ရန်ကုန် ဒီဇင်ဘာ ၁၆
မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်းချုပ်တည်ထောင်ခြင်း ၁၁၅ နှစ်ပြည့် အထိမ်းအမှတ်ညစာစားပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ လှိုင်မြို့နယ် ကမ္ဘာအေးစေတီလမ်းရှိ LOTTE ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဦးမောင်မောင်အုန်း၊ ဒေါက်တာ ချာလီသန်း၊ ဦးထွန်းအုံ၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုး သိန်း၊ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး H. E. Ms. Ma Jia ၊ တရုတ်ကောင်စစ်ဝန်ချုပ်၊ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်ဥက္ကဋ္ဌ ဦးအိုင်ထွန်း၊ အကြီးတန်း ဒုတိယဥက္ကဋ္ဌများနှင့် နာယကများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တက်ရောက်လာ ကြသူများက ခင်းကျင်းပြသထားသည့် မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်းချုပ်၏ သမိုင်းကြောင်း မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုလေ့လာကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ညိုစောနှင့် ပြည်ထောင်စုဝန်ကြီးများ၊ တက်ရောက်လာသူများနှင့် မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်းချုပ် ဥက္ကဋ္ဌ၊ အကြီးတန်းဒုတိယဥက္ကဋ္ဌများ၊ နာယကများက စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသီချင်းဖြင့် အခမ်းအနားကို ဂုဏ်ပြုဖွင့်လှစ်သည်။ ယင်းနောက် မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်းချုပ်၏ သမိုင်းကြောင်း ဗီဒီယိုကို ကြည့်ရှုကြသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်စား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ညိုစောက နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ် ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။ ထို့နောက် မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ် ဥက္ကဋ္ဌက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်ကလေးဆေးရုံကြီး၊ ဝေဘာဂီအထူးကုဆေးရုံကြီးတို့အတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံကြသည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်းချုပ်ဥက္ကဋ္ဌတို့က အမှတ်တရ ကိတ်မုန့်ကို လှီးဖြတ်ပေးခဲ့ကြသည်။
ညစာစားပွဲတွင် မြန်မာ၊ တရုတ် ချစ်ကြည်ရေးတေးသီချင်းများ၊ ယိမ်းအကများဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။
သတင်းစဉ်



