နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “အကြိမ် (၅၀)မြောက်ရွှေရတုအထိမ်းအမှတ် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ”ဖွင့်ပွဲအခမ်းအနားသို့ ပေးပို့ပြောကြားသည့် အမှာစ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က

“အကြိမ် (၅၀)မြောက်ရွှေရတုအထိမ်းအမှတ်

မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ”ဖွင့်ပွဲအခမ်းအနားသို့ ပေးပို့ပြောကြားသည့် အမှာစကား

အားလုံးမင်္ဂလာပါ-

ဒီနေ့ကျင်းပပြုလုပ်တဲ့ “အကြိမ်(၅၀)မြောက် ရွှေရတု အထိမ်းအမှတ် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” ကို တက်ရောက် လာကြတဲ့ ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေ၊ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ သုတေသနလုပ်ငန်းတွေကို နိုင်ငံတကာနဲ့ ရင်ဘောင်တန်း ဆောင်ရွက်နိုင်စေဖို့ ရည်ရွယ်ပြီး မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံကို နှစ်စဉ်ကျင်းပလာခဲ့တာ ယခုအခါ ရွှေရတုအဖြစ် အကြိမ်(၅၀)တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ၁၉၆၅ ခုနှစ်မှာ ပထမအကြိမ် ညီလာခံကို စတင်ကျင်းပနိုင်ခဲ့ပြီး အချို့သောနှစ်တွေမှာ ကျင်းပမှုမပြုနိုင်ခဲ့တဲ့အတွက် ယခုနှစ်မှာ အကြိမ်(၅၀)မြောက် ရွှေရတုအဖြစ် ကျင်းပနိုင်တာ ဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေချိန်မှာ ယခုညီလာခံကို ကျင်းပပြုလုပ်ရတာ ဖြစ်တဲ့အတွက် Virtual Conference ပုံစံနဲ့ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီးအနေနဲ့ လုပ်ငန်းတာဝန်များ ခွဲခြားသတ်မှတ်ပြီး လုပ်ငန်းကော်မတီနဲ့ ဆပ်ကော်မတီများ ဖွဲ့စည်းကာ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြတာလို့ သိရှိရပါတယ်။

ကျန်းမာရေးဆိုင်ရာ သုတေသနတွေကနေ ပေါ်ထွက်လာတဲ့ ခိုင်မာတိကျတဲ့ ရလဒ် အခြေပြု သုတေသနတွေ့ရှိချက် (Evidence-based research finding) များဟာ မိမိတို့နိုင်ငံရဲ့ ခေတ်စနစ်နဲ့ ကိုက်ညီ သင့်တော်တဲ့ ကျန်းမာရေးဆိုင်ရာ မူဝါဒများချမှတ်ရာမှာ လည်းကောင်း၊ ကျန်းမာရေးလုပ်ငန်းများ ပိုမိုထိရောက် အကျိုးရှိစေရေးအတွက် လည်းကောင်း၊ မိမိတို့နိုင်ငံမှာ လူတိုင်းလက်လှမ်းမီတဲ့ အရည်အသွေးပြည့် ကျန်းမာရေး စောင့်ရှောက်မှု (Universal Health Coverage) ရရှိစေရေးလုပ်ငန်းစဉ် ဖော်ဆောင်ရာမှာလည်းကောင်း များစွာအထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။

မိမိတို့နိုင်ငံရဲ့ မျှော်မှန်းသက်တမ်းက (၆၇.၄၂)နှစ်ခန့်သာ ရှိနေတာမို့ ဒေသတွင်းနိုင်ငံများနဲ့ နှိုင်းယှဉ်ရင် နိမ့်ကျလျက်ရှိပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းများကို သုတေသနလုပ်ငန်းတွေနဲ့ ရှာဖွေဖော်ထုတ်ပြီး မိမိတို့နိုင်ငံအတွက် အရေးတကြီး လိုအပ်တဲ့၊ ခေတ်စနစ်နဲ့ကိုက်ညီတဲ့ နိုင်ငံတော်အဆင့် ကျန်းမာရေးဆိုင်ရာ မူဝါဒများပေါ်ထွက်လာအောင် ဆောင်ရွက်ဖို့လိုအပ်ပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေရဲ့ အားနည်းချက်၊ အားသာချက်များကို အချိန်နဲ့တစ်ပြေးညီ ရှာဖွေဖော်ထုတ်ပြီး ဝန်ကြီးဌာနနဲ့ နိုင်ငံတော်ကို အထောက်အကူ ပြုနိုင်အောင် ဆောင်ရွက်ခြင်းအားဖြင့် ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးစနစ် ပေါ်ထွန်း‌အောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ယခုကဲ့သို့ ကျန်းမာရေးသုတေသန ညီလာခံများ ကျင်းပပြုလုပ်ခြင်း၊ သုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲများ ပြုလုပ်ခြင်းနဲ့ သုတေသန တွေ့ရှိမှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပြည်သူများသိရှိစေဖို့ ပုံမှန်ထုတ်ပြန်ပေးခြင်း လုပ်ငန်းတွေကိုလည်း ယခုထက်ပိုမို တိုးမြှင့်ဆောင်ရွက် ပေးရမှာဖြစ်ပါတယ်။

