နေပြည်တော် ဩဂုတ် ၁၁

 

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ် ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့် အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဧရာဝတီတိုင်း ဒေသကြီးအတွင်း အားကစားကဏ္ဍမြှင့်တင်ရေး ဆောင်ရွက်နေမှုများနှင့် ပုသိမ်မြို့ရေပေးဝေရေးလုပ်ငန်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

ရှင်းလင်းတင်ပြ

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့ ကိုးသိန်း အားကစားပြိုင်ကွင်း သို့ရောက်ရှိကြပြီး ရှင်းလင်းဆောင်တွင် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးထွန်းမြင့်ဦးက တိုင်းဒေသကြီးအတွင်း အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ အားကစားကွင်းများ၊ အားကစားရုံများ၊ ရေကူးကန် တည်ဆောက်ထား ရှိမှုနှင့် အဆင့်မြှင့်တင် ဆောင်ရွက် လျက်ရှိမှု၊ အားကစားနှင့် ကာယပညာသိပ္ပံ(ပုသိမ်) တည်ဆောက်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်ရှေ့ဆက်
ဆောင်ရွက်သွားမည့် ဦးတည်ချက်များတွင် အားကစားကဏ္ဍ မြှင့်တင်နိုင်ရေး အချက်တစ်ချက်အနေဖြင့် ထည့်သွင်း ချမှတ်ထားရှိပြီးဖြစ်ပြီး အားကစားကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ အားကစားကဏ္ဍ မြှင့်တင်ဆောင် ရွက်ခြင်းသည် မိမိတို့နိုင်ငံနှင့် လူမျိုး၏ ဂုဏ်ကိုမြှင့်တင်ပေးခြင်းပင်ဖြစ်ပြီး တိုင်းချစ်ပြည်ချစ်စိတ်များနှင့် အမျိုးသားရေးစိတ်ဓာတ်များကိုလည်း နိုးကြားတက်ကြွလာစေမည်ဖြစ်ကြောင်း၊ အားကစားသည် အမျိုးသားရေး ပင်ဖြစ်သဖြင့်
အလေးထားဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ အားကစားကွင်းများကို အဆင့်မြှင့်တင်ဆောင်ရွက် ရာတွင် လာရောက်ကြည့်ရှုနိုင်မည့် ပွဲကြည့်ပရိသတ်အင်အား ပမာဏကိုလည်း ထည့်သွင်းစဉ်းစားရန်လိုကြောင်း၊ နောင်တစ်ချိန်တွင် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကိုကြည့်၍ ရေရှည်မြော်တွေး ဆောင်ရွက်ရန်နှင့် အဆင့်မီပြီး ခေတ်နှင့်လျော်ညီသည့် စံချိန်မီ အားကစားရုံ၊ အားကစားကွင်းများ ဖြစ်ရန်လိုကြောင်း၊ ကားရပ်နားရန် နေရာများ၊ အရေးပေါ်အခြေအနေတွင် အဝင်၊ အထွက်လွယ်ကူအဆင်ပြေစေမည့် လူထွက်ပေါက်များ ကိုလည်း ထည့်သွင်းစဉ်းစား အဆင့် မြှင့်တင်သွားရန်လိုကြောင်း၊ အားကစားနှင့် ကာယပညာသိပ္ပံ (ပုသိမ်) တည်ဆောက်ရာတွင် ခွင့်ပြုပေးထားသည့် မြေနေရာ များကို စနစ်တကျဖြင့် တွက်ချက်ဆောင်ရွက်ရန်လိုကြောင်း၊ အဆောက်အအုံများ ဆောက်လုပ် ရာတွင်လည်း မြေလပ်များမရှိစေရေး သတ်မှတ်အကွာအဝေးနှင့်အညီ ဖြစ်ရန်လိုကြောင်း၊ အားကစားအဆင့်အတန်း ကောင်းမွန် အဆင့်မြင့်လာစေရေးအတွက် အားကစားကွင်းများ၊ အားကစားရုံများသည် သတ်မှတ်ထားသည့် အဆင့်အတန်းမီရန် လိုကြောင်း၊ ထိုသို့ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မှသာလျှင် အားကစား တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ နည်းပြများသည်လည်း အရည်အချင်းပြည့်မီစေရေး ဆောင်ရွက်ပေးရန်လိုကြောင်း မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကိုးသိန်းအားကစား ပြိုင်ကွင်းအတွင်း လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန် မှာကြားသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောက်တိုင် အားကစားကွင်းသို့ ရောက်ရှိစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။

