နေပြည်တော် ဒီဇင်ဘာ ၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H. E. Mr. Sholban Kara-Ool ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင် ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

 

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီအတွင်း ရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဦးဝဏ္ဏ မောင်လွင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာကံဇော်၊ ဒေါက်တာသီတာဦး၊ ဦးတင်ဦးလွင်၊ ဦးကိုကိုလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Mr. Iskander Azizov နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက် ကြသည်။

 

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ရှေးယခင်ကတည်းက ရင်းနှီးသည့်ဆက်ဆံမှုများရှိခဲ့ပြီး ယခုအခါ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံအဆင့်မြင့် အရာရှိကြီးများ ချစ်ကြည်ရေးခရီး အပြန်အလှန် သွားရောက်လျက်ရှိမှု အခြေအနေများ၊  မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများအပေါ် နိုင်ငံတကာမျက်နှာစာတွင် ရုရှားနိုင်ငံအနေဖြင့် ခိုင်ခိုင် မာမာရပ်တည်ပေးလျက်ရှိမှုနှင့် မြန်မာနိုင်ငံအနေဖြင့်လည်း ရုရှားနိုင်ငံ၏နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲ မှုများအပေါ် ခိုင်ခိုင်မာမာ ရပ်တည်ပေးလျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံ၌ လွှတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုနှင့် ရွေးကောက်ပွဲကျင်းပချိန်တွင် ရုရှားနိုင်ငံမှလေ့လာရေးအဖွဲ့များ ဖိတ်ခေါ်သွားမည့်အခြေအနေများ၊ ဥပဒေပိုင်းဆိုင်ရာများတွင် ပူးပေါင်း ဆောင်ရွက်နိုင်သည့် အခြေအနေများ၊ ဘာသာရေးနှင့် ယဉ်ကျေးမှုများဆိုင်ရာများတွင် အပြန်အလှန် ဖလှယ်နိုင်မှု အခြေအနေများ၊ လူငယ်ရေးရာကိစ္စရပ်များတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊  ခရီးသွားလုပ်ငန်းများ၊ အပြန်အလှန်ကုန်သွယ်မှုလုပ်ငန်းများ တိုးတက်စေရေး ဆက်လက် တိုးချဲ့ဆောင်ရွက်သွားမည့် အခြေအနေများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်သည့် အခြေအနေများ၊ စိုက်ပျိုးရေး လုပ်ငန်း များအတွက် လိုအပ်သည့်ဓာတ်မြေဩဇာများ ထုတ်လုပ်နိုင်ရေးနှင့် စက်မှုလုပ်ငန်းများ တိုးတက်စေရေး ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းများ၊ စွမ်းအင် ထုတ်လုပ်ရေး လုပ်ငန်းများနှင့် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက် နိုင်မှုအခြေအနေများနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲအပြီးတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)