်စွမ်းအားများ လျော့နည်းသွားသည်ဖြစ်သဖြင့် ထိုက်တန်သည့် အလုပ်အကိုင်နှင့် လုပ်ခလစာများရရှိရေးကို ဆောင်ရွက်ပေးစေလိုကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် အနေဖြင့်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရန်လိုကြောင်း၊ သို့မှသာ ဒေသ၏ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ်စွမ်းအားများ မြင့်တက်လာပြီး Supply နှင့် Demand မျှအောင်လုပ်ဆောင်ပေးနိုင်မည်ဆိုပါက ကုန်ဈေးနှုန်းကြီးမြင့်မှုကိုလည်း ထိန်းသိမ်း နိုင်မည်ဖြစ်ကြောင်း၊ ထိုမှတဆင့်ပို့ကုန်များတိုးတက်လာပြီး ဝင်ငွေတိုးတက်လာပါက ငွေကြေးဈေးနှုန်း များလည်း ကျဆင်းလာနိုင်မည်ဖြစ်ကြောင်း။
ပြည်တွင်းဆီစားသုံးမှု ဖူလုံရေး
ဆီဖူလုံရေးနှင့်ပတ်သက်၍လည်း မိမိအနေဖြင့် ၂၀၂၁ ခုနှစ်ကတည်းမှစ၍ ၄၁ ကြိမ်တိုင် တိုက်တွန်း ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ စီးပွားရေးဦးတည်ချက်တွင်လည်း “ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက် သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်း ဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး”ကို ထည့်သွင်းချမှတ် ထားပြီး မိမိတို့အနေဖြင့် ပြည်တွင်းစားသုံးမှုဖူလုံမှုရှိအောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း၊ ဆီထွက် သီးနှံများနှင့်ပတ်သက်၍ ပန်းတိုင်ရည်မှန်းချက်အတိုင်းထွက်ရှိအောင် ဆောင်ရွက်နိုင်ခြင်းမရှိသည်ကို စနစ်တကျအဖြေရှာ၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ နည်းလမ်းရှာ၍ လုပ်ဆောင်မည်ဆိုပါက ဖြစ်ထွန်း အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ လူသာလျင်အရေးကြီးပြီး လူတို့၏စီမံခန့်ခွဲမှုနှင့် ဦးဆောင်မှုသည် အဓိက အရေးကြီးကြောင်း။
စီမံကိန်းအသစ်များဖော်ဆောင်ရာ၌
မူအားဖြင့် သဘောတူညီချက် ရယူဆောင်ရွက်ရန်လို
စီမံကိန်းအသစ်များဖော်ဆောင်မှုနှင့် ပတ်သက်၍လည်း အနည်းငယ်ပြောကြားလိုပြီး စီမံကိန်းအသစ်များ ဖော်ဆောင်ရာ၌ မူအားဖြင့် သဘောတူညီချက်ယူဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းပြည်အတွက် အကျိုးရှိမည်ဆိုပါက ခွင့်ပြုပေးသွားမည်ဖြစ်ပြီး သတ်မှတ်ကာလအတွင်းပြီးစီးအောင် ဆောင်ရွက်သွားရန် လည်းလိုကြောင်း၊ မိမိတို့တာဝန်ယူသည့်ကာလအတွင်း ပြီးပြတ်အောင်ဆောင်ရွက်နိုင်မည့် စီမံကိန်း များကိုသာဆောင်ရွက်ကြစေလိုပြီး လုပ်ငန်းများပြီးစီးအောင်ဆောင်ရွက်ရန်လည်း တာဝန်ယူရန် လိုကြောင်း။
စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှုများလုပ်ဆောင်ရသည့် ဝန်ကြီးဌာနများနှင့် ပတ်သက်၍လည်း အကျိုးအမြတ် ကို ဖော်ဆောင်ပေးနိုင်သည့်ဌာနများရှိသကဲ့သို့ အောင်မြင်မှုမရှိသည့် ဌာနများလည်းရှိကြောင်း၊ နိုင်ငံအတွက် အကျိုးရှိမည့် လုပ်ငန်းများကို ဆက်လက်အားပေးရမည် ဖြစ်သကဲ့သို့ အကျိုးအမြတ်ဖော်ဆောင်ပေးနိုင်မှု မရှိသည့်လုပ်ငန်းများကို ပြန်လည်သုံးသပ်၍ ရပ်တန့်သင့်က ရပ်တန့်သွားရန်လိုကြောင်း၊ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်ပါက အကျိုးရှိစေလိုပြီး စီးပွားရေးအရ တွက်ချက်ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဖြည့်စွက်မှာကြား
