နေပြည်တော် ဖေဖော်ဝါရီ ၉
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လမ်းညွှန်မှာကြားသည့် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ဥက္ကဋ္ဌများက Video Conferencing ဖြင့် တက်ရောက်ကြသည်။
ရှေ့လုပ်ငန်းစဉ် ၅ ရပ် ချမှတ်
အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လမ်းညွှန်မှာကြားရာတွင် အဓိကအားဖြင့် လာမည့် ထပ်မံသက်တမ်းတိုးထားသည့်ကာလ အတွင်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် ရန်ရှိသည်များကို တာဝန်ရှိသူအားလုံး စဉ်းစား သုံးသပ်နိုင်ရန်နှင့် လုပ်ငန်းများအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ယခုကဲ့သို့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးရခြင်း ဖြစ်ကြောင်း။
“ပြည်သူတို့၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်မည်”ဟူသည့် ရှေ့လုပ်ငန်း စဉ် ၅ ရပ်အနက် ပထမဆုံးအချက်နှင့် ပတ်သက်၍ ၂၀၂၁ ဖေဖော်ဝါရီမှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံရေးအရ အရေးပေါ်ကြေညာခဲ့ပြီး နိုင်ငံတော်၏တာဝန်များကို စတင်ထမ်းဆောင်ခဲ့ရ ခြင်းဖြစ်ကြောင်း၊ စတင်တာဝန်ယူစဉ်က ဆူပူဆန္ဒပြမှု များရှိခဲ့ပြီး နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများ၊ သွေးထိုးမြှောက်ပင့်မှုများကြောင့် နောက်ပိုင်းကာလ များတွင် ဆူပူမှုမှအကြမ်းဖက်မှု၊ လက်နက်ကိုင် အကြမ်းဖက်မှု စသည်တို့ ဖြစ်ပေါ်လာခဲ့ကြောင်း၊ ဒီမိုကရေစီစနစ်ကျင့်သုံးသည့် နိုင်ငံများတွင် ဥပဒေ နှင့်အညီ ဆန္ဒပြမှုများကို ခွင့်ပြုထားကြောင်း၊ သို့သော် ဆန္ဒပြမှုကျော်လွန်၍ အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်သည်အထိ ဖြစ်ပေါ်လာသဖြင့် မိမိတို့အနေဖြင့် ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက် ရာတွင်လည်း ဥပဒေနှင့်အညီသာ ထိန်းသိမ်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်သမား များအနေဖြင့် အပြစ်မဲ့ပြည်သူများ၊ စစ်ရေးပစ်မှတ် မဟုတ်သည့် အုပ်ချုပ်ရေးဆိုင်ရာ အဆောက်အဦများ၊ ပုဂ္ဂလိကလုပ်ငန်းများ၊ နိုင်ငံ့ဝန်ထမ်းများအပြင် သာသနာရေးဆိုင်ရာ ပုဂ္ဂိုလ်များကိုပါ အကြမ်းဖက် လုပ်ရပ်များကို ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်ခဲ့ ကြောင်း၊ ထိုအချိန်တွင် ဆူပူဆန္ဒပြသူများမှ သဘော ထားတင်းမာသူများကို သောင်းကျန်းသူနယ်မြေများ အထိ ဆွဲထုတ်၍ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အဖြစ်ဖွဲ့စည်း၍ နိုင်ငံတော်ကို လက်နက်ကိုင် တိုက်ခိုက်ရန် လုပ်ဆောင်လာမှုများရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အချို့ EAO အဖွဲ့များပါဝင်ကြောင်း၊ မိမိတို့ ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများတွင် EAO များ အသုံးပြုသည့် လက်နက်များ၊ ခဲယမ်းများ ပါဝင်သကဲ့သို့ နယ်စပ်မှတရားမဝင် ဝင်ရောက်လာ သည့် ပြည်ပနိုင်ငံများမှ လက်နက်များလည်း ပါဝင် သည်ကို တွေ့ရှိရကြောင်း၊ ၎င်းတို့အနေဖြင့် နိုင်ငံ တော် တည်ငြိမ်အေးချမ်းမှုပျက်ပြားရန် ရည်ရွယ်၍ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် စစ်ဆင်ရေးအဖြစ်သတ်မှတ်ထားသည့် နယ်မြေများ တွင် စစ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ သကဲ့သို့ စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ထား ခြင်းမရှိသည့် နယ်မြေများတွင် အကြမ်းဖက်မှုနှိမ်နင်း ရေးလုပ်ငန်းများကို ဥပဒေနှင့်အညီသာ အဆင့်ဆင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိန်းသိမ်းရန် ခက်ခဲ သည့်နေရာများကိုသာ စစ်အုပ်ချုပ်ရေးအမိန့် များ ထုတ်ပြန်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့မှုများကြောင့် ၂၀၂၂ ခုနှစ် ဧပြီလမှစ၍ အကြမ်းဖက်မှုများ သိသိသာသာ လျော့နည်းကျဆင်း သွားခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်မှုများ လျော့နည်းပပျောက်အောင် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း။
အရေးပေါ်ကာလကို သက်တမ်းထပ်မံတိုးမြှင့်
၂၀၂၃ ခုနှစ် ကူးပြောင်းခါစ အစောပိုင်းအခြေအနေ များတွင် အကြမ်းဖက်မှုများ အနည်းငယ်ပြန်လည် ဖြစ်ပေါ်လာခဲ့ကြောင်း၊ ရှေ့လုပ်ငန်းစဉ်အရ ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရန် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေမှုကို ပျက်ပြား စေရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာ အဆောက်အဦများ၊ စာရွက်စာတမ်းများ ကို မီးရှို့ဖျက်ဆီးမှုများ၊ မိုင်းထောင်ဖောက်ခွဲမှုများနှင့် နိုင်ငံ့ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအပေါ် ခြိမ်းခြောက်သတ်ဖြတ်ခြင်းများ ဆောင်ရွက်လာခဲ့ သည်ကို တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၁/၂၀၂၃) ကိုပြုလုပ်၍ မိမိအနေဖြင့် နိုင်ငံတော်၏ အရေးပေါ်အခြေအနေကာလအတွင်း လုပ်ဆောင် ချက်နှင့် တွေ့ရှိချက်များကို ယာယီသမ္မတထံတင်ပြ၍ လက်ရှိကာလတွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ရှိရန် ဆက်လက်လုပ်ဆောင်ရန် လိုအပ်ချက်များ ရှိနေသေးကြောင်း တင်ပြခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးပေါ်အခြေအနေ သတ်မှတ်ထားသည့်ကာလ ကို ၆ လ ထပ်မံသက်တမ်းတိုးမြှင့်ခဲ့ရခြင်းဖြစ် ကြောင်း၊ တည်ငြိမ်အေးချမ်းမှုကို လိုအပ်သည့် အတွက် အရေးပေါ်ကာလကို သက်တမ်းထပ်မံတိုးမြှင့် ခဲ့ရခြင်းဖြစ်ကြောင်း။