ထို့အတူ ကိုဗစ်-၁၉ ရောဂါကဲ့သို့ ကူးစက်တတ်တဲ့ ရောဂါတွေ၊ ဆီးချို၊ သွေးတိုး၊ ကင်ဆာစတဲ့ မကူးစက်တတ်တဲ့ နာတာရှည်ရောဂါ တွေနဲ့ပတ်သက်တဲ့ သုတေသန လုပ်ငန်းတွေကိုလည်း နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

အထူးသဖြင့် မိမိတို့ပြည်သူများ အခြေခံကျန်းမာရေး ကောင်းမွန်ပြီး သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ဖို့အတွက် လက်တွေ့အသုံးချ ကျန်းမာရေး သုတေသန များစွာ တိုးမြှင့်ဆောင်ရွက်ပြီး တွေ့ရှိချက်တွေကို ပြည်သူများ သိရှိစေရေး နည်းလမ်းပေါင်းစုံ အသုံးပြုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးရမှာဖြစ်ပါတယ်။

ကျန်းမာရေးဆိုင်ရာ သုတေသနလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ကျန်းမာရေး ဝန်ကြီးဌာနရှိ ဆေးနဲ့ဆေးနှီးနွှယ် တက္ကသိုလ်များ၊ ဆေးရုံများ၊ ရောဂါတိုက်ဖျက်ရေး စီမံချက်များ၊ အခြေခံကျန်းမာရေးဝန်ထမ်းများနဲ့ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပြီး ဆက်စပ် ဝန်ကြီးဌာနများ၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများနဲ့လည်း လိုအပ်သလို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဆေးနဲ့ဆေးနှီးနွှယ် တက္ကသိုလ်များရဲ့ သုတေသန ဆောင်ရွက်နိုင်မှု စွမ်းရည်ကို ပိုမိုမြှင့်တင်နိုင်ရေး အလေးထားပူးပေါင်း ဆောင်ရွက်ပေးဖို့ မှာကြားလိုပါတယ်။

တိုင်းရင်းဆေးပညာနဲ့ ပတ်သက်တဲ့ လက်တွေ့အသုံးချသုတေသန တွေကတစ်ဆင့် ပြည်သူများ လက်တွေ့အကျိုးရှိစေရေးနဲ့ မိမိတို့နိုင်ငံရဲ့ တိုင်းရင်းဆေးပညာရပ်နဲ့ တိုင်းရင်းဆေးဝါးထုတ်ကုန်များ နိုင်ငံတကာအထိ ထိုးဖောက်နိုင်ရေးအတွက် တိကျခိုင်မာတဲ့၊ သုတေသနပြုထားတဲ့ အချက်အလက်တွေ ပိုမိုရရှိဖို့အတွက်ကိုလည်း တိုင်းရင်းဆေးပညာရှင် ကြီးများ၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နဲ့ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

တိုင်းရင်းဆေးကို အသုံးပြုပြီး ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ကုသ နိုင်ဖို့အတွက် သုတေသနဆောင်ရွက်လျက်ရှိတဲ့နေရာမှာ တိုးတက်မှုတွေ ရရှိနေကြောင်းသိရှိရပါတယ်။ ဒီလိုသုတေသနပြုလုပ်ပြီး တိကျခိုင်မာတဲ့ အချက်အလက်တွေ ပေါ်ထွက်လာခဲ့ရင် တိုင်းရင်းဆေးကို အသုံးပြုပြီး ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ကုသနိုင်မှာဖြစ်ပြီး မိမိတို့ပြည်သူများ အတွက် များစွာအကျိုးရှိမှာ ဖြစ်ပါတယ်။

