နေပြည်တော်၊ စက်တင်ဘာ  ၂၃

 

စာဆိုတော် ရှင်မဟာရဋ္ဌသာရ ၅၅၅ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြသည်။

 

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ စာတမ်းဖတ်ပွဲတွင် သဘာပတိများအဖြစ် ဆောင်ရွက်ကြမည့်ပညာရှင်များ၊ စာတမ်းရှင်များ၊ ဝန်ကြီးဌာနအသီးသီးမှ အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် အခမ်းအနားသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် စာဆိုတော်ရှင်မဟာရဋ္ဌသာရ ၅၅၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ပြခန်းအတွင်း လှည့်လည်၍ စာဆိုတော်ရှင်မဟာရဋ္ဌသာရ၏ ဘဝမှတ်တမ်းများ၊ မှတ်တမ်းဓာတ်ပုံများ၊ ရေးသားပြုစုတော်မူခဲ့သည့် စာပေနှင့် ပေကျမ်းများ၊ ခေတ်ပြိုင် စာဆိုတော်များ၊ စာဆိုတော် ရှင်မဟာရဋ္ဌသာရကို ဂုဏ်ပြုရေးသားထားသည့်  ဆောင်းပါးများ ခင်းကျင်းပြသထားရှိမှုကို စိတ်ဝင်တစား ကြည့်ရှုလေ့လာပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပြန်လည်ဆွေးနွေးပြောကြားသည်။

 

ထို့နောက်  စာဆိုတော် ရှင်မဟာရဋ္ဌသာရ ၅၅၅ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က စာဆိုတော် ရှင်မဟာရဋ္ဌသာရ ၅၅၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှနှင့် တက်ရောက်လာကြသူများသည် စာဆိုတော် ရှင်မဟာရဋ္ဌသာရ ၅၅၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက ကပြဖျော်ဖြေတင်ဆက်ကြသည့် “ကျေးဇူးသစ္စာ ပန်းအလင်္ကာ” ဂုဏ်ပြု တေးဂီတ ကဇာတ် (ပထမပိုင်း) ကို ကြည့်ရှုအားပေးကြသည်။

 

ဆက်လက်၍ စာဆိုတော် ရှင်မဟာရဋ္ဌသာရ ၅၅၅ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲကို စတင်ကျင်းပပြုလုပ်ရာ သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်များ ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ လဲ့လဲ့ဝင်းက ရှင်မဟာရဋ္ဌသာရ (သမိုင်းအမြင်ဖြင့် လေ့လာခြင်း) စာတမ်းကိုလည်းကောင်း၊ ဦးအမ်းယုမောင် (မောင်လူမွှေး-မြန်မာမှု) က သံဝရပျို့မှ သင်ပုန်းကြီး ရေးထုံးသင်ရိုးနှင့် သတ်ပုံရေးထုံး စာတမ်းကိုလည်းကောင်း၊  သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်များ ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းထွန်းဦး က မြန်မာလူမျိုးတို့ လိုက်နာကျင့်သုံးရသော ကျင့်ဝတ်တရားတို့မှ မင်းတို့ကျင့်ရာသော တရားများ စာတမ်းကို လည်းကောင်း ဖတ်ကြားကြပြီး ပြင်ပပညာရှင် ဦးသူရဇော်က ရဟန်းစာဆို ရှင်မဟာရဋ္ဌသာရကို ကဗျာ၊ လင်္ကာရှုထောင့်မှ ဖတ်ရှုပူဇော်သည်။

 

စာတမ်းများ ဖတ်ကြားမှုအပြီးတွင် တက်ရောက်လာကြသူများ၏ သိရှိလိုသည့် မေးမြန်းမှုများအပေါ် စာတမ်းရှင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် စာဆိုတော်ရှင်မဟာရဋ္ဌသာရ ၅၅၅ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “ကျေးဇူးသစ္စာ ပန်းအလင်္ကာ” ဂုဏ်ပြု တေးဂီတ ကဇာတ် (ဒုတိယပိုင်း) ဆက်လက်ကပြဖျော်ဖြေ တင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။

 

mdn

 

ကဇာတ်ဖျော်ဖြေတင်ဆက်မှုများအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က စာဆိုတော် ရှင်မဟာရဋ္ဌသာရ ၅၅၅ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲတွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြသည့် ပညာရှင်ကြီးများနှင့် စာတမ်းရှင်များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။

 

