နေပြည်တော် မေ ၁၅
အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) "မိုခါ" (MOCHA) သည် မေ ၁၄ ရက်တွင် ရခိုင်ကမ်းရိုးတန်းဒေသများသို့ စစ်တွေ့မြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ် ကိုလည်း သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် ကြေညာထားပြီးဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ကောင်စီတွဲဖက် အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ လိုက်ပါ၍ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့် စစ်တွေမြို့သို့ သွားရောက်ပြီး အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ် ရေးနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ပြန်လည်ထူထောင် ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်းတာဝန်များ ပေးအပ်နိုင် ရေး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်တွေ မြို့လေဆိပ်သို့ ရောက်ရှိကြပြီး စစ်တွေမြို့အတွင်း ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှု များကို မော်တော်ယာဉ်များဖြင့် ကြည့်ရှုသည်။
ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းက ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး များ ကျင်းပကာ သဘာဝဘေးအန္တရာယ် မကျရောက်မီကတည်းက ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်ခဲ့မှု၊ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုရုံး Command Post အား မေ ၇ ရက်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ဖွင့်လှစ်ထားရှိပြီး ခရိုင် ၇ ခရိုင်၊ မြို့နယ် ၁၇ မြို့နယ်တို့တွင်လည်း ဖွင့်လှစ်ထားရှိမှု၊ သဘာဝဘေးအန္တရာယ် ခိုလှုံရာ Shelter များ ဆောင်ရွက်ထားရှိမှု၊ သဘာဝဘေးအန္တရာယ် မကျရောက်မီ နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အရ မြို့နယ်အလိုက် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရှိမှု၊ သဘာဝ ဘေးအန္တရာယ်သင့်ခဲ့ရသည့် ပြည်သူများအတွက် လတ်တလော အုပ်ချုပ်ထောက်ပံ့မှုများ ဆောင်ရွက် နိုင်ရန် ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ပေးထားမှု၊ ပြည်နယ်အစိုးရအဖွဲ့ အရေးပေါ်ရန်ပုံငွေဖြင့် ဆန်၊ ဆီ၊ ဆား၊ ငါးပိနှင့် စက်သုံးဆီ အရန် ဝယ်ယူထားရှိမှု၊ ပြည်နယ်အစိုးရ၏ အစီအစဉ်ဖြင့် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ စုဆောင်းထားရှိမှု၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနမှ ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုး သိုလှောင်ထားရှိမှု၊ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေးနှင့် ဆက်သွယ် မှု မပြတ်တောက်ရေး ဆောင်ရွက်ထားရှိမှု၊ မေ ၁၄ ရက်တွင် ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclo-nic Storm) "မိုခါ" (MOCHA) စစ်တွေမြို့သို့ ဝင်ရောက်ခဲ့မှုနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့မှု၊ သဘာဝဘေးသင့်ခဲ့ရသည့် နေအိမ်များ ပြန်လည် ပြုပြင်နိုင်ရေး လိုအပ်မှု၊ ထောက်ပံ့ရေးပစ္စည်းများ လိုအပ်မှုနှင့် လတ်တလောပျက်စီးဆုံးရှုံးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက် ခဲ့သဖြင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့မှု၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုတို့နှင့် ပတ်သက်၍ တင်ပြ ကြရာတွင် တယ်လီဖုန်း ဆက်သွယ်မှုလိုင်းများ ပြတ်တောက်မှုမရှိရေး ပြန်လည်ပြင်ဆင်ဆောင်ရွက် ပေးလျက်ရှိမှု၊ စစ်တွေလေယာဉ်ကွင်းသို့ လေယာဉ်များ နေ့ညမရွေးဆင်းသက်နိုင်ရေး ပြင်ဆင် ဆောင်ရွက်လျက်ရှိမှု၊ လေကြောင်းတိုက်ရိုက် ဆက်သွယ်ရေးစနစ်များ တပ်ဆင်နိုင်ရေး ဆောင်ရွက် လျက်ရှိမှု၊ လျှပ်စစ်ဓာတ်အားလိုင်းများ အမြန်ဆုံးပြန်လည်ကောင်းမွန်စေရေး လိုက်လံစစ်ဆေးလျက် ရှိမှု၊ ဓာတ်တိုင်များ ပြန်လည်ထောင်မတ်နိုင်ရေး မှာယူထားရှိမှုနှင့် ဝန်ထမ်းအင်အားအလုံးအရင်းဖြင့် အမြန်ဆုံးလျှပ်စစ်မီး ပြန်လည်ပေးနိုင်အောင် ဆောင်ရွက်လျက်ရှိမှု၊ စစ်တွေမြို့ဆေးရုံကို မီးစက်ကြီးများ ဖြင့် မီးပေးလျက်ရှိမှု၊ သံဃာတော်များနှင့် သီလရှင် များအတွက် ဆွမ်းဆန်တော်နှင့် ဆီ၊ ဆား၊ပဲ၊ ဆေး များ ကြိုတင်ပြင်ဆင်ထားရှိမှု၊ ဘုန်းတော်ကြီး ကျောင်းများ သန့်ရှင်းရေးအတွက် ဆောင်ရွက်ရ မည့်အခြေအနေများနှင့် ရခိုင်ပြည်နယ် ယဉ်ကျေးမှု ပြတိုက် အမိုးလန်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့မှု၊ ရခိုင်ပြည်နယ်အတွင်း ဆေးရုံ၊ ဆေးခန်းများ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှု အနည်းငယ်သာ ရှိခဲ့ပြီး အထူးဆေးကုသရေးအဖွဲ့နှစ်ဖွဲ့ဖြင့် စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ ဆေးပစ္စည်းများ၊ ရေသန့်ဆေးပြားများ ထပ်မံမှာယူလျက်ရှိမှုနှင့် ခွဲစိတ်ခန်းများကိုလည်း အသင့်အသုံးပြုနိုင်ရေး စီမံထားရှိမှု၊ ကျန်းမာရေး နှင့် ပတ်သက်သည့် ပညာပေးစာစောင်များ၊ အသိပညာပေးမှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိမှု။
ရခိုင်ပြည်နယ်သို့ပေးပို့မည့် ဆန်အိတ်များ၊ သွပ်နှင့်သံများ၊ စားသောက်ဖွယ်ရာများ၊ ဆောက်လုပ် ရေးပစ္စည်းများကို တပ်မတော်စစ်ရေယာဉ်များပေါ်သို့ အမြန်ဆုံးတင်ဆောင်၍ ပေးပို့နိုင်ရေးဆောင်ရွက် လျက်ရှိမှု၊ ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းသင့်ဒေသများသို့ စားသောက်ဖွယ်ရာများနှင့် ကယ်ဆယ် ရေးပစ္စည်းများကို မော်တော်ယာဉ်များ၊ စစ်ရေယာဉ်များ၊ လေယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိမှု၊ စားသောက်ကုန်များနှင့် ဆေးပစ္စည်းများကို တပ်မတော်လေယာဉ်များဖြင့် ရခိုင်ပြည်နယ် စစ်တွေ လေဆိပ်သို့ အဆက်မပြတ်ပေးပို့နေမှု၊ စားသောက် ဖွယ်ရာများနှင့် ပြန်လည်တည်ဆောက်ရေး ပစ္စည်း များကို တပ်မတော်စစ်ရေယာဉ်များဖြင့် စစ်တွေမြို့သို့ ပို့ဆောင်ပေးလျက်ရှိမှုနှင့် ထိုမှတစ်ဆင့် ရသေ့တောင် မြို့နယ်နှင့် အခြားမုန်တိုင်းသင့်ဒေသများသို့ ဆက်လက်ပို့ဆောင်နေမှု၊ ရခိုင်ပြည်နယ် အတွင်း ရိတ်သိမ်းထားသည့် နွေစပါးများကို ထိခိုက်ပျက်စီးမှု မရှိစေရေးအတွက် ထိန်းသိမ်းဆောင် ရွက်ရန်လိုအပ်မှု၊ ရခိုင်ပြည်နယ်အတွင်း အသင့်ခွဲစိတ်ထားသည့် သစ်များရှိပြီး မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် သစ်မာခွဲသားများ အသင့်ရှိသည့်အတွက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် ရေးအတွက် သစ်များရရှိရေး ဆောင်ရွက်လျက်ရှိမှုနှင့် အခြားလိုအပ်ချက်များကို တင်ပြဆွေးနွေးကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သဘာဝဘေးအန္တရာယ်ဟူသည်မှာ ရှောင်လွှဲ၍မရဘဲဖြစ်လာသည့် အချိန်တွင် ရင်ဆိုင်ရန်နှင့် ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ထားမည်ဆိုပါက ထိခိုက်မှုအနည်းဆုံးဖြင့် ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ ယခုအခါ မိမိအနေဖြင့် ပျက်စီးဆုံးရှုံးခဲ့သည်များကို လိုအပ်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် လာရောက်ကြည့်ရှုခြင်းဖြစ်ကြောင်း၊ မုန်တိုင်းမဝင်ရောက်မီ ၅ ရက်ခန့် ကတည်းက မုန်တိုင်းကြိုတင်သတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ်အား ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင် ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း။ ကယ်ဆယ်ရေးလုပ်ငန်းများကို ပြည်ထဲရေးဝန်ကြီးဌာနမှ အဓိက ဆောင်ရွက်ရမည်ဖြစ်ပြီး အခြားဝန်ကြီးဌာနများမှ ဝန်ထမ်းများကလည်း ဝိုင်းဝန်းကူညီဆောင်ရွက် သွားရန်လိုကြောင်း၊ အများပြည်သူ အများဆုံးအသုံးပြုသည့်လမ်းများကို ဦးစားပေး ရှင်းလင်းပေး ရန်လိုကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ လူအင်အားနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့မှ စက်ယန္တရားတို့ ပေါင်းစပ်ဆောင်ရွက်ရန်လိုကြောင်း၊ ဆေးရုံများ သန့်ရှင်းရေးနှင့် ဘိုးဘွားရိပ်သာများကို ခရိုင်နှင့် မြို့နယ်များအလိုက် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများက ဦးစားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများကို အပိုင်းလိုက်ခွဲ၍ ဆောင်ရွက်သွားရန်လိုကြောင်း။
ယခု မုန်တိုင်းတိုက်ခတ်ချိန်တွင် အုန်းပင်များ ပြိုလဲမှုမရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မိမိ အနေဖြင့် ရခိုင်ပြည်နယ်နှင့် ကမ်းရိုးတန်းဒေသများသို့ ရောက်ရှိသည့်အခါတိုင်းတွင် အုန်းပင်များနှင့် လမုပင်များသည် သဘာဝဘေးအန္တရာယ်မှ ကာကွယ် ပေးနိုင်သည့်အတွက် ကမ်းစပ်တစ်လျှောက်နှင့် ဒေသအတွင်း ဖြစ်နိုင်သမျှ အရေအတွက်များများ စိုက်ပျိုးထားရှိရန် တိုက်တွန်းမှာကြားခဲ့ကြောင်း၊ ယခု သဘာဝဘေးအန္တရာယ်တွင် တွေ့ကြုံခဲ့ရသည်များကို သင်ခန်းစာယူ၍ သဘာဝဘေးဒဏ်ခံနိုင်သည့် လေကာ ပင်များနှင့် အုန်းပင်များကို တိုးချဲ့ စိုက်ပျိုးဆောင်ရွက် သွားရန်လိုကြောင်း၊ မုန်တိုင်းဒဏ် သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် အသုံးပြုနိုင်ရေး အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ရာ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၊ စေတနာရှင် ရဟန်း၊ ရှင်လူ ပြည်သူအလှူရှင်များ၏ စုစုပေါင်း အလှူငွေကျပ် သိန်းပေါင်း ၁၃၁၈၁၀ သိန်းကို လက်ခံရရှိခဲ့ကြောင်း၊ ယင်းအနက်မှ ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ငွေကျပ် သိန်းပေါင်း ၇၀ဝ၀ဝ ကို ပေးအပ်သွားမည်ဖြစ်ကြောင်း။
ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော် စစ်ရေယာဉ်များဖြင့် တင်ဆောင်လျက်ရှိပြီး ရခိုင်ပြည်နယ်သို့ အမြန်ဆုံးရောက်ရှိအောင် ပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း၊ ဦးစားပေးအနေဖြင့် လမ်းပန်းဆက်သွယ်ရေးကို အမြန်ဆုံး ပြန်လည် ကောင်းမွန်အောင် ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း၊ အများနှင့်သက်ဆိုင်သည့် ပညာသင်ကြား ရေးဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်းများကိုလည်း ဦးစားပေးပြုပြင်ဆောင်ရွက်ပေးသွား ရန်လိုကြောင်း၊ လုပ်စရာရှိသည်များကို မြန်မြန်ဆန်ဆန်ဖြင့် လုပ်ဆောင်ရန်လိုကြောင်း၊ အားလုံး ပူးပေါင်းဆောင်ရွက်မည်ဆိုပါက အမြန်ဆုံး မူလအခြေအနေသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း၊ ပြည့်အင်အားသည် ပြည်တွင်း၌သာရှိသဖြင့် အားလုံးပူးပေါင်းဆောင်ရွက်မည်ဆိုပါက အောင်မြင်နိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံတကာမှလည်း အကူအညီပေးအပ်မည်ဟု ကမ်းလှမ်းလာသဖြင့် လက်ခံထားပြီးဖြစ် ကြောင်း၊ သို့သော်လည်း မိမိတို့ရှိပြီးသားအားဖြင့် ဒေသအား၊ ပြည်တွင်းအားဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများအတွက် အရေးပေါ်ရန်ပုံငွေသို့ လှူဒါန်းနိုင်ရေး ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်ကိုလည်း သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများအဖြစ် ကြေညာချက် ထုတ်ပြန် ထားရှိပြီးဖြစ်ကြောင်း။