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၏ တင်ပြချက်များအရ စိုက်ပျိုးမွေးမြူရေးထွက်ကုန်များအား ပြည်သူလူထုသို့ သက်သာသောဈေးနှုန်းများဖြင့် မည်ကဲ့သို့ရောင်းချပေးလျက်ရှိသည်၊ ဆန်ဖူလုံမှု၊ ဆန်ဖူလုံမှု မည်မျှရှိသည်တို့ကို ရာနှုန်းများဖြင့် တင်ပြကြသည်ကိုတွေ့ရကြောင်း၊ ဒေသအလိုက် ဝမ်းစာဖူလုံရေးနှင့် ပတ်သက်၍ အစိုးရကဆောင်ရွက်ပေးမှမဟုတ်ဘဲ လူတိုင်းကလုပ်ဆောင်ကြရန်လိုကြောင်း၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအလိုက် ဖူလုံမှုများရှိနေသည်ဟုဆိုပါက အခြေခံစားကုန်များ ကုန်ဈေးနှုန်းကြီးမြင့်ရန် အကြောင်းမရှိကြောင်း၊ ထို့ကြောင့် အခြေခံစားကုန်ဖူလုံရေးကို အဓိကထားဆောင်ရွက်ကြရန်လိုကြောင်း။
ပညာရေးနှင့်ပတ်သက်၍ အခြေခံပညာရေးကဏ္ဍတွင် ကျောင်းနေအရွယ် ကလေးတိုင်းကျောင်းတက် နိုင်ရေးနှင့် ပညာသင်ကြားနိုင်ရေး၊ တန်းစဉ်ကူးပြောင်းမှု ရာခိုင်နှုန်းအပြည့်အဝရရှိအောင် ဆောင်ရွက်ရန်၊ ယခုကျောင်းတက်နေသည့် ကျောင်းတက်နေသူအားလုံး စာမေးပွဲဖြေဆိုနိုင်ရေးနှင့် ကျောင်းများ အန္တရာယ်ကင်းရှင်းစွာ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ မူလတန်းနှင့် အလယ်တန်း ပြဆရာ ဆရာမများသည် လက်ဦးဆရာများဖြစ်သည့်အတွက် အရည်အသွေးပြည့်ဝရန် လိုအပ်ကြောင်း၊ ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် Polytechnic တက္ကသိုလ်များ ဖွင့်လှစ်နိုင်ရေး ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း။
စီးပွားရေးနှင့်ပတ်သက်၍ ဝါနှင့် ဝါးကိုအခြေခံသည့် စက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဝါးကုန်ကြမ်းများ ပေါများစွာရှိသည့်အတွက် ဝါးကိုအခြေခံသည့် စက္ကူနှင့် ပျော့ဖတ်လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ဒေသအတွက်လည်း အကျိုးရှိမည်ဖြစ်ပြီး နိုင်ငံတော် အတွက်လည်း နိုင်ငံခြားငွေသုံးစွဲမှုကို သက်သာစေမည်ဖြစ်ကြောင်း၊ ရာဘာနှင့်ပတ်သက်၍ လည်းကုန်ကြမ်း သာမက ရာဘာကုန်ချောများထုတ်လုပ်ရေး ကြိုးစားဆောင်ရွက်စေလိုကြောင်း၊ ကြက်သွန်စိုက်ပျိုးသော တိုင်းဒေသကြီးနှင့် ပြည်နယ်များသည် မိမိတို့နိုင်ငံ၏ အနီးပတ်ဝန်းကျင်တွင် ဈေးကွက်ရှိပြီးဖြစ်သဖြင့် ကြက်သွန်ကို တိုးချဲ့စိုက်ပျိုးပြီး ပြည်ပသို့တင်ပို့နိုင်ရေးဆောင်ရွက်စေလိုကြောင်း၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ရသင့်ရထိုက်သည့် အခွန်အခများ အပြည့်အဝကောက် ခံရရှိပြီး ပြည်သူလူထုနှင့် နိုင်ငံတော်အတွက် ပိုမိုအသုံးပြုနိုင်စေရန် ဆောင်ရွက်ရေး မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နိဂုံးချုပ်အမှာစကားပြောကြား ရာတွင် မကြာမီကာလအတွင်း ကျင်းပပြုလုပ်မည့် အမျိုးသားအားကစားပွဲတော်ကို အနှစ်သာရှိရှိ ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း အားကစားအမျိုးအစားများအလိုက် စံချိန်စံညွှန်းများ တိုးတက် ကောင်းမွန်အောင်လည်း ဆောင်ရွက်ကြစေလိုကြောင်းဖြင့် မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်း လိုက်သည်။
အလားတူ နံနက်ပိုင်းကလည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီ အစည်းအဝေး ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)