အကြမ်းဖက်သမားများ၏ အဖျက်အမှောင့် လုပ်ရပ်များ ဆောင်ရွက်မှုကြောင့် နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုများ များစွာ ရှိခဲ့ကြောင်း၊ သာမန်ပျက်စီးမှုများမပါဘဲ ပျက်စီးဆုံးရှုံး မှုသည် ၄၉၀၀ ကျော်ရှိကြောင်း၊ လက်ပစ်ဗုံး၊ မိုင်း၊ လက်လုပ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၈၅၀၀ ကျော်ရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု ၉၇၀၀ ကျော်ခန့် ရှိခဲ့ ကြောင်း၊ မီးရှို့ဖျက်ဆီးမှုအကြိမ်ပေါင်း ၁၂၃၀ ကျော်ရှိခဲ့ကြောင်း၊ ဖြစ်စဉ်များတွင် အကြမ်းဖက် သမားများထံမှ ရရှိခဲ့သည့် လက်နက်ပေါင်း ၁၇၆၉၀ ကျော်၊ လက်နက်မိုင်းနှင့် ဗုံး ၂၇၂၀၀ ကျော်အပါအဝင် ခဲယမ်းများ များစွာဖမ်းဆီးရမိခဲ့ကြောင်း၊ အဆိုပါ လက်နက်များတွင် EAO အဖွဲ့များမှ လက်နက်ခဲယမ်း များနှင့် ပြည်ပနိုင်ငံများမှ လက်နက်ခဲယမ်းများ ပါဝင် သည်ကို တွေ့ရှိရကြောင်း၊ PDF အမည်ခံ အကြမ်းဖက် သမားများ၏ သတ်ဖြတ်မှုများကြောင့် ရဟန်းသံဃာ များ၊ အပြစ်မဲ့ပြည်သူများ သေဆုံးမှုနှင့် ဒဏ်ရာရရှိမှု များရှိခဲ့ကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် အများပြည်သူသွားလာလျက်ရှိသည့် မီးရထားလမ်း များ၊ လမ်းတံတားများ၊ ဆက်သွယ်ရေးတာဝါတိုင် များကို ဖောက်ခွဲဖျက်ဆီးသည့် အဖျက်အမှောင့် လုပ်ရပ်များကိုလည်း လုပ်ဆောင်ခဲ့ကြောင်း။
အကြမ်းဖက်သမားများ၏ အဖျက်အမှောင့် လုပ်ရပ်များကြောင့် နိုင်ငံတော်ပိုင်နှင့် ပြည်သူပိုင် အဆောက်အဦများကို ပြန်လည်တည်ဆောက်ရန် နိုင်ငံတော်မှ ငွေကြေးကုန်ကျမှုများသည် နိုင်ငံတော် အတွက် ဆုံးရှုံးမှုများပင်ဖြစ်ကြောင်း၊ အစိုးရတစ်ရပ် ၏ နစ်နာဆုံးရှုံးမှုမဟုတ်ဘဲ နိုင်ငံတော်ရှေ့ဆက် လျှောက်လှမ်းရမည့် အမျိုးသားအကျိုးစီးပွားများကို နစ်နာဆုံးရှုံးရခြင်းဖြစ်သည်ကို နားလည်သဘော ပေါက်စေလိုကြောင်း၊ ၎င်းတို့သည် ဒီမိုကရေစီကို အကြမ်းဖက်နည်းလမ်းဖြင့် ရယူရန်လုပ်ဆောင် နေခြင်းဖြစ်သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခံယူချက် များနှင့် ၎င်းအကြမ်းဖက်အဖွဲ့၏ ယုံကြည်ချက်၊ ခံယူချက်များ တူညီမှုမရှိကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အများစုသည် NCA အပေါ်တွင် လက်မှတ်ရေးထိုး ထားခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ပေါ်ပေါက်လာသည့် လက်နက်ကိုင်အဖွဲ့အစည်းများသည် ဒီမိုကရေစီပေါ် တွင် သဘောထားကွဲလွဲမှုများကြောင့် ပေါ်ပေါက်လာ သည့် အဖွဲ့အစည်းများဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ် တွင် လက်နက်ကိုင်အကြမ်းဖက်ခြင်းကို မည်သည့် နိုင်ငံ၊ မည်သည့်အစိုးရမှခွင့်ပြုထားခြင်း မရှိကြောင်း၊ အကြမ်းဖက်လုပ်ရပ်ကို ဆောင်ရွက်နေသူများအနေ ဖြင့် ဒီမိုကရေစီကို နားလည်သဘောပေါက်ရန် လိုကြောင်း။
အကြမ်းဖက်မှုများကို ဒုတိယအကြိမ်အရေးပေါ် သက်တမ်းကာလတွင် ထိထိရောက်ရောက်ကိုင်တွယ် ဖြေရှင်းရန် လိုအပ်လာသဖြင့် အရေးကြီးသည့် မြို့နယ်များကို စစ်အုပ်ချုပ်ရေးအမိန့်များ တိုးမြှင့် သတ်မှတ်ခဲ့ရပြီး အကြမ်းဖက်မှုများ လျော့ပါး အောင် ကိုင်တွယ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စစ်အုပ်ချုပ်ရေး သတ်မှတ်ခြင်းသည် ပြစ်မှုကျူးလွန် သူများအတွက်သာဖြစ်ပြီး ပြည်သူများကို ကြေညာ ခြင်းမဟုတ်ကြောင်း၊ ပြည်သူများအနေဖြင့် စည်းကမ်းနှင့်အညီ လွတ်လပ်စွာ နေထိုင်သွားလာ လှုပ်ရှားနိုင်ကြောင်း၊ လာမည့် ၆ လတာကာလအတွင်း အဆိုပါဒေသများ၏ တည်ငြိမ်အေးချမ်းမှုသည်လည်း အတိုင်းအတာတစ်ခုအထိ တိုးတက်လာမည်ဟု ယူဆပါကြောင်း။
ဒုတိယအကြိမ် အစိုးရသက်တမ်းတွင် ဥပဒေကို လိုရာဆွဲ၍ လုပ်ဆောင်သွားခြင်းများရှိပြီး နိုင်ငံတော် အတွက် အန္တရာယ်ကြီးမားသည့် လုပ်ရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် ကြားဝင်ထိန်းသိမ်း ပေးခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လည်း မှန်မှန်ကန်ကန်နှင့် မျှမျှတတရှိစေရန် လိုအပ် သည့်အတွက် မိမိတို့တာဝန်ယူချိန်မှစ၍ နိုင်ငံတော် အတွက် တာဝန်များပေးအပ်ရာတွင် တပ်မတော်နှင့် အရပ်ဘက်မှ သင့်တော်သူများကို မျှမျှတတဖြင့် ခန့်အပ်တာဝန်ပေးအပ်ခဲ့ပြီး ဥပဒေသတ်မှတ်ချက် များနှင့်အညီသာ ဆောင်ရွက်ခဲ့ကြောင်း၊ လုပ်ငန်းရပ် များကို အကောင်အထည်ဖော်ရာတွင် ဒီမိုကရေစီ နည်းအရ အရပ်ဘက်အဖွဲ့အစည်းများဖြင့် အကောင် အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ လွှတ်တော်တွင် အရပ်ဘက်မှ ၇၅ ရာခိုင်နှုန်းပါဝင်ပြီး တပ်မတော်မှ ၂၅ ရာခိုင်နှုန်းသာ ပါဝင်ကြောင်း၊ ပြီးခဲ့သည့် လွှတ်တော်တွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ၏ တင်ပြချက်များ၊ မိမိနှင့် တပ်မတော်အရာရှိကြီးများ၏ တပ်မတော် သားများနှင့် မိသားစုဝင်များကို ပြောကြားခဲ့သည့် မှာကြားချက်များနှင့် မိန့်ခွန်းများကို ပြန်လည် ဖတ်ရှုလေ့လာကြည့်မည်ဆိုပါက တပ်မတော်သည် နိုင်ငံတော်၏ ဒီမိုကရေစီစနစ်နှင့် ပတ်သက်၍ ရပ်တည်ချက်များကို တွေ့ရမည်ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ကို ပါတီစုံစနစ်ပေါ် တွင် ခိုင်ခိုင်မာမာရပ်တည်နိုင်စေရန် ထိန်းသိမ်း စောင့်ရှောက်ပေးသည့် Guardian အဖွဲ့အစည်းတစ်ခု ဖြစ်နေမည့် အဖွဲ့အစည်းအဖြစ် ခံယူထားပါကြောင်း၊ မိမိတို့သည် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး အတွက် ဆက်လက်ဆောင်ရွက်နေခြင်းဖြစ်သည်ကို ပြောကြားလိုကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ရှေ့လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ဆောင်ရွက်ရမည်များ ကို စဉ်းစားခဲ့ကြောင်း၊ ယခင် ရှေ့လုပ်ငန်းစဉ်အတိုင်း ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းကာ ရွေးကောက်ပွဲဆိုင်ရာများ ပြန်လည်စစ်ဆေး အရေးယူမှုနှင့်ပတ်သက်၍ ပြီးခဲ့သည့် နှစ် နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ထိုသို့ အရေးယူဆောင်ရွက်ချိန်တွင် အဂတိလိုက်စားမှု များကိုလည်း တွေ့ရှိခဲ့ရသဖြင့် အရေးယူဆောင်ရွက် ခဲ့ရကြောင်း။
အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်
