နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှုဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၂၁)တွင် ပြောကြားသည့် အမှာစကား 

နေပြည်တော်၊  ၃ မတ်

အစည်းအဝေးတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာ၌ ယနေ့အစည်းအဝေးသည် မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီတာဝန်ယူပြီးနောက်ပိုင်းတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ပထမဦးဆုံးကျင်းပသည့် အစည်းအဝေးဖြစ်ကြောင်း၊ မိမိတို့ တာဝန်ယူပြီး နောက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရန် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ညှိနှိုင်းရေး ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်ပါက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိစေရန် အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ပါ သဘောတူညီချက်များ အတိုင်း ဖြစ်နိုင်သမျှအလေးထားဆောင်ရွက်သွားမည်” ဟူသည့် လုပ်ငန်းစဉ်ချမှတ်ထားသကဲ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံရေးဦးတည်ချက်တွင် လည်း “တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ပါ အတိုင်း အလေးထားဆောင်ရွက်သွားရေး” ဟူသည့် ဦးတည်ချက် ချမှတ်ပြီး NCA ကို အလေးထား အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ဦးတည် ရည်မှန်းထားခြင်းကို တွေ့ရမည်ဖြစ်ကြောင်း။

ညှိနှိုင်းဆွေးနွေးအဖြေရှာ

အမှန်တကယ်တွင် NCA သည် ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးမှတစ်ဆင့် တိုင်းရင်းသား ပြည်သူအားလုံး အလိုရှိနေသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် လိုအပ်သောအခင်းအကျင်းများကို အုတ်မြစ် ချထားခြင်းဖြစ်ကြောင်း၊ ယင်းအပေါ်တွင် မိမိတို့အနေဖြင့် ညှိနှိုင်းဆွေးနွေးအဖြေရှာပြီး သဘောတူညီ ချက်များအရ ဆက်လက် အကောင်အထည်ဖော် တည်ဆောက်သွားနိုင်မှသာ ပြီးပြည့်စုံသည့် ပြည်ထောင်စုပုံသဏ္ဌာန် ပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊ ယင်းနေရာတွင် တွေ့ဆုံညှိနှိုင်းအဖြေရှာ ခြင်းဆိုသည့် ဒီမိုကရေစီ ယဉ်ကျေးမှုကိုလိုက်နာရန် အလွန်အရေးကြီးကြောင်း၊ မည်သို့ပင် ကြီးမားသည့် ပြဿနာများဖြစ်ပါစေ နှစ်ဖက်တွေ့ဆုံညှိနှိုင်းမည်ဆိုပါက အတိုင်းအတာ တစ်ခုအထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ အလျဉ်းသင့်၍ ယခင်အစိုးရလက်ထက်က အခြေအနေတစ်ခုကို ပြောရပါက မိမိတို့ တပ်မတော် အနေဖြင့် အရပ်ဘက် - စစ်ဘက်ဆက်ဆံရေး ကောင်းမွန်စေရန် ဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်ထားသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကိုခေါ်ယူရန် မိမိ ကိုယ်တိုင်အကြိမ်ကြိမ် တိုက်တွန်းခဲ့သော်လည်း လျစ်လျူရှုခံ ခဲ့ရကြောင်း၊ ထို့ပြင် မဲမသမာမှုများနှင့် ပတ်သက်ပြီး ယခင် UEC နှင့် နိုင်ငံရေးပါတီများ အကြား တွေ့ဆုံညှိနှိုင်းဖြေရှင်းပေးရန်၊ ပြည်ထောင်စု လွှတ်တော်အထူးအစည်းအဝေး ခေါ်ယူဖြေရှင်းပေး ရန်နှင့်အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူပေးရန် အကြိမ်ကြိမ် တိုက်တွန်းခဲ့သော်လည်း တွေ့ဆုံဆွေးနွေးသည့် လမ်းကြောင်းကို ငြင်းပယ်ခဲ့သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေက တာဝန်ပေးအပ်ထားချက်အရ တပ်မတော်က မလွှဲမရှောင်သာ ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် မိမိတို့တိုင်းရင်းသားများကြားတွင် မကျေ လည်မှုများ၊ သံသယများ၊ မယုံကြည်မှုများ၊ စိုးရိမ်မှု များသည် တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာခြင်း ဆိုသည့် ဒီမိုကရေစီယဉ်ကျေးမှုကို ကျင့်သုံးခြင်းဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်ဆိုခြင်းကို မီးမောင်းထိုးပြလိုခြင်း ဖြစ်ကြောင်း။