တိကျမှန်ကန်တဲ့ သုတေသနရလဒ်များအပေါ်မူတည်ပြီး ရလဒ် အခြေပြုမူဝါဒများ ရေးဆွဲခြင်း (Evidence-based Policy Making)၊ ကျန်းမာရေးစီမံချက်များ ရေးဆွဲခြင်း လုပ်ငန်းတွေကို ဆောင်ရွက်ရတဲ့အတွက် သုတေသနလုပ်ငန်းတွေ ဆောင်ရွက်နေကြတဲ့ သုတေသီများ ကိုယ်တိုင်ကလည်း မိမိတို့သုတေသနရလဒ်များရဲ့ အရေးပါပုံကိုသေချာစွာ သိရှိနားလည်ပြီး သုတေသနကျင့်ဝတ်များကို တိကျစွာလိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ် ဆိုတာလည်း အမြဲမပြတ် သတိပြုရမှာဖြစ်ပါတယ်။ ဒါကြောင့် သုတေသနကျင့်ဝတ်များနဲ့ ပတ်သက်လို့လည်း စဉ်ဆက်မပြတ် လေ့လာဆည်းပူးနေကြဖို့ ပြောကြားလိုပါတယ်။ မိမိတို့နိုင်ငံမှာ အရာရာကို လေ့လာစူးစမ်းသုတေသနပြုလုပ်ပြီး ရရှိလာတဲ့ သုတေသန ရလဒ်များအပေါ်မှာ အခြေခံထားတဲ့ လုပ်ငန်းများကို ဆောင်ရွက်လိုတဲ့ စိတ်နေစိတ်ထား၊ တစ်နည်းအားဖြင့် သုတေသနပြုလိုတဲ့စိတ်ရှိတဲ့ လူငယ်လူရွယ်တွေ၊ ပညာရှင်တွေများစွာ ပေါ်ထွက်လာအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်၊ မတ်လ(၂၃)ရက်နေ့မှာ ကိုဗစ်-၁၉ ရောဂါပိုး မြန်မာနိုင်ငံကို စတင်ရောက်ရှိချိန်မှစပြီး ဆေးသုတေသန ဦးစီးဌာနအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ဗိုင်းရပ်စ်ပိုးရဲ့ မျိုးရိုးဗီဇ အစီအစဉ်တစ်ခုလုံးကို လေ့လာနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာမှာ ယခုအခါ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါပိုးရဲ့ မျိုးရိုးဗီဇ ပြောင်းလဲမှု အဆင့်ဆင့်ကိုလည်း စဉ်ဆက်မပြတ် စောင့်ကြည့် စစ်ဆေးမှတ်တမ်းတင်ထား နိုင်ခဲ့ကြောင်း သိရပါတယ်။ အခုနောက်ဆုံး ပေါ်ပေါက်လာတဲ့ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း မျိုးကွဲအိုမီခရွန်နဲ့ ပတ်သက်လို့လည်း ပိုမိုသိရှိနိုင်ဖို့အတွက် သုတေသန ပညာရှင်များအနေနဲ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။

နှစ် (၅၀) ရွှေရတုခရီးလမ်းမှာ အောင်မြင်မှုများအနေနဲ့ မြန်မာနိုင်ငံ ကျန်းမာရေး ဆိုင်ရာ သုတေသနမှတ်ပုံတင်ခြင်း (Myanmar Health Research Registry) online website ကိုထူထောင်နိုင်ပြီး ကျန်းမာရေးဆိုင်ရာ သုတေသနပေါင်း တစ်သောင်းကျော်ကို မှတ်တမ်း တင်ခဲ့ကြောင်း သိရှိရပါတယ်။ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနမှ သုတေသီများရဲ့ ကြိုးပမ်းမှုရလဒ်အဖြစ် ဆေးသုတေသန ဦးစီးဌာနကို ငှက်ဖျားရောဂါတိုက်ဖျက်ရေးမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အသိအမှတ်ပြု စင်တာ (WHO Collaborating Centre)အဖြစ် (၂၀၀၃) ခုနှစ်မှာ အသိအမှတ်ပြု ခံခဲ့ရပြီး ဖြစ်ကြောင်း သိရှိရပါတယ်။

ဒါ့အပြင် ဆေးသုတေသနဦးစီးဌာနအနေနဲ့ အသည်းရောင် အသားဝါ(ဘီ) ကာကွယ်ဆေးကို ပြည်တွင်းမှာ ထုတ်လုပ်နိုင်ဖို့ ကိုရီးယားနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး စက်မှုဝန်ကြီးဌာနကို နည်းပညာလွှဲပြောင်းပေးခဲ့ရာကနေ အဲဒီအချိန်ကစပြီး စက်မှုဝန်ကြီး ဌာနအနေနဲ့ အသည်းရောင် အသားဝါ (ဘီ) ကာကွယ်ဆေးကို (၁၉၉၆) ခုနှစ်မှာ စတင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ အရည်အသွေးပြည့်ဝ ကောင်းမွန်တဲ့ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ခြင်းဆိုင်ရာ သုတေသနတွေကိုလည်း နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဆက်လက် ဆောင်ရွက်နေကြောင်းလည်း သိရှိရပါတယ်။