မိမိတို့တာဝန်ထမ်းဆောင်သည့် ကာလအတွင်း ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရွက်ခဲ့ သည်များကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေးတွင် တင်ပြခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်လည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်မှု များသည် သိသိသာသာ လျော့ပါးကျဆင်းသွားပြီဖြစ် ပြီး အတိုင်းအတာတစ်ခုအထိ ထိန်းထားနိုင်ပြီဖြစ် ကြောင်း၊ သို့သော် ကိုဗစ် - ၁၉ ရောဂါနှင့်ပတ်သက်၍ ပေါ့ပေါ့ဆဆမဖြစ်ရန်လိုကြောင်း၊ ကျဆင်းသွားသည့် စီးပွားရေးနှင့် ပတ်သက်၍ နှစ် နှစ်တာကာလအတွင်း ခက်ခက်ခဲခဲဖြင့်ဆောင်ရွက်ခဲ့ရာ အတိုင်းအတာတစ်ခု အထိ ပြန်လည်တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ ကြောင်း၊ မိမိတို့တာဝန်ယူချိန်တွင် နိုင်ငံစီးပွား ကျဆင်းစေရန်အတွက် ဘဏ်စနစ်များ ပျက်စီးအောင် လုပ်ဆောင်ခဲ့မှုများရှိသဖြင့် မိမိတို့အနေဖြင့် ဘဏ် စနစ်များ ပြိုလဲမှုမရှိစေရေး ထိန်းသိမ်းဆောင်ရွက် ခဲ့ရကြောင်း၊ ကုန်သွယ်မှုနှင့်ပတ်သက်၍လည်း ၂၀၂၁ ခုနှစ်တွင် ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ကုန်သွယ်မှုလုပ်ငန်းများ ကျဆင်းခဲ့ရသကဲ့သို့ ပြည်တွင်းကုန်ထုတ်လုပ်မှုများ ထိခိုက်ခဲ့ရကြောင်း၊ မိမိတို့အနေဖြင့် ပြည်တွင်းစီးပွားရေးကို အားပေး မြှင့်တင်ခဲ့သဖြင့် စားရေရိက္ခာရှားပါးမှုများ မကြုံတွေ့ ခဲ့ရဘဲ ကုန်ဈေးနှုန်းကြီးမြင့်မှုများကိုမူ အခြားနိုင်ငံ များနည်းတူ ခံစားခဲ့ရကြောင်း၊ နိုင်ငံခြားငွေနှင့် ပတ်သက်၍ ပြီးခဲ့သည့်အစိုးရကာလတွင် ချေးခဲ့သည့် ချေးငွေများကို ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ဆက်လက်ရရှိခြင်း မရှိကြောင်း၊ စီမံကိန်းအသစ်များ ထပ်မံရရှိခြင်း မရှိကြောင်း၊ ၂၀၂၁ ခုနှစ်အတွင်း စီးပွား ရေးအကျပ်အတည်းများရှိခဲ့သော်လည်း ၂၀၂၂ ခုနှစ် တွင် ကုန်ထုတ်လုပ်မှုများ ကောင်းမွန်လာခြင်း၊ နယ်စပ်ကုန်သွယ်မှုများကို အတိုင်းအတာတစ်ခုအထိ ဖွင့်လှစ်လာနိုင်ခြင်းကြောင့် လုပ်ငန်းများ ပြန်လည် လည်ပတ်လာနိုင်ပြီး နိုင်ငံ၏စီးပွားရေးမှာ အနုတ် လက္ခဏာမှ အပေါင်း ၃ ရာခိုင်နှုန်းနီးပါး တိုးတက်လာ ကြောင်း၊ မိမိတို့နိုင်ငံတွင် သဘာဝရေမြေအရင်းအမြစ် များရှိခြင်းကြောင့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ကိုဗစ် - ၁၉ ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ခြင်းနှင့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်လာနိုင်ခြင်းကြောင့် နိုင်ငံ၏စီးပွား ရေး ပြန်လည်ဖွံ့ဖြိုးတိုးတက်လာခြင်းဖြစ်ကြောင်း၊ လာမည့်နှစ်တွင် နိုင်ငံ့စီးပွားရေး ယခုထက် ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဟု ယုံကြည်ကြောင်း၊ မိမိအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ကုန်ထုတ် လုပ်ငန်း ဆောင်ရွက်နေသူများနှင့် တွေ့ဆုံရာတွင် လည်း ၎င်းတို့၏ တင်ပြချက်များအရ လုပ်ငန်းများ တိုးတက်မှုရှိသည်ကို တွေ့ရှိရကြောင်း၊ အလားတူ နိုင်ငံ့စီးပွားရေး မြှင့်တင်ရေးရန်ပုံငွေများဖြင့် စိုက်ပျိုး ရေးလုပ်ငန်းများကိုလည်း အောင်မြင်ဖြစ်ထွန်း အောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း။
တည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသကဲ့သို့ တစ်ဖက်မှလည်း နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဆက်လက် ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ တိုင်းပြည်တစ်ခု ရပ်တည်နိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပမှ အားများ လိုအပ်ကြောင်း၊ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသည် ၎င်းတို့ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲမပြတ် ကြိုးပမ်းလျက်ရှိသကဲ့သို့ မိမိတို့နိုင်ငံသည်လည်း ရှေ့သို့ ရောက်ရှိစေရေး ဆက်လက်ကြိုးပမ်းအားထုတ် နေရမည်ဖြစ်ကြောင်း၊ “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” “Keep Moving Forward to Achieve Our Goal” ဆိုသည့်အတိုင်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့သို့ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ရှေ့သို့လှမ်းချီနေမှသာလျှင် မိမိတို့ လိုချင်သည့် ပန်းတိုင်ဆီသို့ အရောက်လှမ်းနိုင်မည် ဖြစ်ကြောင်း၊ ရှေ့သို့ လျှောက်လှမ်းနိုင်ရန်အတွက် နိုင်ငံစီးပွားရေးကို မြှင့်တင်ပေးခြင်းသည် အကောင်း ဆုံးပင်ဖြစ်ကြောင်း၊ ထိုသို့ မိမိတို့နိုင်ငံတွင် စိုက်ပျိုး ရေးနှင့် မွေးမြူရေးလုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက် နိုင်မည့် သယံဇာတအရင်းအမြစ်များစွာကို ပိုင်ဆိုင်ထားရှိပြီးဖြစ်ကြောင်း၊ စပါးအထွက်နှုန်း များကို တစ်ဧကချင်းအလိုက် အထွက်နှုန်းတိုးအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းဆန်ဖူလုံမှု ကိုသာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်သဖြင့် နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းမည်ဖြစ်သကဲ့သို့ စိုက်ပျိုးရေးတောင်သူများ၏ ဝင်ငွေလည်းတိုးတက် လာကာ လူမှုစီးပွားဘဝများ ပိုမိုတိုးတက်လာမည်ဖြစ် ကြောင်း၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကြောင့် ဒေသတွင်း ငွေကြေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေ ကာ ဒေသဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေပြီး ထိုမှ တစ်ဆင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအနေဖြင့် တစ်ဧကချင်း အထွက်နှုန်းတိုးတက်စေရေး အလေး ထားဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်း များကို အောင်မြင်အောင် ဆောင်ရွက်၍ အထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်နိုင်ခြင်းသည် မြေကြီး မှရွှေသီးအောင် ဆောင်ရွက်နိုင်ခြင်းပင် ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် စားသုံးမှုနှင့်ပတ်သက်၍ လိုအပ်ချက် များရှိနေကြောင်း၊ မိမိတို့နိုင်ငံမှ ထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များကို အသုံးချ၍ ပြည်ပ ဈေးကွက်သို့ တင်ပို့နိုင်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုး ရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင် ခြင်းသည် နိုင်ငံ့စီးပွားရေးတိုးတက်မှုကို များစွာ အထောက်အကူပြုစေမည်ဖြစ်သဖြင့် မိမိတို့အစိုးရ အဖွဲ့အနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားလိုကြောင်း။
