နေပြည်တော်၊ နိုဝင်ဘာ ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အောင်မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးလှမိုး၊ ဒေါက်တာညွန့်ဖေ၊ ဦးမင်းသိန်းဇံ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်သည့် နေရာများစွာရှိကြောင်း၊ မြို့တော်စည်ပင်သာယာနှင့် ဆက်စပ် မြို့နယ်များတွင် စိုက်ပျိုးမွေးမြူရေး အထူးပြုလုပ်ငန်းကို သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန နှင့်ပူးပေါင်း၍ အဆင့်မြှင့်ထုတ်ကုန် လုပ်ငန်းအထိ ဆောင်ရွက် ရန်လိုကြောင်း၊ အလားတူ မန္တလေးမြို့အတွင်း ယာဉ်စည်းကမ်း ကောင်းမွန်စေရေး၊ မြို့တော် သန့်ရှင်းသာယာလှပရေးနှင့် ဈေးဆိုင်ခန်းများ စနစ်တကျ ရှိစေရေးအတွက်လည်း စဉ်းစားဆောင်ရွက်ကြရန် လိုကြောင်း၊ မန္တလေးသည် မြို့တော်ဟောင်းဖြစ်ပြီး မြို့စတည်ချိန်၌ စနစ်တကျ ဆောင်ရွက်ခဲ့သည်ကိုတွေ့ရှိရပြီး ဆက်လက် ထိန်းသိမ်းသွားရန်လိုကြောင်း၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအတွင်း ထွက်ရှိသော ကုန်ကြမ်းကို ဒေသအလိုက် အပြန်အလှန် အထောက်အကူပြုကာ ထိရောက်စွာ အသုံးချ၍ တန်ဘိုးမြင့် ထုတ်ကုန်များ ထုတ်လုပ် နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ ဆောင်ရွက် ရာတွင် mass production အဖြစ် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဆောင်ရွက်ရန် လိုကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ် ထွန်းရန် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေးနှင့် ပတ်သက်သည့် ဆောင်ရွက်သင့်သည့်ကိစ္စရပ်များနှင့် မြို့သန့်ရှင်း သာယာလှပရေးအတွက် ဆောင်ရွက်သင့်သည့် အခြေအနေများအား ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးကြရန်လို ကြောင်းမှာကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့် မြေဩဇာများ လိုအပ်ချက်ရှိသဖြင့် လုံလောက်စွာ ရရှိရေး ကြိုပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေ၊ မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်လျက်ရှိမှုနှင့် အလှပန်းပင်များနှင့် အရိပ်ရလေကာပင်များ စိုက်ပျိုးလျက်ရှိမှု အခြေအနေ၊ ဧရာဝတီမြစ်ကမ်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေ၊ ဘုန်းတော်ကြီးကျောင်းများ သန့်ရှင်းသာယာမှု ရှိစေရေးအတွက် မန္တလေးမြို့စည်ပင် သာယာရေးကော်မတီမှ ဆောင်ရွက်ပေးမှု အခြေအနေ၊ မန္တလေးမြို့ပြ တိုးချဲ့ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ တိုင်းဒေသကြီးအတွင်း အားကစား ကဏ္ဍမြှင့်တင်ရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ အဖွဲ့ဝင်များအဖြစ် လိုက်ပါလာကြသည့် ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ဆွေးနွေးတင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က မန္တလေးတိုင်းဒေသကြီးအတွင်း သဘာဝမြေဩဇာ ထုတ်လုပ်နိုင်သည့် အခြေခံကောင်းများရှိကြောင်း၊ မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းဖြစ်သည့် ကြက်ချေး၊ နွားချေး၊ ဝက်ချေးများမှ စိုက်ပျိုးရေး လုပ်ငန်းများအတွက် အထောက်အကူဖြစ်သည့် သဘာဝမြေဩဇာ ရရှိနိုင်သည့်အတွက် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တက