နေပြည်တော်၊ ဖေဖေါ်ဝါရီ ၃
ပြည်ထောင်စုအစိုးရအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက် ရောက်ကြသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက လုပ်ငန်းများအောင်မြင်စေရေး လက်တွေ့ကြပ်မတ် ကွပ်ကဲနေရန်လို
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သည့် အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်နိုင်ရန် အတွက်ယခုကဲ့သို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဦးတည်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ လူမှုရေးနှင့် ကျန်းမာရေးပိုင်းဆိုင်ရာ ကိစ္စရပ်များအားလုံးကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် ချမှတ်ထားခြင်းဖြစ်ကြောင်း၊ နိုင်ငံတိုးတက်ကောင်းမွန်စေရေး အတွက် ဆောင်ရွက်ရမည့် အစိုးရတစ်ရပ်၏ မူဝါဒများပင်ဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့မှ ဦးဆောင်လမ်းညွှန်မှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက လုပ်ငန်းများ အောင်မြင်စေရေး လက်တွေ့ကြပ်မတ်ကွပ်ကဲနေရန်လိုကြောင်း။
အမျိုးသားရေးရည်မှန်းချက် ၂ ရပ်အောင်မြင်ရေးဝိုင်းဝန်းဆောင်ရွက်ရန်လို
မိမိတို့အစိုးရအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံပေါများရေးဆိုသည့် အမျိုးသားရေးရည်မှန်းချက် ၂ ရပ်ကိုချမှတ်ထားကြောင်း၊ ၎င်းသည်နိုင်ငံတိုင်းအတွက် အခြေခံ လိုအပ်ချက်ဖြစ်ပြီး အောင်မြင်အောင်ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ခု တိုးတက်ရေးကို GDP ဖြင့်တိုင်းတာကြပြီး အချက်အလက်များ မှန်မှန်ကန်ကန်ဖြင့် ရရှိရန်လိုကြောင်း၊ နိုင်ငံ GDP တိုးတက်ရေးအတွက် လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီးနှင့် ဝန်ဆောင်မှုကဏ္ဍကြီး ဟူ၍ ကဏ္ဍကြီးသုံးရပ်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် အာဆီယံနှင့် ဒေသတွင်းနိုင်ငံများတွင် GDP နည်းပါးသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍကြီး၌ပင် အခြားနိုင်ငံများထက် ထုတ်လုပ်မှုစွမ်းရည်မှာ အားနည်းနေသေးသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး ကုန်ထုတ်လုပ်မှုတိုးတက်စေရေး အားပေးဆောင်ရွက်မှသာ နိုင်ငံ၏ GDP မှာလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် တစ်ဦးချင်း ဝင်ငွေများတိုးတက်ပြီးနိုင်ငံ့ GDP တိုးတက်အောင် ဆောင်ရွက်နိုင်ရန်အတွက် အခွင့်အလမ်းများ ဖော်ဆောင်ပေးရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် နိုင်ငံစီးပွား တိုးတက်ရေးအတွက် အခြေခံကောင်းများရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ့စီးပွား မြှင့်တင်နိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို တိုးတက်အောင်မြင်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် တစ်ဧကအထွက်နှုန်း ပန်းတိုင် ရည်မှန်းချက်များ ပြည့်မီစေရေးနှင့် ဆီထွက်သီးနှံများ အထွက်နှုန်းတိုးတက်စေရေး အမြဲတိုက်တွန်း မှာကြားလျက်ရှိကြောင်း၊ ပြည်တွင်းစားသုံးဆီဖူလုံရေး ဆောင်ရွက်နိုင်မည်ဆိုပါကနိုင်ငံခြားငွေ သုံးစွဲမှုများ များစွာလျှော့ချနိုင်မည်ဖြစ်သဖြင့် မိမိတို့အစိုးရအဖွဲ့အနေဖြင့် သတိချပ်၍ ဆောင်ရွက်ကြရန်လိုကြောင်း။
စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ၊ MSME ထုတ်ကုန်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး သုတေသနလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်လို
မိမိတို့နိုင်ငံအတွင်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် စိုက်ပျိုးရေးထုတ်ကုန်များအား ပြည်ပသို့တင်ပို့နိုင်သည့် အခြေအနေသို့ ရောက်ရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ MSME ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကိုအသုံးပြု၍ အရည်အသွေးပြည့်မီသည့် ထုတ်ကုန်များထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ပြည်တွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကို ပြည်ပသို့ တိုက်ရိုက်တင်ပို့ခြင်းထက် ကုန်ချောအဖြစ်ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့မည်ဆိုပါက အကျိုးပိုမိုဖြစ်ထွန်း စေမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ထုတ်လုပ်မှုသုတေသနလုပ်ငန်းများ၊ ဈေးကွက်သုတေသန လုပ်ငန်းများကို သက်ဆိုင်ရာ စိုက်ပျိုးရေးတောင်သူများ၊ ကုန်ထုတ်လုပ်ငန်းဆောင်ရွက်သူများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ တာဝန်ရှိသူများပူးပေါင်း၍ ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ ပြည်ပဈေးကွက် ရရှိရေးအတွက်လည်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍သုတေသနပြု ဆောင်ရွက်ကြရန်လိုကြောင်း။
ဒေသအလိုက်ထူးခြားသည့် စိုက်ပျိုးရေးထွက်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး သုတေသနပြု ဆောင်ရွက်ရန်လိုကြောင်း၊ ဥပမာအားဖြင့် မိမိတို့နိုင်ငံတွင် စိုက်ပျိုးဖြစ်ထွန်းသည့် သရက်၊ စတော်ဘယ်ရီ၊ မက်မန်း၊ ကော်ဖီနှင့် အခြားအသီးအနှံများကို အရည်အသွေးကောင်းမွန်စွာဖြင့် ပိုမိုထုတ်လုပ်နိုင်ရေး သုတေသနပြုဆောင်ရွက်သွားရန်လိုကြောင်း၊ ဒေသမျိုးရင်းများကိုလည်း မပျောက်ပျက်အောင် သုတေသနပြု ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားတူ စက်မှုကုန်ထုတ် သီးနှံများဖြစ်သည့် ဝါ၊ ဝါး၊ ရာဘာနှင့် အခြားသီးနှံများဖြစ်သည့် ပဲ၊ ပြောင်း၊ နေကြာ၊ နှမ်းတို့သည် နိုင်ငံအလိုက် ဈေးကွက်ရရှိနိုင်သည့်အတွက် တိုးတက်စိုက်ပျိုး ထုတ်လုပ်နိုင်ရေးကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်း။
မွေးမြူရေးလုပ်ငန်းများကိုလည်း ဒေသအလိုက် တိုးတက်ဖြစ်ထွန်းစေရေး ဒေသနှင့် ကိုက်ညီသည့် မျိုးများကို မွေးမြူနိုင်ရန်နှင့် စနစ်ကျနသည့် မွေးမြူရေးလုပ်ငန်းများကို ဦးစွာအကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ မွေးမြူရေးဇုန်များအလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် အဖြစ်သဘောမျိုး မွေးမြူခြင်းမဟုတ်ဘဲ ဇုန်များအလိုက် ထိုက်သင့်သည့် နှုန်းထားများအတိုင်း မွေးမြူဆောင်ရွက်ကြစေရေး တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်သွားကြစေလိုကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများသည် တစ်ဦးတစ်ယောက်ချင်းစီသာမက ဒေသနှင့်နိုင်ငံ၏ အကျိုးကို များစွာအထောက်အကူဖြစ်စေသောကြောင့် လုပ်ငန်းများအောင်မြင်တိုးတက် ဖွံ့ဖြိုးစေရေး အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း။
တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် စိုက်ပျိုးမွေးမြူရေးနှင့် MSME ထုတ်ကုန်များ တိုးမြှင့် ထုတ်လုပ်နိုင်ရေး စံပြကျေးရွာများ၊ စံပြမြို့၊ စံပြခရိုင်များသတ်မှတ်၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ ဒေသမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးထွက်ကုန်နှင့် ထုတ်ကုန်များအလိုက် စံပြဆုများပေးအပ်၍ ဆောင်ရွက်သွားနိုင်ပါက အခြားကျေးရွာ၊ မြို့နယ်၊ ခရိုင်များမှလည်း အတုယူ၍ လိုက်ပါ ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အစည်း အသီးသီးအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများ၊ အားသာချက်၊ အားနည်းချက်များကိုလည်း စနစ်တကျမှတ်တမ်း ထားရှိရန်လိုကြောင်း၊ မှတ်တမ်းများသည် နောင်တစ်ချိန်တွင် သမိုင်း ဖြစ်လာမည်ဖြစ်ကြောင်း။
ပညာရေး နှင့် ကျန်းမာရေးကဏ္ဍ အားပေးမြှင့်တင်
စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပညာတတ်လူသား အရင်းအမြစ်ကောင်းများ မဖြစ်မနေလို အပ်မည်ဖြစ်ကြောင်း၊ လာမည့်ပညာသင်နှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် ပိတ်ထားရသည့်ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် စာမေးပွဲဖြေဆိုနိုင်စေရေး၊ နွေရာသီကျောင်းပိတ်ရက်ကာလကို အကျိုးရှိစွာ အသုံးချနိုင်စေရေး အတွက်လည်း တာဝန်ရှိသူများက စီမံဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ထို့ပြင် နိုင်ငံတော်အနေဖြင့် ပညာရေးမြှင့်တင်မှုအဖြစ် Polytechnic University များကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၄ ခု၌ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး လာမည့်ပညာသင်နှစ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးပေါင်းစည်းထားသည့် တက္ကသိုလ်တစ်ခုကို ဧရာဝတီတိုင်းဒေသကြီး၌ ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလားတူ နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ Polytechnic Institute တစ်ခုကို တည်ဆောက်ပေးသွားမည်ဖြစ်ပြီး ဝန်ထမ်းမိသားစု သားသမီးများ၏ ပညာရေးကို အဓိကရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း။
ပညာရေးကဏ္ဍကို မြှင့်တင်ရမည်ဖြစ်သကဲ့သို့ လူငယ်များနှင့်ဆက်စပ်နေသည့် အားကစား ကဏ္ဍကိုလည်း မြှင့်တင်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ အားကစားပြိုင်ပွဲများကျင်းပပြီး အားကစားသမားများ၏ စံချိန်များမြင့်မားလာစေရေး ဆောင်ရွက်သွားရန်လိုပြီး မှတ်တမ်းများ စနစ်တကျထားရှိရန်လိုကြောင်း၊ အားကစားကို အားပေးမြှင့်တင်ခြင်းဖြင့် တိုင်းချစ်ပြည်ချစ်စိတ်များ၊ မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာစေမည်ဖြစ်ကြောင်း။
ကျန်းမာရေးနှင့်ပတ်သက်၍လည်း ဆေးရုံရှိလျင် ဆရာဝန်ရှိရမည်ဟူသည့် မူဝါဒနှင့်အညီ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားနိုင်ရန်လိုကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအပြင် ဒေသခံများ၏ ပညာရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း တစ်ဖက်တစ်လမ်းမှကူညီ ဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊ ဝေးလံခေါင်ဖျားသည့် ဒေသများ၌ တာဝန်ထမ်း ဆောင်နေရသည့် ပညာရေးနှင့် ကျန်းမာရေး ဝန်ထမ်းများ၏ နေရေး၊ စားရေး အဆင်ပြေစေရေးအတွက်လည်း ဒေသအုပ်ချုပ်ရေး ဆိုင်ရာတာဝန်ရှိသူများက တတ်နိုင်သရွေ့ ဆောင်ရွက်ပေးသွားရန်လိုကြောင်း။
အွန်လိုင်းလောင်းကစားနှင့် ဆက်စပ်ဒုစရိုက်မှုများကို ပြတ်ပြတ်သားသား နှိမ်နင်းမည်
တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု (ကျားဖြန့်) ကို အကြောင်းပြု၍ နိုင်ငံတော်တွင် အခက်အခဲများဖြစ်ပေါ်ခဲ့ပြီး ထိထိရောက်ရောက် အရေးယူမှုများကို ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတကာ၌လည်း ၎င်းကိစ္စနှင့်ပတ်သက်၍ အာရုံစိုက်မှုရှိလာကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာနှင့်ပူးပေါင်း၍ ၎င်းဒုစရိုက်မှုနှိမ်နင်းရေးကို တက်ကြွကျယ်ပြန့်စွာ ဆောင်ရွက်နေကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်၊ သက်ဆိုင်ရာ နယ်မြေများအလိုက် တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့် မိမိတို့ဒေသများအတွင်း တရားမဝင်အွန်လိုင်း လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ၊ အခြားဒုစရိုက်လုပ်ငန်းများ မရှိစေရေးနှင့် မဖြစ်ပေါ်စေရေး ဖော်ထုတ်အရေးယူခြင်းများဖြင့် တင်းတင်းကြပ်ကြပ် ပြတ်ပြတ်သားသားဖြင့် ကိုင်တွယ်ဆောင်ရွက်သွားကြရန် မဖြစ်မနေလိုအပ်ကြောင်း၊ ၎င်းအမှုများအပြင် မူးယစ်ဆေးဝါး ကိစ္စများနှင့် အခြားဒုစရိုက်မှုများ၌ ပါဝင်ဆောင်ရွက်နေသူများအပြင် သက်ဆိုင်ရာ နယ်မြေအလိုက် တာဝန်ရှိသူများ ပတ်သက်နေမှုရှိပါက အားလုံးကိုထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်သဖြင့် အလေးထားလိုက်နာဆောင်ရွက်သွားရန် လိုကြောင်း။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး တာဝန်ရှိသူများနှင့် ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်သွားရမည်
ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးနိုင်ရေးသည် မိမိတို့၏ အန္တိမရည်မှန်းချက်ပင်ဖြစ်ကြောင်း၊ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးပြီး ပေါ်ပေါက်လာသည့် လွှတ်တော်များအတွင်းတွင်လည်း တိုင်းရင်းသားများနှင့် လူထုလူတန်းစားအလွှာများကို ကိုယ်စားပြုသူများ ကျယ်ပြန့်စွာ ပါဝင်လာရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်သွားရမည်ဖြစ်ပြီး မဲဆွယ်စည်းရုံးမှုများ ဆောင်ရွက်နိုင်ရေးအတွက် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အပိုင်းမှ ရွေးကောက်ပွဲ အောင်မြင်မှုရှိစေရေး ကြိုတင်ပြင်ဆင်ရမည့် ကိစ္စရပ်များကို စနစ်တကျတွက်ချက်၍ ဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများအနေဖြင့် ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် ဥပဒေများကို စေ့စပ်ကျယ်ပြန့်စွာ လေ့လာထားရန်လိုကြောင်း၊ နိုင်ငံရေးပါတီများမှလည်း လိုအပ်သည်များ ကြိုတင် ပြင်ဆင်ထားရမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် အဆင့် ၃ ဆင့်အတွက် ရွေးကောက်တင်မြှောက်မှုများကို ဥပဒေနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် မဲမသမာမှုများ မဖြစ်စေရေး၊ မဲဆန္ဒရှင်များအနေဖြင့် မဲပေးရာတွင် ရှင်းလင်းလွယ်ကူစွာမဲပေးနိုင်ရေး၊ မဲရလဒ်မှန်ကန်ရေး၊ ပယ်မဲမရှိရေး၊ မဲမသမာမှု မပြုလုပ်နိုင်ရေးနှင့် ပွင့်လင်းမြင်သာမှု ရှိစေရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine) ကို အသုံးပြုနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်းပြောကြားသည်။
အသီးသီးရှင်းလင်းတင်ပြ
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးရန်ရှိသည်များကိုတင်ပြကြပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
