နေပြည်တော် ဧပြီ ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ မွန်းလွဲပိုင်းတွင် မန္တလေးငလျင်ကြီး ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)အဆောက်အအုံနှင့် အဆောက်အအုံအတွင်းရှိ အလင်္ကာ ကျော်စွာစည်သူ တက္ကသိုလ်မြတ်သူ စာစုများထားရှိသည့်အခန်း၊ အီလက်ထရွန်နစ်စာကြည့်တိုက်နှင့် စာဖတ်ခန်း၊ ဝန်ဇင်းမင်းရာဇာခန်းမ၊ စာအုပ်စင်ခန်းများ၊ ပေ၊ ပုရပိုက်ဌာနစိတ်နှင့် စာကြည့်တိုက် အတွင်း ထိခိုက်ပျက်စီးခဲ့မှုများ၊ စာအုပ်များကို အမျိုးအစားအလိုက် ထိန်းသိမ်းထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စာကြည့်တိုက်အတွင်းရှိ စာအုပ်များအား စာပေအမျိုးအစားအလိုက်ခွဲခြား၍ စနစ်တကျ ပြန်လည် သိမ်းဆည်းခြင်း၊ မှတ်တမ်းတင်ခြင်းများဖြင့် ထိန်းသိမ်းထားရှိရန်လိုကြောင်း၊ ထိခိုက်ပျက်စီးခဲ့ သည်များကို ပြန်လည်ပြုပြင်ခြင်းများ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စာကြည့်တိုက် များသည် ပညာလိုလားသူများအတွက် လွတ်လပ်စွာဖြင့် ပညာရှာမှီးနိုင်သည့် တက္ကသိုလ်တစ်မျိုး ဖြစ်ပြီး အဖိုးတန်နေရာတစ်ခုဖြစ်ကြောင်း၊ စာကြည့်တိုက်အတွင်း နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုသမိုင်းဖြစ်ရပ်မှန်များကို ရေးသားဖော်ပြထားသည့် စာကောင်းပေမွန်များကို ထိန်းသိမ်း ထားရှိရန်လိုကြောင်း၊ မြန်မာ့နိုင်ငံရေးသမိုင်းစဉ်ကို နောင်လာနောက်သားတို့ အမှန်အတိုင်းသိရှိ နိုင်ရန်လိုသည့်အတွက် မိမိတို့တာဝန်ရှိသူများအနေဖြင့် အစဉ်အဆက်လက်ဆင့်ကမ်း၍ ထိန်းသိမ်း စောင့်ရှောက်သွားကြရမည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
ချီးမြှင့်ငွေများ ပေးအပ်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စာကြည့်တိုက် ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။
ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အဖွဲ့ဝင်များ လိုက်ပါ၍ ဥပ္ပါတသန္တိစေတီတော်ကြီးရှိ ရင်ပြင်တော်နှင့် သာသနိကအဆောက်အအုံများ ထိခိုက် ပျက်စီးခဲ့မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
လိုက်လံကြည့်ရှုစစ်ဆေး
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စေတီတော်ကြီးရင်ပြင်တော် အချို့နေရာများတွင် ကွဲအက်ခြင်း၊ နိမ့်ကျခြင်းများဖြစ်ပေါ်ခဲ့မှု၊ သာသနိက အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ရင်ပြင်တော်နေရာများ၊ မြေထိန်းနံရံနေရာများနှင့် သာသနိက အဆောက်အအုံအချို့အား ပြန်လည်ပြုပြင်ခြင်းများကို စနစ်တကျဖြင့် အမြန်ဆုံးဆောင်ရွက်သွားရန် လိုကြောင်း၊ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို မိုးရာသီမရောက်မီ ရနိုင်သမျှဆောင်ရွက်သွားနိုင်ရန် လိုကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် စေတီတော်ကြီးရှိ သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်ခြင်း၊ ဘက်စုံ ပြုပြင်မွမ်းမံခြင်းများကို ဆောင်ရွက်ရာတွင် စေတနာရှင် အလှူရှင်များအနေဖြင့် ပါဝင်ကုသိုလ်ယူ လှူဒါန်းနိုင်ရေးအတွက်လည်း နှိုးဆော်သွားရန်လိုကြောင်း မှာကြားသည်။
အစာအာဟာရများကျွေးမွေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်လိုဏ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း ကပ်လှူပူဇော်၍ ဖူးမြော် ကြည်ညိုသည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆင်ဖြူတော်ဆောင်ရှိ ဆင်ဖြူတော်များအား အစာအာဟာရများ ကျွေးမွေး ခဲ့ကြသည်။
အဆိုပါ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားကို ၂၀၀၆ ခုနှစ်တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် အချင်း ၁ မီတာရှိ Bored Pile ပေါင်း ၄၄၀ ပေါ်တွင် စနစ်တကျ တွက်ချက်၍ အုတ်မြစ်ချတည်ဆောက်ခဲ့ခြင်း ဖြစ်သဖြင့် ယခုငလျင်ဘေးဒဏ်ကြုံတွေ့ခဲ့ရချိန်တွင် မူလစေတီတော်ကြီး၌ အနည်းငယ်သာ ထိခိုက် ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း၊ စေတီတော်ကြီးရင်ပြင်တော်အနေဖြင့် အချို့နေရာများတွင် ပြင်းထန် သော ငလျင်လှုပ်ခတ်မှုဒဏ်ကြောင့် ကွဲအက်ခြင်း၊ နိမ့်ကျခြင်းများဖြစ်ပေါ်ခဲ့ရပြီး ထိခိုက်ပျက်စီးခဲ့ရမှု များကို နိုင်ငံတော်အနေဖြင့် အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အများပြည်သူများအနေဖြင့်လည်း ထိခိုက်ပျက်စီးခဲ့ရသည့် စေတီတော်ကြီးရင်ပြင်တော်နှင့် သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်ခြင်း၊ ဘက်စုံပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်ရာ တွင် ပါဝင်ကုသိုလ်ယူလှူဒါန်းနိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်