နေပြည်တော်၊ မတ် ၉
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်မြို့၌ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး မစ္စတာ တရာ့ဗနီကော့ဗ်အန်ဒရေ အလက်ဇန်ဒရိုဘစ်ချ်နှင့် ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် နိုဗိုစီဗစ်မြို့၊ Grand Autograph ဟိုတယ်ရှိ အစည်းအဝေး ခန်းမ၌ တွေ့ဆုံ ဆွေးနွေးသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီးညိုစော၊ ပြည်ထောင်စု ဝန်ကြီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီးနှင့် နိုဗိုစီဗစ်ဒေသ အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် နိုဗိုစီဗစ်ဒေသတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးတက် ကောင်းမွန်လျက်ရှိမှု၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ၊ ကုန်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်လာနိုင်မှု၊ မြန်မာနိုင်ငံမှ ပညာတော်သင်သင်တန်းသားအရာရှိများ နိုဗိုစီဗစ်မြို့ရှိ တက္ကသိုလ်များ၌ တက်ရောက်ပညာသင်ကြားလျက်ရှိမှု၊ မြန်မာနိုင်ငံနှင့် မန္တလေးမြို့တို့ကို တိုက်ရိုက်လေကြောင်း ပြေးဆွဲလျက်ရှိမှု၊ ထုတ်ကုန်များ အပြန်အလှန်တင်ပို့နိုင်မှု၊ မြန်မာနိုင်ငံနှင့် နိုဗိုစီဗစ်မြို့တို့အကြား ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ မန္တလေးမြို့နှင့် နိုဗိုစီဗစ်မြို့တို့အား Sister City များအဖြစ် ဆောင်ရွက်မည်ဆိုပါက ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ စက်မှုကဏ္ဍ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ကဏ္ဍများ ဖွံဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်မှု အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူးတို့သည် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်းသတင်းရရှိသည်။
သတင်းစဉ်