စီးပွားရေးမြှင့်တင်မှုကို အရှိန်အဟုန်နဲ့ဆောင်ရွက်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် “ ဒုတိယအချက်ဖြစ် သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးအတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးရေး လုပ်ငန်းများကို လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေ ရန် ဆောင်ရွက်သွားမည်ဆိုတဲ့အတိုင်းပဲ ဒီအပေါ်မှာ စီးပွားရေးအားကောင်းအောင် လုပ်ကြဖို့ လိုအပ်ပါ တယ်။ စိုက်ပျိုးရေးထုတ်ကုန်တွေ။ နောက် မွေးမြူ ရေးထုတ်ကုန်တွေ။ ကျွန်တော်တို့ ပြည်နယ်နဲ့ တိုင်း တိုင်းမှာ အကုန်ရှိပါတယ်။ မွေးမြူရေးထုတ်ကုန် အကုန်ရှိတယ်။ မနေ့က ဧရာဝတီတိုင်းသွားတဲ့အချိန် မှာ ခရိုင်တိုင်းရှိတယ်။ ခရိုင်တိုင်းမှာ ထုတ်ကုန်ပစ္စည်း အကုန်လုံးရှိတယ်။ ပြောရလို့ရှိရင်ဗျာ မျက်နှာမငယ် ရတဲ့ ဒေသကို သွားတွေ့တယ်။ အကုန်ရှိတယ်။ သူတို့ ဆီမှာအကုန်ရှိတယ်။ ဒါလေးကို နည်းနည်း Push လုပ်ပြီးတော့ တင်လိုက်လို့ရှိရင် ကျွန်တော်တို့ အများကြီးကို တိုင်းပြည်ရဲ့ အခြေအနေဟာ ပြောင်းလဲသွားနိုင်စရာ ရှိတယ်ဆိုတာလေးလည်း ကျွန်တော် ပြောလိုပါတယ်။ အဲဒါဆိုရင်တော့ တိုင်းပြည်သာယာဝပြောမှုတော့ ဖြစ်လာမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဝင်ငွေရှိနေပြီဆိုတော့ သူတို့ရဲ့ လူမှုဘဝတက်လာမှာ။ ဒါသေချာတယ်။ လူမှုဘဝ တက်လာမှာ။ ကိုယ့်လူမှုဘဝ တက်လာတယ်ဆိုရင် ကိုယ့်လူမှုဘဝကို အထိခိုက်ခံမှာ မဟုတ်ဘူး။ အပျက်စီးခံမှာတော့မဟုတ်ဘူး။ ပျက်စီးမှာတော့ လိုလားမှာမဟုတ်ဘူး။ ကောင်းတဲ့ Approach သွားမှာဖြစ်တယ်၊ မကောင်းတဲ့ Approach ကို သွားမှာတော့မဟုတ်ဘူး။ တိုင်းပြည်ကို အကောင်း ဆုံးသော စောင့်ရှောက်ခြင်းကတော့ စီးပွားရေး မြှင့်တင်ပေးခြင်းပဲ ဖြစ်ပါတယ်။ စီးပွားရေးမြှင့်တင် အောင် ကျွန်တော်တို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်က နံပါတ် ၂ အချက်မှာ ဒီဟာကို ကျွန်တော်တို့ ထည့်တာပါ။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်။ နောက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကမပြီးသေးပါဘူး နောက်မတ်လမှာပြီးမှာ ဖြစ်ပါတယ်။ ဘဏ္ဍာနှစ်မှာ ကျွန်တော်တို့က အကျုံး ဝင်နေပါသေးတယ်။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ စီးပွားရေးမြှင့်တင်မှုကို အရှိန်အဟုန်နဲ့ဆောင်ရွက် သွားဖို့လိုပါတယ်။ စီးပွားရေးအရှိန်မြှင့်လုပ်မယ် ဆိုလို့ရှိရင်လည်း စီးပွားရေးကို အထောက်အကူပြု နိုင်တဲ့ သယ်ယူပို့ဆောင်ရေးစနစ်တွေ ကျွန်တော်တို့ ရှိဖို့လိုပါတယ်။ လမ်းတွေကောင်းအောင် လုပ်ရပါ မယ်။ မဖြစ်မနေလမ်းတွေကောင်းအောင် လုပ်ပေးရ မယ်။ ဒါကတော့ လာမယ့်နှစ်မှာ လမ်းတွေ ကောင်း အောင်လုပ်ဖို့ ကျွန်တော်တို့ လျာထားပါတယ်” ဟု ပြောကြားသည်။
လာမည့် ပညာသင်နှစ်တွင် ပိုမိုတိုးပွားလာမည်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က ဆက်လက်ပြောကြားရာတွင် မိမိတို့နိုင်ငံတွင် အတန်းပညာနှင့်ပတ်သက်၍ လိုအပ် ချက်များစွာ ရှိနေဆဲဖြစ်ပြီး နိုင်ငံ့လူဦးရေ၏ထက်ဝက် ကျော်ခန့်သည် အခြေခံပညာအလယ်တန်းအောက်၌ သာ ရှိနေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ပညာ ရေးအားနည်းချက်များရှိသဖြင့် အလုပ်အကိုင် အခွင့် အလမ်းများရရှိမှုအားနည်းပြီး လူမှုစီးပွားဘဝများ သည်လည်း ခက်ခဲနိမ့်ကျမှုများရှိကြောင်း၊ ထို့ပြင် စဉ်းစားတွေးခေါ်နိုင်မှုနှင့် ဆင်ခြင်တုံတရားများတွင် လည်း အားနည်းချက်များ ရှိနိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ် အတွင်းဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုကာလအတွင်း ၎င်းအချက်ကို အသုံးချ၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ နှင့် EAO သွေးထိုးမှုများကြောင့် လမ်းမှားရောက်ခဲ့ရသူ များစွာရှိခဲ့သည်ကိုလည်း တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာရေးနှင့် ပတ်သက်၍ မဖြစ်မနေ အားပေးမြှင့်တင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မကြာခင်ကာလ၌ စာမေးပွဲများ စတင်တော့မည် ဖြစ်ပြီး မတ်လအတွင်း တက္ကသိုလ်ဝင်စာမေးပွဲများ အားလုံးပြီးစီးတော့မည်ဖြစ်ကြောင်း၊ ယခုပညာသင် နှစ်တွင် ပညာရည်သင်ကြားမှုများ အဆင်ပြေချောမွေ့ စွာ ပြီးစီးခဲ့ပြီဟု ဆိုနိုင်သော်လည်း ကျောင်းတက် ရာခိုင်နှုန်း မပြည့်မီသေးသည်ကို တွေ့ရှိရမည်ဖြစ် ကြောင်း၊ အချို့သောနယ်မြေများ၌ အကြမ်းဖက် သမားများ၏ ခြိမ်းခြောက်မှုနှင့် အခြားအကြောင်း အမျိုးမျိုးကြောင့် လာရောက်ပညာမသင်ကြားနိုင် သည့် ကျောင်းသူ၊ ကျောင်းသားများလည်း ရှိမည် ဖြစ်ကြောင်း၊ လာမည့် ပညာသင်နှစ်တွင် တစ်နိုင်ငံလုံး ရှိ ကျောင်းအားလုံး ဖွင့်လှစ်နိုင်အောင် မိမိတို့အနေ ဖြင့် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့သို့ နေရာဒေသအားလုံး၌ ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက်လည်း အချို့သောနေရာဒေသများကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ရခြင်းဖြစ်ကြောင်း၊ စည်းကမ်းကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်မှသာ လျှင် ကျောင်းနေအရွယ် ကလေးငယ်အားလုံး၏ အခွင့်အရေးများ မဆုံးရှုံးမည်ဖြစ်ကြောင်း၊ ပညာရေး ဝန်ထမ်းများ၏ အခက်အခဲများကိုလည်း အတတ် နိုင်ဆုံး ဖြေရှင်းဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ကျောင်းတက်ရောက်သူ ဦးရေသည်လည်း လာမည့် ပညာသင်နှစ်တွင် ပိုမိုတိုးပွားလာမည်ဖြစ်သဖြင့် အားလုံး အေးအေးချမ်းချမ်းဖြင့် ပညာသင်ကြားနိုင် ရေး မိမိတို့အနေဖြင့် ဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း။