မြန်မာတို့၏ စာပေသမိုင်းတွင် ယနေ့ထက်တိုင် အမြတ်တနိုး တန်ဖိုးထား၍ လေ့လာဖတ်ရှုပြီး အတုယူစံထားရသည့် စာပေပညာရှင်များ အမြောက်အများ ပေါ်ထွန်းခဲ့ပြီး မြန်မာစာပေသည် ထေရဝါဒ ဗုဒ္ဓသာသနာဆိုင်ရာ  စာပေကျမ်းဂန်များနှင့် ယှဉ်တွဲပေါ်ထွန်းလာခဲ့သကဲ့သို့ စာပေပညာရှင် စာဆိုတော်ကြီးများတွင် ရဟန်းပညာရှင်၊ လူပညာရှိ၊ မင်းမှုထမ်း၊ နန်းတွင်းသူနှင့် သာမာန်အရပ်သူ အရပ်သားများလည်း ပါဝင်ခဲ့ကာ၊ ယင်းစာပေပညာရှင်များအနက် အင်းဝခေတ် သက္ကရာဇ် (၈၃၀) က ပေါ်ထွန်းခဲ့သည့် ရှင်မဟာရဋ္ဌသာရသည်လည်း တစ်ပါးအပါအဝင်ဖြစ်သည်။

 

စာဆိုတော် ရှင်မဟာရဋ္ဌသာရသည် စံထားလောက်သည့် ဂန္ထဝင်မြောက် ပျို့၊ ကဗျာ၊ လင်္ကာ၊ မော်ကွန်း၊ တောလား အစရှိသည့် မြန်မာစာပေ၏ ကြွယ်ဝလှသည့် စာပေပုံသဏ္ဍာန်မျိုးစုံကို လောကကြောင်း၊ ဓမ္မကြောင်းများနှင့် ယှဉ်၍ ရေးသားစပ်ဆိုခဲ့သည့် စာဆိုတော်ကြီးတစ်ပါးလည်း ဖြစ်ပြီး စာဆိုတော် ရှင်မဟာရဋ္ဌသာရ ရေးသားခဲ့သည့် ကဗျာလင်္ကာများအနက် မြန်မာနိုင်ငံ စာပေသင်ကြားမှုသမိုင်းတွင် အထင်ကရ ရှိခဲ့သည့် သင်ကြားမှုနည်းစနစ်တစ်ခုမှာ “သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ” “အက္ခရာစွဲသုံး ဤရှစ်လုံးကို သီကုံးပန်းသွင်နေ့တိုင်းဆင်လော့” ဟူသည့် ဆုံးမစာ လင်္ကာသွားပင်ဖြစ်၍ ယနေ့အထိလည်း ခေတ်မီနေဆဲပင်ဖြစ်သည်။ သုနေယျ- ကြားနာခြင်း၊ စိန္တေယျ-ကြံဆခြင်း၊ ပုစ္ဆေယျ-မေးမြန်းခြင်း၊ ဘာသေယျ-ပြောဆိုဆွေးနွေးခြင်း၊ ဝိစာယေယျ-စူးစမ်းဆင်ခြင်ခြင်း၊ လိခေယျ-ရေးမှတ်ခြင်း၊ သိက္ခေယျ-လေ့ကျင့်ခြင်း၊ ဓာရေယျ-နှုတ်တက်အာဂုံဆောင်ခြင်းတို့ပင်ဖြစ်ကာ စာဆိုတော်ရှင်မဟာရဋ္ဌသာရ၏ သမိုင်းကြောင်းများကို အခြေခံ၍ ဆရာတော်ကြီး၏ ဘဝတစ်ဆစ်တစ်ရစ်ကောက်ကြောင်းကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ သဘင်တင်ဆက်မှု အသွင်သဏ္ဍာန်ဖြင့် ယနေ့တွင် ဂါရဝထားဂုဏ်ပြုကာ ကြိုးပမ်းတင်ဆက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဆရာတော်ကြီး၏ ခိုင်မြဲ တည်ကြည်သည့် စာပေကျေးဇူးသည် မြန်မာစာပေသမိုင်းအတွက် တုနှိုင်း၍မရနိုင်ဘဲ အလင်္ကာ ပန်းရနံ့ ပမာ ယနေ့ထက်တိုင် သင်းပျံ့နေဆဲဖြစ်သည့်အတွက်  “ကျေးဇူးသစ္စာပန်းအလင်္ကာ” ဟူသည့် ဂုဏ်ပြုတေးဂီတကဇာတ်ဖြင့် တင်ဆက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်