နေပြည်တော် ၊ ဖေဖော်ဝါရီ ၁၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် နှင့် ဇနီးဒေါ်ကြူကြူလှတို့က တည်ခင်းဧည့်ခံသည့် ၂၀၂၃ ခုနှစ် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမ ဥပစာရင်ပြင်၌ ကျင်းပသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် ညနေ ၆ နာရီတွင် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပမည့်မြို့တော်ခန်းမ ဥပစာရင်ပြင်သို့ ရောက်ရှိကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များနှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။
ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း မြန်မာ့အသံခေတ်ပေါ်တေး ဂီတအဖွဲ့မှ တေးသံရှင်များက တေးသံသာများဖြင့် သီဆိုတီးမှုတ်ဖျော်ဖြေတင်ဆက် ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် အတူ ၂၀၂၃ ခုနှစ် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် မီးရှူး မီးပန်းများပစ်ဖောက်ဂုဏ်ပြုမှု၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ဂုဏ်ပြုစာတန်း၊ တိုင်းရင်းသားလူမျိုးများနှင့် ဒေသအထိမ်းအမှတ် သရုပ်ဖော်ပြကွက်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ရုပ်ပုံနှင့် ပြည်ထောင်စုလှေ သရုပ်ဖော်ပုံတို့ကို Drone များဖြင့် ပုံဖော် သရုပ်ပြလွှတ်တင်မှုများကို ကြည့်ရှုအားပေးကြသည်။
ဂုဏ်ပြုညစာစားပွဲအပြီးတွင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ညစာစား ပွဲသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့်အတူမြို့တော်ခန်းမ လေဟာပြင်ဇာတ်ရုံ၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကဖွဲ့များ၏ တိုင်းရင်းသားရိုးရာအက ပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြသည်။
ထိုသို့ဖျော်ဖြေတင်ဆက်ရာတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များ က ပြည်ထောင်စုတေးကဗျာမော်ကွန်းလွှာ ကဇတ်ဖြင့်လည်းကောင်း၊ ခြေလှမ်းသစ်များနဲ့ ဟူသည့်တေးသီချင်းအား ကချင်တိုင်းရင်းသားရိုးရာ အကအဖွဲ့ကလည်းကောင်း၊ ချစ်ကြည်ရေးအက တေးသီချင်းအား ကယားတိုင်းရင်းသားရိုးရာ အကအဖွဲ့ကလည်းကောင်း၊ နိုင်ငံသစ်ဆီ တို့လှမ်းချီ တေးသီချင်းအား ကရင်တိုင်းရင်းသားရိုးရာ အကအဖွဲ့ကလည်းကောင်း၊ကောက်ရိတ် သိမ်းပွဲတော် တေးသီချင်းအား ချင်းတိုင်းရင်းသားရိုးရာ အကအဖွဲ့ကလည်းကောင်း၊ တို့ရဲ့ ပြည်ထောင်စုနေ့ တေးသီချင်းအား မန္တလေးတိုင်းဒေသကြီး ဗမာတိုင်းရင်းသားရိုးရာ အကအဖွဲ့ကလည်းကောင်း၊ မွန်တို့ အားမာန် တေးသီချင်းအား မွန်တိုင်းရင်းသားရိုးရာအက အဖွဲ့ကလည်းကောင်း၊ အဇိန် ဇိတ်ကေ ယိမ်းသီချင်းအား ရခိုင်တိုင်းရင်းသားရိုးရာအက အဖွဲ့ကလည်းကောင်း၊ ကမ္ဘောဇအလှ တေးသီချင်းအား ရှမ်းတိုင်းရင်းသားရိုးရာအက အဖွဲ့ကလည်းကောင်း၊ ညီနောင်ထု၏ ပြည်ထောင်စု တေးသီချင်းအား သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အနုပညာ ဦးစီးဌာနမှ အနုပညာရှင်များကလည်းကောင်း အသီးသီးဖျော်ဖြေ တင်ဆက်ကြသည်။
ဖျော်ဖြေတင်ဆက်မှုများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် ၂၀၂၃ ခုနှစ် (၇၆)နှစ်မြောက် ပြည် ထောင်စုနေ့အခမ်းအနားတွင် ကပြ ဖျော်ဖြေခဲ့ကြသည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့များကို ဂုဏ်ပြုပန်းခြင်း ပေးအပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။
ဂုဏ်ပြုညစာစားပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့်ဇနီး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဗဟိုအကြံပေးအဖွဲ့ဝင်များ၊ အငြိမ်းစား တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်