ထာဝရငြိမ်းချမ်းရေးရရှိရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင်လည်း NCA ပါ သဘောတူချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည့် အတွက် ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုသည့်အဆင့်မှအပ ကျန်သည့် အစိတ်အပိုင်းများ ဆောင်ရွက်၍ ရပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများ မရှိသည့်အတွက်ကြောင့် ဆောင်ရွက်၍ မရဟု ထင်မြင်ယူဆနိုင်သော်လည်း ရွေးကောက်ပွဲ ထပ်မံကျင်းပပြီးပါက လက်ရှိရှိနေသည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များကသာ ရွေးကောက်ခံ ကိုယ်စားလှယ်များ ဖြစ်လာမည့်အပြင် အများစုအနိုင်ရသည့် ပါတီကလည်း အစိုးရဖွဲ့စည်းပြီး တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် လက်ရှိရှိနေသည့် နိုင်ငံရေး ပါတီအစုအဖွဲ့နှင့် အစိုးရအစုအဖွဲ့တို့ဖြင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများ ဆက်လက် ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း၊ ယင်းသို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စဉ်ဆက်မပြတ်ဆောင် ရွက်သွားခြင်းအားဖြင့် မိမိတို့ ရည်မှန်းထားသည့် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် ပိုမိုအကောင် အထည်ဖော် ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း။

လူနည်းစုဆန္ဒကိုလည်း အလေးထား

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင် ဒီမိုကရေစီ နှင့်ပတ်သက်၍ လည်းကောင်း၊ ဖက်ဒရယ်နှင့် ပတ်သက်၍ လည်းကောင်း မည်သို့ပင်အယူအဆ အမျိုးမျိုးကွဲပြားနေပါစေ မိမိတို့နိုင်ငံနှင့် သဟဇာတ ဖြစ်သည့်စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီနှင့်ပတ်သက်ပြီး အများဆန္ဒအတိုင်း ဆောင်ရွက်ရသလို လူနည်း စုဆန္ဒကိုလည်း အလေးထားရန်လိုအပ်ကြောင်း၊ မိမိဆန္ဒနှင့် မကိုက်ညီပါက ရန်သူလို့သဘောထားပြီး ခွဲခြားဆက်ဆံမှုများ၊ လူမှုဆက်ဆံရေးအရ ပြစ်ဒဏ်ခတ်ပြီး လူ့အသိုင်းအဝိုင်းမှ ဖယ်ကြဉ်ထားခြင်းမျိုးသည် ကျေးပိုင်ကျွန်ပိုင်ခေတ်က လူတန်းစားခွဲခြားသည့် အတွေးအခေါ်များ ဖြစ်ပြီး ဒီမိုကရေစီနှင့် လုံးဝကိုက်ညီမှု မရှိသည်ကို တွေ့ရကြောင်း၊ ပုဂ္ဂိုလ်ရေးအရ အလွန်အမင်းကိုးကွယ်မှုသည်လည်း လူ့အဖွဲ့အစည်းအတွင်း ကွဲပြားမှုများကို ဖြစ်ပေါ်စေပြီး အမျိုးသားစည်းလုံး ညီညွတ်မှုကို ထိခိုက်စေနိုင်ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုနှင့် ခွဲခြားဆက်ဆံမှုများကို မိမိတို့ လူ့ အဖွဲ့အစည်းအတွင်း မကျင့်သုံးနိုင်အောင် စဉ်းစား ဆောင်ရွက်ရန် လိုအပ်ကြောင်း။

ဖက်ဒရယ်စနစ်နှင့်ပတ်သက်ပြီး မိမိတို့ လိုရာကိုအဓိပ္ပာယ်အမျိုးမျိုး၊ စံနှုန်းအမျိုးမျိုးဖွင့်ဆိုပြီး ပြောနေကြသော်လည်း အနှစ်သာရအနေဖြင့်ပေါင်းစည်းခြင်း နှင့်သဟဇာတဖြစ်မှုပင် ဖြစ်ကြောင်း၊ ဖက်ဒရယ်သည် မတူကွဲပြသည့်တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ လူမျိုးများ၊ လူမျိုးစုများ စုစည်းရာမှ အချုပ်အခြာ အာဏာဖြစ်သည့် အာဏာ(၃) ရပ်ကို ခွဲဝေကျင့်သုံး ခြင်းပင်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်ထောင်စု၊ တိုင်းဒေသကြီး၊ ပြည်နယ်အကြား ဖွဲ့စည်းပုံအခြေခံဥပဒေရ အာဏာခွဲဝေဆောင်ရွက် သွားခြင်းဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်တရားစီရင်ခွင့်၊ ကိုယ်ပိုင်ဥပဒေပြဋ္ဌာန်းခွင့်ဟူသည့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အခြေခံဥပဒေအရ ကိုယ်ပိုင် ပြဋ္ဌန်းခွင့်ရရှိမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် လူမျိုးတစ်မျိုး တည်းသာနေထိုင်သည့် တိုင်းဒေသကြီး၊ ပြည်နယ်ဟူ၍ လုံးဝမရှိကြောင်း၊ လူမျိုးပေါင်းစုံ ရောယှက်နေထိုင်ကြကြောင်း၊ တိုင်းဒေသကြီးများတွင်လည်း တိုင်းရင်းသားများ ပျံ့နှံ့နေထိုင်နေသည်ကို တွေ့ရ မည်ဖြစ်ကြောင်း။

