နေပြည်တော် မေ ၉
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပပြုလုပ်သည့် ၁၉၄၁ - ၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မော်စကိုမြို့ရင်ပြင်နီ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတကာမှ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ တက်ရောက်သည်။
ဦးစွာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံတကာမှ အကြီးအကဲများနှင့် အတူ ကရင်မလင်နန်းတော်ရှိ Senate Place သို့ ရောက်ရှိကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာ ပူတင်က ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်သည်။ ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာဒီမာပူတင်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ နိုင်ငံတကာမှ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်း အမှတ် စစ်ရေးပြအခမ်းအနား ကြည့်ရှုမည့် စင်မြင့်သို့ ရောက်ရှိကြသည်။

အချက်ပေးခေါင်းလောင်းထိုး
ထို့နောက် အခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ ရုရှားတပ်မတော်ကြည်းတပ်ဦးစီးချုပ် Army General Oleg Salukov ရောက်ရှိနေရာယူပြီး ကရင်မလင်နန်းတော် မျှော်စင်ရှိ နာရီစင်မှ ၁၀ နာရီ အချက်ပေး ခေါင်းလောင်းထိုးသည်။ ယင်းနောက် ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို စတင်ကျင်းပ ပြုလုပ်ရာ ရုရှားနိုင်ငံတော်အလံနှင့် ရုရှားအောင်ပွဲနေ့ အထိမ်းအမှတ်အလံတော်တို့အား အလေးပြုခြင်းကို ဆောင်ရွက်ကြသည်။
တစ်မိနစ်ငြိမ်သက်
ဆက်လက်၍ ရုရှားကာကွယ်ရေးဝန်ကြီး Mr. Andrei Ramovich Belousov ရောက်ရှိပြီး အလေးပြုခြင်းကို ခံယူကာ စစ်ရေးပြတပ်ဖွဲ့အသီးသီးအား မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေး၍ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ် ဂုဏ်ပြုစကားပြောကြားရာ စစ်ရေးပြတပ်ဖွဲ့များမှ (Oora) (အောင်ပြီ) ဟု သုံးကြိမ်ကြွေးကြော်ကြသည်။ ထို့နောက် မဟာမျိုးချစ်စစ်ပွဲအတွင်း ကျဆုံးခဲ့သည့် သူရဲကောင်းများနှင့် ရုရှားနိုင်ငံအတွက် အသက်စွန့်ခဲ့ကြသည့် သူရဲကောင်းများအား အောက်မေ့ဖွယ်ဂုဏ်ပြုသောအားဖြင့် တစ်မိနစ်ခန့် ငြိမ်သက်ကြသည်။
ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ စစ်သေနာပတိချုပ် H.E.Mr.Vladimir Vladimirovich Putin က မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ် ဂုဏ်ပြုမိန့်ခွန်းပြောကြားသည်။ မိန့်ခွန်းပြောကြားပြီး စစ်ရေးပြတပ်ဖွဲ့များက (Oora) ဟု သုံးကြိမ် ကြွေးကြော်ကြပြီး စစ်တီးဝိုင်း တပ်ဖွဲ့က ရုရှားနိုင်ငံတော်သီချင်း တီးမှုတ်ခြင်းနှင့်အမြောက်များ ပစ်ဖောက်ဂုဏ်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။

လမ်းလျှောက်ချီတက်အလေးပြု
ဆက်လက်၍ ရုရှားတပ်မတော်ကြည်းတပ် ဦးစီးချုပ် ဦးဆောင်သည့် နိုင်ငံတကာမှ စစ်ရေးပြ တပ်ဖွဲ့ဝင်များပါဝင်သည့် စစ်ရေးပြတပ်ဖွဲ့များက စစ်သေနာပတိချုပ်အား လမ်းလျှောက်ချီတက် အလေးပြုကြသည်။ ထို့နောက် တင့်၊ သံချပ်ကာ၊ အမြောက်၊ လေကြောင်းရန်၊ မဟာဗျူဟာမြောက် တိုက်ချင်းပစ်ဒုံးတပ်ဖွဲ့ စသည့်ယန္တရားတပ်ဖွဲ့များက ချီတက်အလေးပြု၍ လေတပ်မှ လေယာဉ်များဖြင့် ပျံသန်းအလေးပြုကြသည်။ ယင်းနောက် စစ်တီးဝိုင်း တပ်ဖွဲ့က ရုရှားအောင်ပွဲနေ့ အခမ်းအနားအထိမ်း အမှတ် ဂုဏ်ပြုတေးသီချင်းအား သီဆို၍ ပြန်လည် ထွက်ခွာသည်။
အခမ်းအနားအပြီးတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ၏ စစ်သေနာပတိချုပ် H.E. Mr. Vladimir Vladimirovich Putin က ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် နိုင်ငံတကာစစ်ရေးပြ တပ်ဖွဲ့များမှ အဖွဲ့ခေါင်းဆောင်များအား နှုတ်ဆက်သည်။
လက်ပြနှုတ်ဆက်
စစ်ရေးပြ အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် နိုင်ငံတကာမှ အကြီးအကဲများ၊ တာဝန်ရှိသူများသည် ကရင်မလင် မြို့ရိုးအနီးရှိ အညတရစစ်သည် ဂူဗိမာန်သို့ သွားရောက်ကြပြီး မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်လာကြသူများအား လက်ပြနှုတ်ဆက်ကြသည်။
စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် နိုင်ငံတကာမှ အကြီးအကဲများ၊ တာဝန်ရှိသူများ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာဒီမာပူတင်နှင့်အတူ ကရင်မလင်နန်း မြို့ရိုးအနီးရှိ အညတရ စစ်သည်ဂူဗိမာန်သို့ ရောက်ရှိကြပြီး ပန်းစည်းချ အလေးပြု ကြသည်။ ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် နိုင်ငံတကာမှ အကြီးအကဲများ၊ တာဝန်ရှိသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် နိုင်ငံတကာမှ အကြီးအကဲများ၊ တာဝန်ရှိသူများသည် ကရင်မလင်နန်းတော်ရှိ သမ္မတပူတင်၏ ရုံးအဆောက်အအုံ သို့ရောက်ရှိကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်က တည်ခင်းဧည့်ခံသည့် နေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြသည်။

