နေပြည်တော်၊ အောက်တိုဘာ ၁၇

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့တွင် ခရီးစဉ်၌ လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်အားကစားကွင်း အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ အားကစားကွင်း ရှင်းလင်းဆောင်၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဦးစိုးလွင်တို့က ဇွဲကပင်အားကစားကွင်းအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အားကစားကွင်းသည် ပြည်နယ်အဆင့်နှင့် လျော်ညီရမည်ဖြစ်ပြီး နောင်တွင် တိုးတက်လာမည့် လူဦးရေတို့ကိုပါ ထည့်သွင်းတွက်ချက်၍ ဝင်ဆံ့မှုကို ရေရှည် မျှော်တွေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အားကစားကွင်းအနီး၌ ပြည်နယ်အဆင့်နှင့် လျော်ညီသည့် မိုးလုံလေလုံ အားကစားရုံအသစ်တစ်ခု ဆောက်လုပ်နိုင်ရေး၊ ဒိုင်ဗင်ပါ အဆင့်မီရေကူးကန် တည်ဆောက်ရေး လျာထားတင်ပြရန်နှင့် အားကစား ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အားကစားနည်းမျိုးစုံကို အဆင့်မီစွာ လေ့ကျင့်ယှဉ်ပြိုင်နိုင်ရေး ပြည်နယ် Sport Complex  တစ်ခုကို ဖော်ဆောင်ပေးရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် အားကစားကွင်း အဆင့်မြှင့်တင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။

 

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘားအံမြို့ရှိ တပ်မတော်ဆေးရုံသို့ သွားရောက်၍ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူလျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၏ ကျန်းမာရေးအခြေအနေများကို တစ်ဦးချင်း ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။ ယင်းနောက် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မော်လမြိုင်မြို့ နယ်မြေခံ တပ်မတော်ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ကျန်းမာရေးတိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေး စကားပြောကြားကာ စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

 

သတင်းစဉ်