ကျန်းမာရေးနှင့်ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်းသည် ကျဆင်းလျက်ရှိသည်ဖြစ်သော် လည်း မိမိတို့အနေဖြင့် ပေါ့ပေါ့ဆဆနေ၍ရမည် မဟုတ်ဘဲ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အိမ်နီးနားချင်း တိုင်းပြည်များနှင့် ကမ္ဘာ့နိုင်ငံများတွင်လည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း လျော့ကျလာသည်ဖြစ် သော်လည်း မိမိတို့အနေဖြင့် သတိဖြင့်နေထိုင်ကြ ရန်လိုကြောင်း၊ ထို့ပြင် လူတစ်ဦးချင်းစီ၏ ကျန်းမာ ကြံ့ခိုင်ရေးအတွက် နေထိုင်စားသောက်မှုများ ကျန်းမာရေးနှင့်ညီညွတ်မှုရှိရမည်ဖြစ်ပြီး အာဟာရ ပြည့်ပြည့်ဝဝ စားသုံးရမည်ဖြစ်ကြောင်း၊ ကျန်းမာရေး နှင့် မညီညွတ်သည့် နေထိုင်စားသောက်မှုများကြောင့် ကျန်းမာရေးထိခိုက်ပြီး ပညာသင်ကြားမှု၊ လုပ်အား ဆုံးရှုံးမှုများ မရှိစေရေးအတွက်လည်း ကျန်းမာရေး စောင့်ရှောက်မှုများကို မြှင့်တင်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးနိုင်မှသာလျှင် လူမှန်နေရာမှန်ချထားနိုင်မည်ဖြစ်ပြီး လူ့စွမ်းအား အရင်းအမြစ်များကို အကျိုးရှိစွာ အသုံးချနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် လာမည့်နှစ် တွင် စီးပွားရေးအားကောင်းအောင် ဆောင်ရွက်သွား မည်၊ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားမည်၊ ပညာရေး၊ ကျန်းမာရေး မြှင့်တင်ရေးများကို ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းကို ပြောကြားလိုကြောင်း၊ အဓိကအားဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများတွင် ယခုထက်ပိုမို၍ သိသိသာသာတိုးတက်အောင် ဆောင်ရွက်သွားရန် လိုကြောင်းကို ပြောကြားလိုကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် မျိုးကောင်းရန်၊ မြေကောင်းရန်၊ ရေလုံလောက်စွာ ရရှိရန်၊ နည်းစနစ် တကျ စိုက်ပျိုးရန် စသည့်အချက်များ လိုအပ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသို့ သွားရောက်စဉ် အထွက် နှုန်းနှင့် ပတ်သက်၍ တိုးမြှင့်အောင်ဆောင်ရွက်ရေး၊ ဈေးကွက်ရရှိရေး၊ အရည်အသွေးကောင်းမွန်ရေးကို ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း၊ ဆီထွက် သီးနှံနှင့် ပတ်သက်၍ စားသုံးဆီကို နှစ်စဉ်ဒေါ်လာ သန်း ၇၀၀ ဖိုးခန့် တင်သွင်းနေရသည်ကို ပြောကြား လိုကြောင်း၊ ပြည်ပမှ ဆီတင်သွင်းမှုကို လျှော့ချလိုက် မည်ဆိုပါက ပြည်တွင်းဆီစက်များ ပိုမိုလည်ပတ်လာ နိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ သို့ သွားရောက်စဉ် ဆီစက်လုပ်ငန်းများကို ခေတ်မီ နည်းစနစ်များဖြင့် ဆောင်ရွက်နိုင်ရေး တိုးချဲ့ လည်ပတ်နိုင်ရေးအတွက် တင်ပြမှုများ များစွာရှိ ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှလည်း ဆီစက်လုပ်ငန်းများအတွက် ရင်းနှီးငွေများ ပေးထား ပြီးဖြစ်ကြောင်း၊ ပန်းတိုင်ရည်မှန်းချက်ကို ပြည့်မီ အောင် ထွက်ရှိရေးဆောင်ရွက်မည်ဆိုပါက ပြည်တွင်း ဆီ လိုအပ်ချက်ကို ဖူလုံစေမည်ဖြစ်ပြီး ပိုလျှံသည်အထိ ဖြစ်စေနိုင်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ဆီဖူလုံရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ဆီထွက်သီးနှံ များ တိုးမြှင့်စိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်းတိုးအောင် ဆောင်ရွက်မည်ဆိုပါက ပြည်တွင်းဆီဖူလုံမှုကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်ပြီး ပြည်ပမှ တင်သွင်းနေရမှု ကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ နှမ်းတစ်စေ့ဖြင့် ဆီမဖြစ်နိုင်သော်လည်း အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်မည်ဆိုပါက အောင်မြင်အောင် ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံအတွက် လိုအပ်လျက် ရှိသည့် စားသုံးဆီကို ပြည်ပမှတင်သွင်းရသူ (Importer) အဆင့်မှ ပြည်တွင်းလိုအပ်ချက် ဖူလုံ ပြည့်မီအောင် ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့နိုင်သူ (Exporter) အဆင့်အထိ ရောက်ရှိအောင် ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း။
ထို့ပြင် မိမိတို့နိုင်ငံ၌ ပဲအထွက်နှုန်း နည်းနေသေး သည်ကို တွေ့ရှိရကြောင်း၊ ကမ္ဘာပေါ်တွင် မိမိတို့နိုင်ငံ သည် ပဲတင်ပို့မှု၌ ဒုတိယနေရာတွင်ရှိသည့် နိုင်ငံ တစ်ခုဖြစ်ပြီး ကမ္ဘာ့ပဲလိုအပ်ချက် ပမာဏသည် များစွာရှိနေကြောင်း၊ ထို့ကြောင့် ဈေးကွက်ရရှိပြီး သားဖြစ်သဖြင့် ပဲအထွက်နှုန်း တိုးတက်အောင် လည်း ဆောင်ရွက်ကြရန်လိုပြီး အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့ဝင်ငွေများလည်း မြင့်တက် လာမည်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အတွင်း ငါးမွေးမြူရေးလုပ်ငန်းများကို ခေတ်မီသိပ္ပံ နည်းကျ ပြုလုပ်ထားသည်ကို တွေ့ရှိရပြီး နိုင်ငံ အတွက် များစွာအကျိုးဖြစ်စေနိုင်သည့် မွေးမြူ ရေးလုပ်ငန်းတစ်ခုဖြစ်သည်ကို တွေ့ရှိရကြောင်း၊ နည်းပညာရရှိပြီးဖြစ်သဖြင့် အခြားသော တိုင်းဒေသ ကြီးနှင့် ပြည်နယ်များ၌လည်း ဈေးကွက်ရရှိမှုအလိုက် တိုးမြှင့်ဆောင်ရွက်နိုင်မည်ဆိုပါက သားငါးကဏ္ဍတွင် ငါးမွေးမြူရေးမှတစ်ဆင့် ဝင်ငွေများစွာ ရရှိလာနိုင် မည်ဖြစ်ကြောင်း၊ ငါးမွေးမြူရေးနှင့် ပတ်သက်၍ သဘာဝငါးသယံဇာတများ အများအပြား ဖမ်းဆီး၍ ထုတ်ယူခြင်းသည် ငါးသယံဇာတများကို ဆုံးရှုံးလာ စေနိုင်သည်ဖြစ်သဖြင့် မိမိတို့အနေဖြင့် အားမပေးဘဲ ခေတ်မီနည်းကျ စနစ်တကျ မွေးမြူခြင်းကို အားပေး ပါကြောင်း။
နည်းစနစ်ကျနသည့် မွေးမြူရေးစနစ်ကိုဖော်ဆောင်
နွားမွေးမြူရေးနှင့်ပတ်သက်၍ အသားထုတ်လုပ် ခြင်းနှင့် နို့ထုတ်လုပ်ခြင်းဟူ၍ရှိပြီး ဒေါ်လာ သန်း ၁၀၀ နီးပါး တန်ဖိုးရှိ နို့နှင့်နို့ထွက်ပစ္စည်းများကို နှစ်စဉ်ပြည်ပမှ တင်သွင်းနေရကြောင်း၊ မိမိတို့နိုင်ငံ တွင်း၌ အောင်မြင်အောင် ထုတ်လုပ်နိုင်သည့် အခြေ အနေများ ရှိပြီးဖြစ်သဖြင့် နိုင်ငံအတွင်း နို့နှင့်နို့ထွက် ပစ္စည်းလိုအပ်ချက်များကို ပြည့်မီအောင် ထုတ်လုပ် နိုင်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချ နိုင်မည်ဖြစ်ကြောင်း၊ မိရိုးဖလာမွေးမြူခြင်းထက် နည်းစနစ်ကျနသည့် မွေးမြူရေးစနစ်ကို ဖော်ဆောင် ပေးသွားရမည် ဖြစ်ကြောင်း။