ျမွေးမြူရန်နှင့် မျိုးကောင်းမျိုးသန့်များကို မွေးမြူရန်လိုကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံအတွင်း ဓာတ်မြေဩဇာ လုံလောက်စွာရရှိရေး ဆောင်ရွက်လျက်ရှိသော်လည်း လိုအပ်ချက် ပြည့်မီမှု မရှိသေးသဖြင့် သဘာဝမြေဩဇာများ၊ အီးအမ်ဘိုကာချီများ အသုံးပြုနိုင်ရေး အစိုးရမှ ဦးဆောင်၍ ကျေးလက်ဒေသများအထိ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ထိရောက်စွာ အသုံးပြုနိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိရိုးဖလာ မွေးမြူရေးစနစ်မှ နည်းပညာ အထောက်အကူရယူ၍ အထွက်နှုန်းများ တိုးတက်အောင် ဆောင်ရွက်ကြရန် လိုကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ဝါစိုက်ပျိုးမှုများအား စနစ်တကျဖြင့် အထွက်နှုန်းတိုးအောင် ဆောင်ရွက်၍ နိုင်ငံ၏ဝါလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်လိုသဖြင့် ဝါစိုက်ပျိုးမှုအား စံပြဖြစ်အောင် စိုက်ပျိုးကြရန် လိုကြောင်း။
ယာဉ်လမ်းကြောင်းများနှင့် လမ်းညွှန်အမှတ်အသားများအား စနစ်တကျ ရေးဆွဲရန်လိုသကဲ့သို့ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးဆောင်ရွက်ရာတွင် စည်းကမ်း ဖောက်ဖျက်သည့် သူများအား ထိရောက်စွာအရေးယူ ဆောင်ရွက်ရန်လိုကြောင်း၊ လမ်းဘေးပလက်ဖောင်းများအား စနစ်တကျ တည်ဆောက်ရေး၊ ဈေးဆိုင်ခန်းများ စနစ်တကျရှိစေရေး ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ အများပြည်သူများ သွားလာမှု အဆင်ပြေစေရေးအတွက် Public Transportation လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့ပတ်ရထားလမ်း တည်ဆောက်ရေးနှင့် နောင်တစ်ချိန်တွင် မြေအောက် မြို့ပတ်ရထားလမ်း တည်ဆောက်နိုင်ရေးအထိ ကြိုတင်မျှော်တွေး စီမံဆောင်ရွက်ထားရန်လိုကြောင်း၊ Public Transportation လုပ်ငန်းများအား ဆောင်ရွက်နိုင်မည်ဆိုပါက ကိုယ်ပိုင်မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ သုံးစွဲမှုလျှော့ချနိုင်မည်ဖြစ်သဖြင့် စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်မျိုးစုံ တစ်သန်းခန့်နှင့် မော်တော်ဆိုင်ကယ် ခြောက်သန်း ခန့်ရှိကြောင်း၊ တစ်ရက်လျှင် ကားတစ်စီး ဆီတစ်ပုလင်း၊ မော်တော်ဆိုင် ကယ်တစ်စီး နို့ဆီဘူး တစ်ဘူးခန့်သုံးပါက နေ့စဉ် ဆီမည်မျှကုန်ကျနေမည်ကို တွက်နိုင်ကြောင်း၊ နိုင်ငံခြားငွေကြေးများစွာ အသုံးပြုနေရသဖြင့် သွားလာပို့ဆောင်ရေးတွင် ဆီသုံးစွဲမှုလျှော့ချရန် ကြိုးစားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မန္တလေးမြို့အတွင်း ဘတ်စ်ကားလိုင်းများ၊ မြို့ပတ်ရထားများ ပြေးဆွဲနိုင်ရေး အကောင်အထည် ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ Public Transportation များအား လျှပ်စစ် ဓာတ်အားဖြင့် အသုံးပြု ဆောင်ရွက်နိုင်ရေး ရည်မှန်းချက်ထား လုပ်ဆောင်ရန်နှင့် လျှပ်စစ်ဓာတ်အားကို အသုံးပြုခြင်းဖြင့် စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်ရေးသည် ပြည်သူများအတွက် အဓိက လိုအပ်ချက်ဖြစ်သဖြင့် ပြည်တွင်း သယ်ယူပို့ဆောင်မှုနှင့် ခရီးသွားလာမှုများအား ခွင့်ပြုပေးပြီးဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးသည် ခရီးသွားလာမှုနှင့်ပတ်သက်၍ အချက်အခြာကျသည့် နေရာဒေသတစ်ခု ဖြစ်သဖြင့် ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ စနစ်တကျဆောင်ရွက်ကြရန်လိုကြောင်း။