ယနေ့တွင် ကျင်းပပြုလုပ်သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများသို့ တက်ရောက်စဉ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် နိုင်ငံတကာမှ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး နိုင်ငံအချင်းချင်း သံတမန်ဆက်ဆံမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင် ရေးဆိုင်ရာများကို အပြန်အလှန်ဆွေးနွေးဆောင်ရွက်ခဲ့သည်။
ပထမဦးဆုံးအကြိမ် ပါဝင်ချီတက်
ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၁ ခုနှစ် ဇွန်လ ၂၂ ရက်တွင် ဖက်ဆစ်နာဇီ ဂျာမနီတို့၏ ကျူးကျော်မှုကို ခုခံတွန်းလှန်ရန် ဆိုဗီယက်ပြည်ထောင်စုသည် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအား ပါဝင် ဆင်နွှဲခဲ့ရကြောင်း၊ ထိုသို့ ပါဝင်ဆင်နွှဲပြီးနောက် ၁၉၄၅ ခုနှစ် မေလ ၉ ရက် နံနက်ပိုင်းတွင် ဂျာမနီ နိုင်ငံ ဘာလင်မြို့တွင် ပြုလုပ်သည့် နာဇီဂျာမနီတို့၏ လက်နက်ချကြောင်းသဘောတူစာချုပ် (German Instrument of Surrender) ကို ချုပ်ဆိုပြီးသည်နှင့် တစ်ပြိုင်နက် ဒုတိယကမ္ဘာစစ်ကြီးသည် အပြီးတိုင် ချုပ်ငြိမ်းသွားခဲ့ကြောင်း၊ ၁၉၄၅ ခုနှစ် မေလ ၉ ရက် နံနက် ၂ နာရီခန့်တွင် ဆိုဗီယက်ပြည်ထောင်စုတွင် နေထိုင်ကြသောပြည်သူများသည် နာဇီဂျာမနီတို့၏ စစ်ရှုံးမှုကိုသိရှိခဲ့ကြပြီး ယင်းနေ့ညနေပိုင်းတွင် မော်စကိုရင်ပြင်နီ၌ ဆိုဗီယက်ပြည်သူများသည် သီချင်းများသီဆိုခြင်း၊ တူရိယာများ တီးမှုတ်၍ ကခုန်ခြင်း၊ မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်း၊ ထောင်ချီသော သေနတ်များအား မိုးပေါ်သို့ထောင်၍ ပစ်ခတ်မှုပေါင်း ၃၆ ချက်အား ပစ်ခတ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး အောင်ပွဲနေ့ အခမ်းအနားအား ပျော်ရွှင်မြူးထူးစွာ ကခုန်၍ကျင်းပခဲ့ကြကြောင်း၊ ထို့ကြောင့် ဆိုဗီယက် ပြည်ထောင်စုသည် မေလ ၉ ရက်ကို အများပြည်သူရုံး ပိတ်ရက်၊ ဖက်ဆစ်နာဇီဂျာမနီတို့အား အောင်နိုင်ခဲ့သည့် အောင်ပွဲနေ့ (Victory Day) အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲပြီးနောက် ၂၀၀၅ ခုနှစ် နှစ် (၆၀) မြောက် အောင်ပွဲနေ့ နှစ်ပတ်လည်အခမ်းအနားမှ စတင်၍ မေလ ၉ ရက် အောင်ပွဲနေ့(Victory Day) သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ လူကြိုက်အများဆုံးသော အခမ်းအနားနှင့် အားလပ်ရက်တစ်ခု ဖြစ်လာခဲ့ပြီး ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲအထိမ်းအမှတ်အဖြစ် စစ်ရေးပြ အခမ်းအနားများကိုလည်း ကျင်းပပြုလုပ်ကြကြောင်း၊ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲ အထိမ်းအမှတ်အဖြစ် စစ်ရေးပြအခမ်းအနားများတွင် နိုင်ငံအသီးသီးမှ စစ်ရေးပြတပ်ဖွဲ့များအနေဖြင့် ပါဝင်ချီတက်လေ့ရှိကြကြောင်း၊ ယခုနှစ်တွင် ကျင်းပပြုလုပ်သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားတွင် မြန်မာနိုင်ငံမှ စစ်ရေးပြ တပ်ဖွဲ့ဝင်များသည်လည်း အခြားသောနိုင်ငံများမှ စစ်ရေးပြတပ်ဖွဲ့ဝင်များနှင့်အတူ ပထမဦးဆုံးအကြိမ် အဖြစ် ပါဝင်ချီတက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်