ရှေ့လုပ်ငန်းစဉ် ၅ ရပ်အနက် တတိယအချက် သည် “စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေ စီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်” ဟူ၍ဖြစ်ကြောင်း၊ မိမိတို့သည် အခြေခံဥပဒေအရ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းလျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ကို စောင့်ရှောက်ရန် တာဝန်ရှိကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မဲပေးသည့် အချိန်တွင် မဲပေးခွင့် ရှိသူများအနက် ၉၂ ဒသမ ၄၈ ရာခိုင်နှုန်း ထောက်ခံ မဲပေးခဲ့ပြီး အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ရှိအခြေအနေနှင့် သင့်လျော်သည့် လိုအပ်သည့် ပြင်ဆင်မှုများ ဆောင်ရွက်ရမည်ကို မိမိတို့အနေဖြင့် လက်ခံပြီးဖြစ် ကြောင်း၊ ပြင်ဆင်သင့်သည်များကို ပြင်ဆင်ပြီး မိမိတို့ နိုင်ငံနှင့် ကိုက်ညီသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးကို သွားရ မည်ဖြစ်သဖြင့် လွှတ်တော်လမ်းကြောင်းကို မဖြစ် မနေသွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေး ပါတီများ ပြင်ဆင်ဖွဲ့စည်းရန် လိုအပ်သည့်အတွက် ပြီးခဲ့သည့်လတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ရန် ဥပဒေကိုလည်း ပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်ကြောင်း၊ အမှန် တကယ် နိုင်ငံရေးလုပ်ဆောင်လိုသူများ လုပ်ဆောင် နိုင်မည်ဖြစ်ကြောင်း၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ တွင် အခွင့်အလမ်းပေးသည့်အနေဖြင့် နိုင်ငံရေးပါတီ များကို လျှော့ပေါ့စွာဖြင့် ဖွဲ့စည်းပေးခဲ့ကြောင်း၊ ယခင် ၁၉၆၂ ခုနှစ် နောက်ပိုင်းကာလတွင် တစ်ပါတီစနစ် ဖြင့် သွားခဲ့ပြီး ကွန်မြူနစ်အုပ်စုများ၊ ဒီမိုကရေစီအုပ်စုများနှင့် သဘောထားကွဲလွဲမှုများ ရှိခဲ့ကြောင်း၊ သို့သော်လည်း ပါတီအနေဖြင့် မြန်မာ့နည်း၊ မြန်မာ့ဟန်ဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီစနစ်ကို သွားခဲ့ ကြောင်း၊ ယင်းကို လက်မခံနိုင်သူများအနေဖြင့် တစ်ပါတီကို ကာကွယ်ထားသည့် ဥပဒေရှိနေ သည့်အတွက် နိုင်ငံရေးထွက်ပေါက် မရှိခဲ့ကြောင်း၊ ၁၉၇၄ ခုနှစ် အခြေခံဥပဒေတွင်လည်း တစ်ပါတီစနစ် ဖြင့်သာ လျှောက်လှမ်းခဲ့ခြင်းဖြစ်သောကြောင့် ၁၉၈၈ ခုနှစ် အရေးအခင်းကာလတွင် ဒီမိုကရေစီအခွင့် အရေးကို တောင်းဆိုမှုများရှိခဲ့ပြီး ယခင်ဖွဲ့စည်းပုံ ဥပဒေပျက်ခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းကို လမ်းခင်းပေးမည် ဖြစ်သဖြင့် ၁၉၉၀ ပြည့် ရွေးကောက်ပွဲတွင် ပါတီများ ဖွဲ့စည်းနိုင်သမျှ ဖွဲ့စည်းပြီး လုပ်ပိုင်ခွင့်များပေးခဲ့ ကြောင်း၊ မိမိတို့အနေဖြင့် ယင်းကိစ္စနှင့် ပတ်သက်၍ ကောင်စီအစည်းအဝေးတွင်လည်း ဆွေးနွေးခဲ့ ကြောင်း၊ ပါတီများ များပြားခြင်းကြောင့် ပါတီဝင် အင်အားနည်းပါက ၎င်းတို့ လှုပ်ရှားရသည့် နယ်မြေ ကျဉ်းမြောင်းမည်ဖြစ်ပြီး အခွင့်အရေးရရှိမှုသည် လည်း နည်းပါးမည်ဖြစ်ကြောင်း။
ထို့ကြောင့် လူထုအားဖြင့် လုပ်ဆောင်ခြင်းသည် ပိုမိုကောင်းမွန်မည်ဟု ဆွေးနွေးခဲ့ကြပြီး နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်း ပြင်ဆင်သည့်ဥပဒေကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးတွင် နိုင်ငံရေးလုပ်ဆောင်လိုသူများပြားပြီး ယင်းနိုင်ငံရေးသည် လည်း အမှန်တကယ် အကောင်အထည်ဖော်နိုင်ရန် လိုကြောင်း၊ ပါတီများ၏ ပါတီနိုင်ငံရေး ဦးတည်ချက် ဟူသည်မှာ နိုင်ငံကိုပုံဖော်ရန် ချမှတ်ထားသည့် အတွေးအခေါ် အယူအဆပင်ဖြစ်ပြီး ယင်းကို အကောင်အထည်ဖော်ရန်အတွက် လွှတ်တော် လမ်းကြောင်းတွင် ပါဝင်နိုင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပါတီငယ်များ များပြားနေပါက လုပ်ဆောင် နိုင်မည် မဟုတ်သဖြင့် ဦးစီးခေါင်းဆောင်မှုကောင်း သည့် ပါတီများ တည်ရှိခြင်းသည် ပိုမိုကောင်းမွန်မည် ဟု ယူဆပါကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ထုတ်ပြန်ခဲ့ပြီး ထိန်းသိမ်းခဲ့ ခြင်းဖြစ်ကြောင်း၊ တည်ဆဲပါတီများအနေဖြင့် ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင်ရန်လိုအပ်ပြီး မှတ်ပုံတင်ခြင်းမရှိပါက အလိုအလျောက်ပျက်ပြယ် သွားမည်ဖြစ်ကြောင်း၊ ပါတီအသစ်များအနေဖြင့် လည်း မှတ်ပုံတင်ရန်လိုအပ်ပြီး လက်ရှိတွင် လာရောက်မှတ်ပုံတင်ခြင်းများ ဆောင်ရွက်လျက်ရှိ သည်ကို တွေ့ရှိရကြောင်း၊ ပါတီများနှင့် ပတ်သက်၍ ၎င်းတို့၏ လုပ်ဆောင်ချက်များကိုလည်း ဥပဒေအရ ခွင့်ပြုသင့်သည်များကို ခွင့်ပြုပေးသွားရမည်ဖြစ် ကြောင်း၊ ပါတီများ ဖွဲ့စည်းပြီးပါက ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင်သင့်သည်များကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယင်း တို့သည် မလွဲမသွေ လုပ်ဆောင်ရမည်များဖြစ်သည်ကို ပြောလိုကြောင်း။
အကျေအလည် ဆွေးနွေးအဖြေထုတ်ရမည်
“တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး အတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များ အတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွား မည်။”ဟု ရှေ့လုပ်ငန်းစဉ် စတုတ္ထအချက်အနေဖြင့် ချမှတ်ထားကြောင်း၊ ဒီမိုကရေစီစနစ်ကို ဖော်ဆောင် ရာတွင် တိုင်းပြည်ငြိမ်းချမ်းမှုရှိရန် မဖြစ်မနေလိုအပ် ကြောင်း၊ ကမ္ဘာပေါ်တွင် ဒီမိုကရေစီအပေါ် အကြမ်း ဖက်မှုဖြစ်စဉ်များ ရှိနေသည့် တိုင်းပြည်များသည် တိုးတက်မှုထိခိုက်နှောင့်နှေးနေသည်ကို တွေ့ရမည် ဖြစ်ကြောင်း၊ ထို့ပြင် ဒီမိုကရေစီကို အကြောင်းပြ ၍ အာဏာတည်မြဲအောင် လုပ်ဆောင်နေသည့် တိုင်းပြည်များသည်လည်း အခက်အခဲများရှိမည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ယင်းကဲ့သို့ အခက်အခဲ များမရှိစေရေး တည်ငြိမ်အေးချမ်းမှုများရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တည်ငြိမ် အေးချမ်းမှသာလျှင် နိုင်ငံတော်၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတို့ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်း ရေး ကမ်းလှမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိ တို့အနေဖြင့် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်း ကိုမျှ ၎င်းတို့ကို တရားဝင်ခွင့်ပြုထားသည့် အခြေချ စခန်းများသို့ သွားရောက်တိုက်ခိုက်ခြင်းများ မလုပ် ခဲ့ကြောင်း၊ ငြိမ်းချမ်းရေးတွင် ရိုးသားမှုရှိရမည် ဖြစ်ကြောင်း၊ နယ်ချဲ့လက်အောက်တွင် သွေးခွဲ အုပ်ချုပ်ခံခဲ့ရမှု၏ အကျိုးဆက်များကြောင့် မငြိမ်း ချမ်းခြင်း၏ အကျိုးဆက်ကို ယခုထက်တိုင် ခံစားနေ ရခြင်းဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် အခက်အခဲများ တွေ့ရကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် တစ်ဖက်နှင့် တစ်ဖက် သဘောထားကြီးစွာဖြင့် ဆွေးနွေး ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်အတွက် ဖြစ်နိုင်သည်များနှင့် ဖြစ်သင့်သည်များကို အကျေ အလည် ဆွေးနွေးအဖြေထုတ်ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားအားလုံး တူညီသည့် အခွင့်အရေးကို သာ ရရှိရမည်ဖြစ်ကြောင်း၊ မဖြစ်နိုင်သည်များကို တောင်းဆိုနေ၍မရဘဲ တိုင်းပြည်အကျိုး၊ ပြည်ထောင်စုအကျိုးကိုသာကြည့်၍ ဆောင်ရွက် ကြစေလိုကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး မိမိတို့အနေဖြင့် အကောင်းဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရှေ့လုပ်ငန်းစဉ် စတုတ္ထအချက်ဖြစ်သည့် ငြိမ်းချမ်း ရေးနှင့် ပတ်သက်၍ အကောင်းဆုံးဖြစ်အောင် အတတ်နိုင်ဆုံးဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေး အဖွဲ့အစည်းများအနေဖြင့်လည်း ပြည်ထောင်စု အကျိုးစီးပွားကို ရေရှည်ကြည့်၍ သမာသမတ်ရှိစွာ ဖြင့် ဆွေးနွေးဆောင်ရွက်သွားကြရန်လိုကြောင်း။
မဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်ရရှိရေးဆောင်ရွက်
ရှေ့လုပ်ငန်းစဉ်များအနက် နောက်ဆုံးအချက် တွင် “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင် ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဟူ၍ ချမှတ် ထားကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်ကို နိုင်ငံရေးအရအရေးပေါ်အခြေအနေ ကြေညာခဲ့ရခြင်း သည် ရွေးကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှု များကြောင့်ဖြစ်ကြောင်း၊ ယခင်အစိုးရလက်ထက် ရွေးကောက်ပွဲ၌ သိက္ခာမဲ့သောရွေးကောက်ပွဲဖြစ်ခဲ့ သဖြင့် မိမိတို့အနေဖြင့် သိက္ခာရှိသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက် သွားရမည်ကြောင်း၊ ရွေးကောက်ပွဲသည် နိုင်ငံ့ ခေါင်းဆောင်အထိ ရွေးချယ်ခြင်းဖြစ်သဖြင့် စနစ် တကျဖြင့် မှန်ကန်မှုရှိအောင် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ယခင်ရွေးကောက်ပွဲ၌ မဲစာရင်းကွာဟမှု များစွာဖြစ်ပွားခဲ့သည်ကို တွေ့မြင်ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများ မှန်ကန်ရန်လိုပြီး မိမိတို့အနေဖြင့် စစ်မှန်ပြီး တရားမျှတသည့်ရွေးကောက်ပွဲတစ်ရပ်ကို ဖော်ဆောင်ပေးရ မည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းရေးကို စတင် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး မဲစာရင်းများမှန်ကန် စေရေး သန်းခေါင်စာရင်းများကို အမှန်အတိုင်း ဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မဲပေးခွင့် ရှိသူတိုင်း မဲပေးခွင့်ရရှိစေရေး မဲစာရင်းများကို ပြုစု ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်မှ သာလျှင် မဲစာရင်းများ မှန်ကန်မည်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံတိုင်းတွင် ၁၀၀ ရာခိုင်နှုန်းမှန်ကန်သည့် ရွေးကောက်ပွဲဟူ၍မရှိဘဲ ရာခိုင်နှုန်းအနည်းငယ် ကွဲလွဲမှုများ ရှိကြကြောင်း၊ သို့သော်လည်း ရွေးကောက်ပွဲတွင် ကြီးမားသည့် မဲစာရင်းကွဲလွဲမှု များကို မည်သည့်နိုင်ငံကမျှ လက်မခံကြကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် မှန်ကန်သည့် မဲစာရင်း များ ဖြစ်စေရေး၊ မဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်ရရှိရေး ကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဆန္ဒမဲပေး ခြင်း မပေးခြင်းသည် မဲပေးသူများ၏ အခွင့်အရေးဖြစ် ပြီး မဲပေးခွင့်ရရှိအောင် ဆောင်ရွက်ပေးရန်မှာ အစိုးရ ၏တာဝန်ပင် ဖြစ်ကြောင်း။
မိမိတို့နိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ် စတင် ကျင့်သုံးသည့်ကာလကစပြီး အထွေထွေရွေးကောက် ပွဲ (၃) ကြိမ် ကျင်းပခဲ့ပါကြောင်း၊ နိုင်ငံတွင် မြို့နယ် ၃၃၀ မြို့ နယ်ရှိပြီး ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ၃၂၅ မြို့နယ်၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ၃၂၃ မြို့နယ်နှင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ၃၁၅ မြို့နယ်တို့၌ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပါကြောင်း၊ တဖြည်းဖြည်းဖြင့် ရွေးကောက်ပွဲကျင်းပနိုင်သည့် မြို့နယ်များ ကျဆင်းလာသည်ကို တွေ့မြင်ရပြီး ဒီမိုကရေစီစနစ်ကို ဖော်ဆောင်မည်ဟူသည့် အစိုးရ များလက်ထက်တွင် ပြည်သူ့ဆန္ဒဖော်ထုတ်နိုင်မှု ပိုမိုပြီး နည်းပါးသွားသည်ကို သတိပြုဖွယ် တွေ့ရပါ ကြောင်း။
ရွေးကောက်ပွဲများ ကျင်းပရာတွင်လည်း နိုင်ငံသားတစ်ဦးချင်း၏ ဆန္ဒသဘောထားကို လွတ်လပ်စွာဖော်ထုတ်နိုင်ရေး ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊ မတရားတိုက်တွန်းမှု၊ လူအုပ်စုဖြင့် အနိုင်ကျင့်လွှမ်းမိုးမှု စသည့် မတရားမှုများ ကင်းဝေးရမည် ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် တစ်နိုင်ငံလုံး အကြားအလပ်မရှိ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးနိုင်ရေး၊ မဲပေးကြမည့် နိုင်ငံသားအားလုံး မတရားမှုများမှ ကင်းဝေးစေရေး ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မရှင် တစ်ခုတည်း၏ တာဝန်သာမဟုတ်ဘဲ အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုကြောင်း၊ သိက္ခာရှိသည့် ရွေးကောက်ပွဲနှင့် မှန်ကန်သည့် ရွေးကောက်ပွဲဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွား ရမည်ဖြစ်ကြောင်းကို အလေးအနက်ထား ပြောကြား လိုကြောင်း။
မိမိတို့၏ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ပတ်သက်၍ ဆောင်ရွက်သွားရန်လိုအပ်သည်များကို ပြောကြားခဲ့ခြင်းဖြစ်ပြီး ဆက်လက်ပြောကြားလိုသည်မှာ နိုင်ငံတကာ ဆက်ဆံရေးနှင့်စပ်လျဉ်း၍ မိမိတို့နိုင်ငံသည် ကုလ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အဓိကအဖွဲ့အစည်းများဖြစ် သည့် အာဆီယံနှင့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံဖြစ် ကြောင်း၊ မိမိတို့နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒမှာ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒဖြစ်ကြောင်း၊ နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက် ဆက်ဆံရေး၊ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ် အပေါ်တွင် အခြေခံ ၍ အားလုံးကို ဆက်ဆံကြောင်း၊ အာဆီယံတွင် ၁၉၉၇ ခုနှစ်၌ နောက်တိုးအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင် လာခြင်းဖြစ်ကြောင်း။