ဧရာဝတီမြစ်ကမ်း ပြိုကျပျက်စီးမှု ထိန်းသိမ်းနိုင်ရေးအတွက် သစ်ပင်များ စိုက်ပျိုးရန်နှင့် ဧရာဝတီမြစ်ကမ်းတစ်လျှောက်တွင် ခရီးသွားများ လာရောက်နိုင်သည့် နေရာများ တည်ဆောက်ရန်လိုကြောင်း၊ မန္တလေးမြို့အတွက် သုံးရေဖူလုံစွာရရှိရေး မြစ်ရေတင်စီမံကိန်းများဖြင့် ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရန်လိုကြောင်း၊ ရေသန့် စနစ်ကိုအသုံးပြု၍ သန့်ရှင်းသည့်ရေများ ရရှိအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ မြို့ကွက်သစ်များ ဖော်ဆောင်ရာတွင် သယ်ယူပို့ဆောင်ရေးအတွက် အဓိကထားစဉ်းစား ဆောင်ရွက်ကြရန်လိုကြောင်း။
စိုက်ပျိုးရေးချေးငွေနှင့်ပတ်သက်၍ တောင်သူများအနေဖြင့် စိုက်ပျိုးရေးချေး ငွေများအား မှန်ကန်စွာ အသုံးချရန်နှင့် သတ်မှတ်လုပ်ငန်းခွင်တွင်သာ အသုံးပြုရန် လိုကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးထုတ်ကုန်များအား အထွက်နှုန်း တိုးအောင်ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းဝမ်းစာ ဖူလုံမှုရှိမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များအထွက်နှုန်း ကောင်းမွန်စေရေးအတွက် တောင်သူများက ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ အစိုးရအနေဖြင့်လည်း ထောက်ပံ့ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း။
မန္တလေးမြို့တော်အတွင်း သစ်ပင်များ စနစ်တကျစိုက်ပျိုးရန်လိုကြောင်း၊ သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် ရာသီဥတုကို ထိန်းသိမ်းနိုင်ကြောင်း၊ အလားတူ ကျေးလက်ဒေသများတွင်လည်း ကျေးရွာထင်းစိုက်ခင်းများ စိုက်ပျိုးရန်လိုကြောင်း၊ မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသများတွင် ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် အိမ်သုံးဆိုလာစနစ်အား အသုံးပြုနိုင်မည်ဆိုပါက လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့်လည်း နေရောင်ခြည် စွမ်းအင်သုံး ဆိုလာပြားများ ထုတ်လုပ်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ မန္တလေးတိုင်းဒေသကြီးအတွင်း လူထုအားကစားကို စံပြအဖြစ် ဆောင်ရွက်ရန်လိုကြောင်း၊ မန္တလေးမြို့ရှိပြည်သူများသည် စည်းလုံးမှု ရှိကြောင်း၊ မိမိတို့အနေဖြင့်လည်း အားကစားကွင်းများ ပြန်လည်အဆင့်မြှင့်တင် တည်ဆောက်ရေးအတွက် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း။
တိုင်းရင်းသားယဉ်ကျေးမှု စာပေနှင့် တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို အသိအမှတ်ပြု အားပေးပါကြောင်း၊ လူမျိုးတူချင်းသာမက တိုင်းရင်းသားအားလုံး တစ်စိတ်တစ်ဝမ်းတည်းဖြင့် စုစည်းညီညွတ်ရန်လိုကြောင်း၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရာတွင် ဆောင်ရွက်ဆဲ အမှုများ အမြန်ပြီးပြတ်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့အစိုးရ တာဝန်ယူသည့် ကာလအတွင်း ဆောင်ရွက်သည့် လုပ်ငန်းများကို မှတ်ကျောက်တင်နိုင်သည်အထိ လုပ်ဆောင်သွားရန် လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