ရေတွင်းရေကန်များ သန့်ရှင်းမှုရှိစေရေး ရေသန့် ဆေးများကို လိုက်လံခပ်ပေးရန် လိုကြောင်း၊ ရေတွင်း ပတ်ဝန်းကျင်များကို ဦးစွာ သန့်ရှင်းရေးဆောင်ရွက် ရန်လိုကြောင်း၊ ရေတွင်းများအနီးရှိ ရေဆိုးရေညစ် များ၊ အညစ်အကြေးများကို အမြန်ဆုံးရှင်းလင်းရန် လိုကြောင်း၊ အချိန်မီရှင်းလင်းခြင်းမရှိပါက ဝမ်းပျက် ဝမ်းလျှောရောဂါများအပြင် အခြားရောဂါဘယများလည်း ဖြစ်ပေါ်လာနိုင်ကြောင်း။
အစားအသောက်နှင့်ပတ်သက်၍ စည်သွတ်ဘူးများ၊ အသင့်စား အစားအစာများ ကြိုတင်ပြင်ဆင်ထား သော်လည်း စိုက်ပျိုး၍ရသည့် နေရာများတွင် အမြန်ဆုံး ပြန်လည်စိုက်ပျိုးရန်နှင့် မွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်ရန်လိုကြောင်း၊ ကြက်ဥများကိုလည်း အမြန်ဆုံး ပေးပို့သွားမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့ပြီး လူများထိခိုက်မှု အနည်းဆုံးဖြစ်ခဲ့ခြင်းမှာ အဆိုးထဲက အကောင်းဟုပင် မှတ်ယူရမည်ဖြစ်ပြီး ကြံ့ကြံ့ခံကျော်ဖြတ် နိုင်ရေး စီမံဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ် သိန်းပေါင်း ၇၀ဝ၀ဝ နှင့် ထောက်ပံ့ရေးပစ္စည်းများကို ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံ ရယူသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) " မိုခါ" (MOCHA) ဝင်ရောက်မှုကြောင့် စစ်တွေမြို့ အတွင်း ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့် အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူ များကို လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
မုန်တိုင်းဒဏ် ကျရောက်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် ရန်အတွက် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက် လျက်ရှိကြောင်း၊ မုန်တိုင်းမကျရောက်မီ ကာလအတွင်း စစ်တွေ၊ မြောက်ဦး၊ မောင်တော၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်နှင့် အမ်းမြို့များရှိ သဘာဝဘေးဒဏ်ခိုလှုံရာ Shelter များသို့ ဒေသခံ ပြည်သူ ၂၃၇၀ဝ ကို ပြောင်းရွှေ့ပေးနိုင်ခဲ့ကြောင်း၊ အခြားဘေးလွတ်ရာ နေရာများသို့ ရွှေ့ပြောင်းပေးမှု အနေဖြင့် ၆၂၆၈၄၉ ဦးကို ပြောင်းရွှေ့ပေးနိုင်ခဲ့ကြောင်း၊ အလားတူ IDP စခန်းများတွင် ရောက်ရှိနေသူများ အနက်မှ ၆၂၃၁၉ ဦးအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးနိုင်ခဲ့ကြောင်း၊ မုန်တိုင်းစတင်ဝင်ရောက်သည့် မေ ၁၄ ရက် နံနက် ၁၀ နာရီခွဲတွင် တစ်နာရီ လေတိုက် နှုန်းမှာ မိုင် ၆၀ ရှိခဲ့ပြီး မွန်းလွဲ ၁ နာရီခွဲမှ ၃ နာရီခွဲအထိ တစ်နာရီလေတိုက်နှုန်းမှာ မိုင် ၁၂၀ အထိ ရှိခဲ့ကာ အပြင်းဆုံး လေတိုက်ခတ်နှုန်းအထိ ရောက်ရှိခဲ့ကြောင်း၊ မုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း လူနေအိမ်များ၊ ရုံးအဆောက် အဦများ၊ သာသနိကအဆောက်အဦများ အမိုးလန်ပျက်စီးခြင်းနှင့် ပြိုကျပျက်စီးခြင်း၊ ရုပ်သံထပ်ဆင့်လွှင့် တာဝါတိုင် နှင့် ဆက်သွယ်ရေး တာဝါတိုင်အချို့ ပြိုကျပျက်စီးခဲ့ပြီး ၁၄ ရက်အထိ သေဆုံးသူ နှစ်ဦး၊ ထိခိုက်ဒဏ်ရာရ ၂၈ ဦးရှိကြောင်း ကနဦး သတင်းများအရသိရှိရကြောင်းနှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးအတွက် ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုခဲ့ခြင်းဖြစ်ပြီး တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်