မိမိတို့နိုင်ငံနှင့် ပတ်သက်၍ နိုင်ငံတကာက ပြောဆိုနေသည့်ကိစ္စများတွင် မှားယွင်းနေသည်များ ရှိကြောင်း၊ အခါအားလျော်စွာ မိမိတို့နိုင်ငံသို့ ရောက်ရှိ လာသည့် ဧည့်သည်တော်များ၊ နိုင်ငံတကာအဖွဲ့ အစည်းများ၊ သံတမန်များ၊ စီးပွားရေးအဖွဲ့အစည်း များမှ တာဝန်ရှိသူများက ၎င်းတို့ ပြည်ပနိုင်ငံများတွင် သိရှိနေသည့် အချက်များနှင့် မြန်မာနိုင်ငံ၏ ပကတိ အခြေအနေများမှာ ကွဲလွဲနေသည်ကို သိရှိရသည့် အတွက် အံ့ဩမိသည်ဟု ပြောဆိုကြကြောင်း၊ ၎င်းတို့ မှာ မီဒီယာများနှင့် ဘက်လိုက်တင်ပြထားကြသည့် သံတမန်များ၏ အချက်အလက်များကို အခြေခံ၍ ပြောဆိုနေကြခြင်းဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် အခြေအနေမှန်ကို သိရှိစေရန် လိုအပ်ကြောင်း၊ မိမိတို့ ရပ်တည်ချက်မှာ အာဆီယံ၏ မူဘောင်အတွင်းမှ မှန်မှန်ကန်ကန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ဥပဒေနှင့်အညီ အခွင့်အရေးပေးထား
ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများနှင့် စပ်လျဉ်း၍ မိမိတို့နိုင်ငံတွင် နေရပ်စွန့်ခွာသူများ ကိစ္စမှာ ခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့ရသည့် ကိစ္စဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မိမိတို့၏ တိုင်းရင်းသားများကို ကာကွယ်စောင့်ရှောက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံသားများကိုလည်း စောင့်ရှောက်ရ မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဘင်္ဂါလီများထဲမှ နိုင်ငံသားဖြစ်နေသူများရှိကြောင်း၊ ၎င်းတို့ကိုလည်း ဥပဒေနှင့်အညီ အခွင့်အရေးပေးထားကြောင်း၊ ထို့ပြင် ဘင်္ဂါလီများမှာ ရခိုင်ပြည်နယ်သာမက တစ်နိုင်ငံလုံးရှိ အခြားဒေသများတွင်လည်း နေထိုင်လျက်ရှိကြောင်း၊ ပြန်လည်လက်ခံရေးနှင့်စပ်လျဉ်း၍ ပြဿနာဖြစ်ပေါ် နေသည်မှာ တရားမဝင် လာရောက်နေထိုင်သူများ ကြောင့် အခက်အခဲဖြစ်နေခြင်းဖြစ်ကြောင်း၊ ပြန်လည်လက်ခံခြင်းကိစ္စနှင့် ပတ်သက်၍ နှစ်နိုင်ငံ သတ်မှတ်ထားသည့် သဘောတူညီချက်များနှင့် အညီသာ လက်ခံသွားမည်ဟု ပြောဆိုထားကြောင်း၊ မကြာခင်က ရခိုင်ပြည်နယ်သို့ တာဝန်ရှိသူများ သွားရောက်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် တရားဝင် သဘောတူညီချက်ဖြင့် ဆောင်ရွက်နေမှုအပေါ် ငြင်းဆန်ခြင်းမရှိကြောင်း၊ နှစ်နိုင်ငံသဘောတူညီ ချက်နှင့်အညီ ပြန်လည်ဝင်ရောက်လာချိန်တွင်လည်း ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့်အညီ အခွင့်အရေးရရှိ မည်ဖြစ်ကြောင်း၊ နိုင်ငံသားဥပဒေမှာ ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများအတွက်သာ ဆောင်ရွက်ထား သည့် ဥပဒေမဟုတ်ကြောင်း၊ မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသူများ နိုင်ငံသားပြုခွင့်ရရှိရေးအတွက် ဆောင်ရွက်ထားသည့် ဥပဒေဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူ များ ကိစ္စမှာ မိမိတို့အစိုးရသာမက နောင်ပေါ်ပေါက် လာမည့် အစိုးရများကလည်း ဖြေရှင်းဆောင်ရွက်ရ မည့်ကိစ္စဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော် အတွက် မှန်မှန်ကန်ကန် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း။
လျှပ်စစ်ဓာတ်အားရရှိရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် လက်ရှိတွင် လျှပ်စစ်ဓာတ်အား အခက်အခဲ ရရှိနေဦးမည်ဖြစ်ကြောင်း၊ ယင်းမှာ ယခင်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်း များကို အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းခဲ့ရသည့် အတွက်လည်း ပါဝင်ကြောင်း၊ သို့ဖြစ်၍ မိမိအနေဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းများကို ခွင့်ပြုပေးလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်တွင် အတတ်နိုင်ဆုံး နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက် ကို အပြည့်အဝမဟုတ်သော်လည်း ရာခိုင်နှုန်း မြင့်မြင့်မားမား ပြည့်မီအောင် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လည်း ဒေသအစီအစဉ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများကို ကြိုးစားဆောင်ရွက် ကြစေလိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် စပါးထွက်ရှိသည့်အတွက် စပါးခွံလောင်စာ ဖြင့်ထုတ်လုပ်သည့် လျှပ်စစ်၊ ဆိုလာလျှပ်စစ်နှင့် လေအားလျှပ်စစ်တို့ကို ဆောင်ရွက်ကြစေလိုကြောင်း၊ ထို့ပြင် လျှပ်စစ်ဓာတ်အား သုံးစွဲရေးတွင်လည်း ဓာတ်အားချွေတာသည့် လျှပ်စစ်ပစ္စည်းများကို သုံးစွဲ ကြရန်လိုကြောင်း၊ ပို့ဆောင်ရေးစနစ်ကိုလည်း လျှပ်စစ်သုံးစွဲသည့် ပို့ဆောင်ရေးစနစ်ဖြစ်စေရန် မဖြစ်မနေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လျှပ်စစ်မော်တော်ယာဉ် သုံးစွဲမှုကို အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လျှပ်စစ်မော်တော် ယာဉ် တင်သွင်းခွင့်ပြုရာတွင် စိတ်ဝင်စားမှုများနှင့် ကမ်းလှမ်းမှုများရှိကြောင်း၊ ကမ္ဘာ့ရေနံဈေးမှာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာကြောင်း၊ သို့ဖြစ် ၍ စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်စေရန် လျှပ်စစ် ဓာတ်အား ပိုမိုထုတ်လုပ်ရန် လိုအပ်ကြောင်း၊ အရည် အသွေးကောင်းမွန်သည့် လျှပ်စစ်မော်တော်ယာဉ်များ တွင်တွင်ကျယ်ကျယ် သုံးစွဲနိုင်စေရန် ကြီးကြပ်ရေး အဖွဲ့များက အလေးထား၍ စနစ်တကျ ဆောင်ရွက် သွားရန်လိုကြောင်း၊ လက်ရှိတွင် ရန်ကုန် - နေပြည် တော် အမြန်လမ်းနှင့် လမ်းဟောင်းတို့တွင် Charging Station များ ဆောက်လုပ်နေကြောင်း၊ ထပ်မံ၍လည်း နေပြည်တော်-မန္တလေးလမ်း၊ လားရှိုး လမ်း၊ မော်လမြိုင်လမ်းနှင့် ကရင်ပြည်နယ်တို့တွင် တိုးချဲ့ဆောက်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ လျှပ်စစ်ယာဉ်သုံးစွဲမှုကို တွင်တွင် ကျယ်ကျယ်ဖြစ်စေရန် ဝန်ကြီးဌာနများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့အစိုးရ အနေဖြင့် ဘက်စုံထောင့်စုံမှ ကြိုးစားဆောင်ရွက်ပါက လာမည့် ခြောက်လအတွင်း နိုင်ငံတော်အတွက်များစွာ အထောက်အကူဖြစ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်