ယခုအကြိမ်(၅၀)မြောက် ရွှေရတုအထိမ်းအမှတ် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံရဲ့ ဆောင်ပုဒ် (Congress Theme)က “မျှဝေခံစားအသိတိုးပွား - ကိုဗစ် တတိယလှိုင်း အတွေ့အကြုံများ” (Response to COVID-19 in Myanmar : Reflections after the Third Wave) ဖြစ်တယ်လို့သိရှိရပါတယ်။ ဒါကလည်း ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကာလအတွင်း နိုင်ငံတော်နဲ့ပြည်သူများ လက်တွဲညီညီ ပူးပေါင်း ဆောင်ရွက်ခဲ့လို့ အောင်မြင်မှုရလဒ်များရရှိခဲ့တဲ့ အတွေ့အကြုံအရ ပြည်သူတစ်ဦးချင်းစီ အနေနဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေမှာ အားသွန်ခွန်စိုက် ပူးပေါင်း ဆောင်ရွက်ရေး အရေးကြီးပုံကို မီးမောင်းထိုးပြနိုင်ဖို့အတွက် ရည်ရွယ်ပြီး ညီလာခံ ဆောင်ပုဒ်ကို ရွေးချယ်ခဲ့တာလို့ သိရပါတယ်။

နိဂုံးချုပ်အနေနဲ့-

          ယခုလို သုတေသနညီလာခံတွေ ကျင်းပခြင်းဖြင့် လူငယ်တွေမှာ စူးစမ်းလေ့လာ သုတေသနပြုလိုတဲ့ Research culture ကိုပြုစုပျိုးထောင် ပေးသွားရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက် အကျိုးရှိစေမယ့် ကျန်းမာရေးသုတေသန လုပ်ငန်းတွေကို ရေတို၊ ရေရှည်ပန်းတိုင်များ ချမှတ်ဆောင်ရွက်သွားကြဖို့ မှာကြားလိုပါတယ်။ နိုင်ငံတကာ အဆင့်မီ သုတေသနလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ပြီး ရရှိလာတဲ့သုတေသန ရလဒ်တွေကို စနစ်တကျ မှတ်တမ်းတင်ထားရှိပြီးတော့ နိုင်ငံတကာ အသိအမှတ်ပြု ဂျာနယ်များ ၊ စာစောင်များထုတ်ဝေပြီး နိုင်ငံတော်ရဲ့ ကျန်းမာရေးသုတေသန အဆင့်အတန်း မြင့်မားအောင် ဆောင်ရွက်ပေးကြပါ။

          အလားတူ ပြည်သူများ ဆေးကုသမှုခံယူတဲ့အခါမှာ စိတ်အေးချမ်းသာစွာနဲ့ ဘေးကင်း လုံခြုံစိတ်ချရပြီး အရည်အသွေးပြည့်ဝတဲ့ ကုသစောင့်ရှောက်မှုများ ရရှိနိုင်ရေးအတွက် ကုသရေးဆိုင်ရာနဲ့ ဆေးရုံစီမံ / အုပ်ချုပ်မှုဆိုင်ရာ လက်တွေ့အသုံးချ သုတေသန လုပ်ငန်းများကို တိုးမြှင့ ဆောင်ရွက်ပေးသွားဖို့လည်း မှာကြားလိုပါတယ်။

          သုတေသနပြုလုပ်ခြင်းဟာ ရလဒ်ကောင်းများ ရရှိစေရေးအတွက် ဆောင်ရွက်ခြင်း ဖြစ်လို့ တွေ့ရှိချက်များအပေါ်မှာ အခြေခံပြီး မြန်မာနိုင်ငံရဲ့ အမျိုးသားကျန်းမာရေးကဏ္ဍ မြင့်မားရေးမှာ ကျန်းမာရေးနဲ့ နှီးနွယ်တဲ့ ပုဂ္ဂိုလ်များအားလုံးက ကိုယ့်တိုင်းပြည်အတွက် ပြုလုပ်ခြင်းဖြစ်တယ်ဆိုတဲ့ ခံယူချက်နဲ့ ပူးပေါင်းလုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်။

သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ (Research and Development)ဟာ ဆက်စပ်နေတာဖြစ်တဲ့အတွက်ကြောင့် မိမိတို့အစိုးရအနေနဲ့ သုတေသနလုပ်ငန်းများကို အထူးအားပေးသွားမှာ ဖြစ်ပါတယ်။ ကျန်းမာရေးသုတေသန လုပ်ငန်းတွေကတစ်ဆင့် မိမိတို့နိုင်ငံရဲ့ မျှော်မှန်းသက်တမ်း ယခုထက် ပိုမိုမြင့်မားလာစေရေးနဲ့ လူတိုင်းလက်လှမ်းမီပြီး အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အားလုံးကိုယ်စီရရှိပြီးတော့ မိမိတို့နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်း ပိုမိုမြင့်မားလာစေဖို့ ယခုကျင်းပတဲ့ ညီလာခံကနေ အခြေခံအုတ်မြစ်ကောင်းများ ပေါ်ထွန်းလာစေဖို့ ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။