ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အထူးလေယာဉ်ပေါ်၌ မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြား
နေပြည်တော် မေ ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ မေ ၇ ရက်မှစ၍ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး ၁၉၄၁ - ၁၉၄၅ မဟာ မျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား နှင့် ဆက်စပ်အခမ်းအနားများသို့ တက်ရောက်ခဲ့သည်။
ထိုသို့အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာစဉ် အထူးလေယာဉ်ပေါ်၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို လက်ခံဖြေကြားခဲ့ပြီး မေးမြန်းဖြေကြားမှု အပြည့်အစုံကို ဖော်ပြလိုက်ရပါသည်။
မေး။ ။ ဗိုလ်ချုပ်မှူးကြီးရှင့်၊ မတ် ၃ ရက် မှ ၉ ရက်အထိ သွားရောက်ခဲ့တဲ့ မြန်မာ - ရုရှား ချစ်ကြည်ရေးခရီးစဉ် အတွင်းမှာရရှိခဲ့တဲ့ ဆွေးနွေးညှိနှိုင်းမှုရလဒ်များက မြန်မာနိုင်ငံအတွက် များစွာ အကျိုးရှိခဲ့ပါတယ်။ ယခု မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ခရီးစဉ်မှာလည်း ကျွန်မတို့နိုင်ငံအတွက် ဘယ်လိုအကျိုး ရလဒ်တွေ ရရှိခဲ့သလဲဆိုတာ သိချင်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး။ ။ ဒီအခမ်းအနားကတော့ ရုရှားပြည်သူတွေက တော်တော်ကို တန်ဖိုးလည်း ထားတယ်။ ဂုဏ်လည်းယူကြတယ်။ ဆိုဗီယက်ပြည်ထောင်စုကြီးကို လာပြီးကျူးကျော်တိုက်ခိုက်တဲ့ ဖက်ဆစ်နာဇီတွေအပေါ်မှာ သူတို့ လူ ၂၆ သန်းကျော်အသေခံပြီးတော့မှ ပြန်ပြီး ရုရှားနိုင်ငံရဲ့ အချုပ်အခြာအာဏာ ပြန်လည်ရရှိဖို့အတွက် တိုက်ခိုက်ခဲ့တာပေါ့။ ဒါကြောင့်သူတို့လည်း သိပ်တန်ဖိုးထားပါတယ်။ ဒါကျွန်တော်တို့ အလေးထားရမယ့်ကိစ္စပေါ့။ မြန်မာနိုင်ငံလည်း ဖက်ဆစ်တော်လှန်ရေး သမိုင်းကြောင်း ရှိခဲ့တယ်။ တပ်မတော်နဲ့ ပြည်သူပေါင်းပြီးတော့မှ လွတ်လပ်ရေး ရအောင်လည်း တိုက်ခိုက်ခဲ့တဲ့ သမိုင်းကြောင်းလည်း ရှိတယ်။ သမိုင်းကောင်း၊ တကယ်ခိုင်မာတဲ့ သမိုင်းကြောင်းပါ။ ဒါကြောင့် ဒါကလည်း ကျွန်တော်တို့အနေနဲ့ ဒီဟာကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်ဖို့လိုအပ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ နောက်တစ်ခုက နိုင်ငံတော်ကာကွယ်ရေး အင်အားရှိရင်ပေါ့၊ တပ်မတော်အင်အားရှိလို့ရှိရင် တိုင်းပြည်က အင်အားရှိမယ်ဆိုတဲ့ဟာ ကတော့ ပေါ်လွင်ပါတယ်။ ပြည်သူ အားလုံးကိုလည်း နိုင်ငံချစ်စိတ်၊ မျိုးချစ် စိတ်ဓာတ်တွေ ဒီထက်ပိုပြီးတော့မှ ရှိအောင် ဆောင်ရွက်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ ဒါမှသာ ပြည်သူအားလုံးကလည်း မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုရှိအောင် ဆောင်ရွက်နိုင်မယ်ဆိုတာလည်း ဒါ ကျွန်တော်တွေ့ပါတယ်။
မေး။ ။ ခရီးစဉ်အတွင်းမှာ စစ်ရေးပြအခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံ့ခေါင်းဆောင်များနဲ့လည်း တွေ့ဆုံခဲ့တာကို တွေ့ရပါတယ်။ ဘာထူးခြားမှုများ ရှိပါသလဲ။
ဗိုလ်ချုပ်မှူးကြီး။ ။ နိုင်ငံ့ခေါင်းဆောင်တချို့နဲ့ အလွတ်သဘောတွေ့ဆုံတာလည်းရှိသလို တွေ့ဆုံ ဆွေးနွေးနိုင်မှုလည်း ကျွန်တော်တို့ရခဲ့ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံကနေ ပြီးတော့မှ ကျွန်တော့်ရဲ့ သဘောထားပေါ့၊ ကျွန်တော်ကတော့ ပါတီစုံဒီမိုကရေစီစနစ်ကိုသွားဖို့အတွက် ကျွန်တော်လက်ခံ ပါတယ်။ ဒီအတိုင်းကျွန်တော်တို့သွားဖို့ ဖြစ်ပါတယ်။ ဒါပြီးလို့ရှိရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ဒီနှစ်ကုန်ပိုင်းမှာ ကျွန်တော်ဆောင်ရွက်မယ်ဆိုတဲ့ အကြောင်းကိုလည်း ကျွန်တော် သူတို့ကိုရှင်းပြပါတယ်။ ဆွေးနွေးတဲ့လူတွေကတော့ အားလုံးလည်းလက်ခံပြီးတော့မှ အားပေး ထောက်ခံမှုရှိတာကိုလည်း ကျွန်တော်တွေ့ရပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေတွေလည်း တချို့နိုင်ငံတွေလည်း ရှင်းပြနိုင်ပြီးတော့ တချို့နိုင်ငံ တွေကလည်း မိတ်ဆက်တွေ့ဆုံရတာပေါ့။ ကောင်းပါတယ်၊ အားလုံးတွေ့ရတာ အားလုံး ကောင်းပါတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။
မေး။ ။ ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သမ္မတနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တာကို တွေ့ရပါတယ်။ ဒီတွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ဘာများပြောလိုပါသလဲ။
ဗိုလ်ချုပ်မှူးကြီး။ ။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကတော့ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးတဲ့ နိုင်ငံ တစ်ခုဖြစ်ပါတယ်။ မဟာဗျူဟာမိတ်ဖက်နိုင်ငံတစ်ခုလည်းဖြစ်တယ်။ နောက်ခွဲခြားလို့မရတဲ့ အိမ်နီးချင်းနိုင်ငံတွေလည်း ဖြစ်ပါတယ်။ နောက်တစ်ခါ သံတမန်ဆက်ဆံရေးကလည်း အခုဆိုရင် ၇၅ နှစ် ကျော်ကာလကို ရောက်ပြီဖြစ်ပါတယ်။ ဒါကြောင့် ထူးခြားတဲ့ ဆက်ဆံရေးရှိတဲ့ နိုင်ငံတစ်ခုလို့ ကျွန်တော်ပြောချင်ပါတယ်။ သမ္မတကြီးကတော့ မန္တလေးငလျင်နဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေ အသက်ဆုံးရှုံးမှုနဲ့ ထိခိုက်ဆုံးရှုံးမှုများအတွက်လည်း စိတ်မကောင်းတဲ့အကြောင်း နှုတ်ကလည်း ထုတ်ပြောတယ်။ ပြီးရင် ဖြစ်ပြီးတဲ့အချိန်မှာလည်း ကျွန်တော့်ဆီကိုလည်း သဝဏ်လွှာ သူပို့ပါတယ်။ ဒီငလျင်နဲ့ပတ်သက်ပြီးတော့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့လည်း ဆက်လက်ကူညီဆောင်ရွက်ပေးမယ်ဆိုတာလည်း သူဒါလည်း အလေးအနက်ထားပြီး သူပြောပါတယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊ နောက်ပြီးတော့ နယ်မြေပိုင်ဆိုင်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်ပြီးတော့လည်း ခိုင်မာစွာထောက်ခံတဲ့အကြောင်းလည်း သူပြောပါတယ်။ မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေး၊ နောက်တစ်ခါ ဖွံ့ဖြိုးတိုးတက်ရေးအပေါ်မှာလည်း အားပေးတဲ့အကြောင်း သူ ကျွန်တော်တို့ကို ပြောပါတယ်။ ကျွန်တော့်အနေနဲ့လည်း One Belt One Road လမ်းကြောင်းအပေါ်မှာလည်း ခိုင်ခိုင်မာမာရပ်တည်တဲ့အကြောင်း၊ နောက်တစ်ခါ မြန်မာနိုင်ငံကနေပြီးတော့ တက်ကြွစွာပါဝင်ဆောင်ရွက်မယ်ဆိုတဲ့အကြောင်း ကျွန်တော် ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံက ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေတွေလည်း အကြမ်းဖျင်း ကျွန်တော်ရှင်းပြနိုင်ခဲ့ပါတယ်။ နောက်တစ်ခုက တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြံ အကောင်အထည်ဖော် မြှင့်တင်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်ဆွေးနွေးဖြစ်ခဲ့ပါတယ်။ နောက်တစ်ခါ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒါသမ္မတကြီးကပေါ့ဗျာ၊ မြန်မာနိုင်ငံ မှာ ကျင်းပပြုလုပ်မယ့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့၊ ကျွန်တော်တို့ရဲ့ ကြိုတင်ပြင်ဆင်မှုများနဲ့ ရွေးကောက်ပွဲကိုလည်း အားပေးထောက်ခံတဲ့အကြောင်း သူဒါလေးထပ်ပြီး ပြောပါတယ်။ တွေ့ဆုံ ဆွေးနွေးရတာလည်း ကောင်းမွန်တဲ့ ရလဒ်ကောင်းတွေ ရရှိတယ်ဆိုတာလည်း ကျွန်တော်ပြောချင် ပါတယ်။
သတင်းစဉ်