နေပြည်တော် မေ ၉
ရုရှားဖက်ဒရေးရှင်း နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ၁၉၄၁ - ၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲ နှစ် (၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် ညနေပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်နှင့် Soluex Hotel Moscow ရှိ BEIJING ဧည့်ခန်းမဆောင်၌ တွေ့ဆုံ ဆွေးနွေးသည်။
တာဝန်ရှိသူများ တက်ရောက်
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့်အတူ ကောင်စီတွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး နှင့် တာဝန်ရှိသူတို့ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတနှင့်အတူ တရုတ်ကွန်မြူနစ် ပါတီဗဟိုကော်မတီ၊ ပေါလစ်ဗျူရို၏ အမြဲတမ်းကော်မတီအဖွဲ့ဝင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အတွင်းရေးမှူးအဖွဲ့ဝင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရုံး အကြီးအကဲဖြစ်သူ Mr. CAI Qi ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ပေါလစ်ဗျူရို အဖွဲ့ဝင်၊ တရုတ်ကွန်မြူနစ်ပါတီဗဟို ကော်မတီ၏ နိုင်ငံခြားရေးရာ ကော်မရှင်အကြီးအကဲ၊ နိုင်ငံခြားရေးဝန်ကြီး Mr. WANG Yi ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ ရုရှားနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံအမတ်ကြီးနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
ဆက်လက်ကူညီဆောင်ရွက်
ထိုသို့တွေ့ဆုံရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာရှီကျင့်ဖျင်က မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများနှင့် ဆုံးရှုံးရမှုများ အတွက် မြန်မာနိုင်ငံအစိုးရ၊ ပြည်သူလူထုနှင့်ထပ်တူ ဝမ်းနည်းရပါကြောင်း၊ မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူတို့အတူတကွလက်တွဲ၍ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အကောင်းဆုံး ဆက်လက်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် တရုတ်နိုင်ငံ အနေဖြင့်လည်း လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တရုတ် - မြန်မာ ဆက်ဆံရေးသည် ယခုနှစ်တွင် ၇၅ နှစ်ရောက်ရှိပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ အချုပ်အခြာအာဏာနှင့် မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးတို့ကို အမြဲ ထောက်ခံအားပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းများတွင် ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
အစဉ်အမြဲကျေးဇူးတင်
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြန်လည်ပြောကြားရာတွင် မိမိတို့ မြန်မာနိုင်ငံတွင် ငလျင်သဘာဝဘေးဒဏ်ဖြစ်ပေါ်ခဲ့မှုကြောင့် ခက်ခဲမှုများနှင့်ရင်ဆိုင်ကြုံတွေ့နေရသည့် အချိန်၌ အဆွေတော်အနေဖြင့် မြန်မာပြည်သူ လူထုနှင့်ထပ်တူ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပြီး အမြန်ဆုံးကျော်ဖြတ် နိုင်ပါစေကြောင်းကို ဆုမွန်ကောင်း တောင်းပေးခဲ့ပါကြောင်း၊ ထို့ပြင် ငလျင်လှုပ်ခတ်မှုအပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အရေးအကြီးဆုံး အချိန်ဖြစ်သည့် (Golden Hour) တွင် တရုတ်နိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ငလျင်လှုပ်ခတ်ပြီး ၁၈ နာရီအကြာ၌ မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ရှိလာခဲ့ပြီး လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံအတွက် အရေးပေါ်လူသားချင်း စာနာထောက်ထားမှု အကူအညီများကိုလည်း ပေးအပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများအနေဖြင့် တရုတ်နိုင်ငံအစိုးရ၏ ကူညီဆောင်ရွက် ပေးမှုများအပေါ် အစဉ်အမြဲကျေးဇူးတင်အမှတ်ရနေမည်ဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် တရုတ်နိုင်ငံအနေ ဖြင့်လိုအပ်သည်များကို ဆက်လက်ကူညီပံ့ပိုးဆောင်ရွက်ပေးနိုင်ရေး မေတ္တာရပ်ခံလိုပါကြောင်း။
နီးကပ်စွာဆက်လက်ပူးပေါင်း
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအရေးကိစ္စများနှင့်ပတ်သက်၍ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်ပေးသည့်အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ယခုနှစ်ကုန်ပိုင်းတွင် ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲ တစ်ရပ်ကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရွေးကောက်ပွဲ ကျင်းပပြုလုပ်ချိန်တွင် နိုင်ငံတကာမှ လေ့လာရေး အဖွဲ့များကိုလည်း ဖိတ်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့်အတူ အေးအတူပူအမျှ အနာဂတ်မျှဝေသော အသိုက်အဝန်းတစ်ခုကို တည်ဆောက်သွားရန်နှင့် အိမ်နီးချင်း နိုင်ငံများဆိုင်ရာ လုပ်ငန်းများအတွက် အခြေခံအသစ်များ ဖော်ဆောင်သွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် မြန်မာနိုင်ငံအနေဖြင့် အားပေးထောက်ခံပါကြောင်း၊ ယနေ့တွေ့ဆုံမှုသည် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကို များစွာအထောက်အကူ ဖြစ်စေသည့်အပြင် နှစ်နိုင်ငံအကြား နီးကပ်စွာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသမ္မတက ဆွေးနွေးပြောကြားရာတွင် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးတွင် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီး ၅ ရပ်နှင့်အညီ ဆောင်ရွက်လျက်ရှိမှု၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်ပေး လျက်ရှိမှု၊ မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ကြိုတင်ပြင်ဆင်နေမှုများနှင့် ရွေးကောက်ပွဲအား အားပေး ထောက်ခံလျက် ရှိမှုတို့နှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ သမ္မတတို့သည် နှစ်နိုင်ငံဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ရေး၊ ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေး၊ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုနှင့် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ သမ္မတတို့သည် ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
