နေပြည်တော် ဇွန် ၂၅
EAEU ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘယ်လာရုစ်သမ္မတ နိုင်ငံသမ္မတ H.E. Mr. Alexander Grigoryevich Lukashenko ၏ ဖိတ်ကြားချက်အရ မင့်စ်မြို့၌ ကျင်းပပြုလုပ်မည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025)သို့ တက်ရောက်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံမှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး ညနေပိုင်းတွင် နိုဗာစီဗစ်မြို့ သာမာရှယ်ဗာလေဆိပ်သို့ရောက်ရှိရာ နိုဗာစီဗစ်ဒေသအုပ်ချုပ်ရေးမှူး Mr. Travnikov Ahdrey Aleksandrovich နှင့် တာဝန်ရှိသူများက လေဆိပ်၌ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် နိုဗာစီဗစ်ဒေသ အုပ်ချုပ်ရေးမှူးတို့သည် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗာစီဗစ်ဒေသတို့အကြား၊ အာဆီယံ ဒေသတွင်းနိုင်ငံများအကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေး၊ လေကြောင်း ပြေးဆွဲမှုများ မြှင့်တင်နိုင်ရေး၊ ခရီးသွားကဏ္ဍမြှင့်တင်ရေးတို့နှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် နိုဗာစီဗစ်ဒေသအုပ်ချုပ်ရေးမှူးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။
ပို့ဆောင်နှုတ်ဆက်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် နိုဗာစီဗစ်မြို့ သာမာရှယ်ဗာလေဆိပ်မှ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ ဆက်လက်ထွက်ခွာရာ နိုဗာစီဗစ်ဒေသ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများကလေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်