 

ကြည့်ရှုစစ်ဆေး

ဆက်လက်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့ ပွဲကြည့်စင်ပါ မိုးလုံလေလုံအဆင့်မြင့် ရေကူးကန်တည်ဆောက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း
တင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပွဲကြည့်စင်တည်ဆောက်ရာတွင် ပရိသတ်အရေ အတွက်များများ ဝင်ဆံ့နိုင်အောင် တွက်ချက်ဆောင်ရွက်ရန်၊ ရာသီဥတုဒဏ် အထူးသဖြင့် လေပြင်းတိုက်ခတ်မှုဒဏ်ခံနိုင်အောင် တွက်ချက်ဆောင်ရွက်ရန်လိုကြောင်း မှာကြားပြီး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့ရေပေး ဝေရေးလုပ်ငန်းသို့ ရောက်ရှိကြရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးဘုန်းလွင်က ပုသိမ်မြို့ ရေပေးဝေရေး လုပ်ငန်းဆိုင်ရာ အချက်အလက်များ၊ ရေမီတာများ တပ်ဆင်ထားရှိမှုနှင့် ရေပေးဝေခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ လက်ရှိရေဖြန့်ဝေပေးနေမှုနှင့် နွေရာသီရေလိုအပ်မှုများရှိချိန်တွင် မြို့ရေလိုအပ်ချက်၊ ရေအရည်အသွေး ဓာတ်ခွဲစစ်ဆေးမှုဆိုင်ရာ မှတ်တမ်းများ၊ ရေသန့်စင်စက်ရုံလုပ်ငန်းဆောင်ရွက်မှုများ၊ သန့်စင်ပြီး ရေများအား ပြည်သူများသုံးစွဲနိုင်ရေး ဖြန့်ဝေပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်းတင်ပြမှုများအပေါ်
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရေကိုအကျိုးမဲ့သုံးစွဲမှုမရှိစေရေး ပြည်သူများကို အသိ ပညာပေးဆောင်ရွက်ရန်လိုကြောင်း၊ ပုသိမ်မြို့သည် မိုးများသည့်ဒေသဖြစ်သဖြင့် မိုးရေကို စုဆောင်းသိုလှောင် ၍လည်း အသုံးပြုနိုင်ကြောင်း၊ ရေသန့်စင် စက်ရုံအနီးမြစ်ကြောင်းအတွင်း သဲနုန်းတင်ခြင်းများကို လျှော့ချနိုင်ရန် အတွက် ကမ်းပါးများအနီး၌ သစ်ပင်များကို တတ်နိုင်သမျှ စိုက်ပျိုးထိန်းသိမ်းရန် လိုကြောင်းမှာကြားသည်။

 

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် ရေသန့်စင်စက်ရုံ၌ ရေများ အဆင့်ဆင့်သန့်စင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

အဆိုပါ ပုသိမ်မြို့ရေပေးဝေရေး လုပ်ငန်းအနေဖြင့် ငဝန်မြစ်အတွင်းမှရေများကို တစ်ရက်လျှင် ရေဂါလန် ၄ ဒသမ ၅ သန်း သန့်စင်ပေးနိုင်ပြီး ယခုအခါ ပုသိမ်မြို့အတွင်းသို့ ရေပိုက်လိုင်းများသွယ်တန်း၍ သက်သာသောဈေးနှုန်းဖြင့် နေ့စဉ် ရေများဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်