ဝိုင်းဝန်းစဉ်းစားအဖြေရှာ
သာဓကအားဖြင့် ၂၀၁၄ခုနှစ် လူဦးရေစာရင်းအရ ရှမ်းပြည်နယ် တွင်လူဦးရေ ၅၈ သိန်းကျော် ပျံ့နှံ့နေထိုင်လျက်ရှိပြီး လူဦးရေအချိုးတွင် ရှမ်း ၃၅ ဒသမ ၂၃ ရာခိုင်နှုန်း၊ ဗမာ ၁၁ ဒသမ ၄၄ရာခိုင်နှုန်း၊ ပဋိင် (၈ ဒသမ ၉၄ ရာခိုင်နှုန်း၊ ပလောင် ၇ဒသမ ဝ၆ ရာခိုင် နှုန်း၊ '၀' ၆ ဒသမ ၄၁ ရာခိုင်နှုန်း၊ ဓနု ၄ ဒသမ ၄ ရာခိုင်နှုန်း၊ ကိုးကန့် ၃ ဒသမ ၂၂ရာခိုင်နှုန်း၊ လားဟူ ၄ဒသမ ၀၅ ရာခိုင်နှုန်း၊ ဂျိန်းဖော ၂ဒသမ ၃၅ ရာခိုင် နှုန်းနှင့် ကျန်တိုင်းရင်းသား ၁၆ ဒသမ ၈၄ ရာခိုင် နှုန်း နေထိုင်နေခြင်းကို တွေ့ရကြောင်း၊ အလားတူ ကချင်ပြည်နယ်တွင်ဆိုပါက လူဦးရေ ၁၆ သိန်းကျော် ပျံ့နှံ့နေထိုင်လျက်ရှိပြီး လူဦးရေ အချိုး တွင် ဗမာ ၂၉ ဒသမ၂ ရာခိုင်နှုန်း၊ ရှမ်း ၂၃ ဒသမ ၆ ရာခိုင်နှုန်း၊ ဂျိမ်းဖော ၁၈ ဒသမ ၉၇ ရာခိုင်နှုန်း၊ လီဆူး ၇ ရာခိုင်နှုန်း၊ ရဝမ် ၅ ဒသမ ၅ ရာခိုင်နှုန်း၊ လာချိတ် ၃ ဒသမ ၃၃ ရာခိုင်နှုန်း၊လာချိတ် ၂ဒသမ (၈၉ ရာခိုင်နှုန်း၊ ဇိုက်ဝါး ၁ ဒသမ ၅၇ ရာခိုင်နှုန်း နှင့် ကျန်တိုင်းရင်းသားများအနေဖြင့် ၈ ရာခိုင်နှုန်း ရောနှောနေထိုင်နေသည်ကို တွေ့ရကြောင်း ရှမ်းပြည်နယ်ဟုဆိုသော်လည်း ရှမ်းလူမျိုး ၃၅ ရာခိုင်နှုန်းကျော်၊ ကချင်ပြည်နယ်ဟုဆိုသော်လည်း ကချင် လူမျိုး ၃၉ ရာခိုင်နှုန်းသာ ရှိသည့်အတွက် လူမျိုး အလိုက် ပြည်နယ်သတ်မှတ်လိုက်ခြင်းသည် အခြား လူမျိုးများကိုလည်း မိမိတို့လူမျိုးနာမည်နှင့် ပြည်နယ်တောင်းဆိုမှုများ ဖြစ်ပေါ်လာသည်ကိုလည်း ကြုံတွေ့နေရကြောင်း၊ လူမျိုးတစ်မျိုးတည်းက ပိုင်ဆိုင်ခြင်း မဟုတ်ဘဲ ပြည်နယ်အတွင်းတွင် နေထိုင်သည့်လူမျိုး အားလုံးက ပိုင်ဆိုင်ခြင်းဆိုသည့် လက္ခဏာဆောင်သည့်ဒေသအမည်ကို အစွဲပြုသည့် ပြည်နယ်အမည် ဖြစ်ပေါ်လာနိုင်ပါက အမျိုးသားစည်းလုံးညီညွတ်ရေး အတွက် ကြီးမားသေအထောက်အပံ့ ဖြစ်မည်ဟု မိမိယူဆကြောင်း၊ ယင်းနှင့် ပတ်သက်၍လည်း အားလုံးက ဝိုင်းဝန်းစဉ်းစား အဖြေရှာသွားရန် တိုက်တွန်းလိုကြောင်း။

မိမိတို့ယနေ့ ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက် နေခြင်းသည် မိမိတို့၏ သားစဉ်မြေးဆက် လူငယ်များ အတွက်တည်ငြိမ်သည့်အနဘတ်နှင့်ဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာ့အဆင့်မီ နိုင်ငံတစ်ခု ဖြစ်အောင် လက်ဆင့်ကမ်း အမွေပေးနိုင်ရန် အမျိုးသားရေးတာဝန်အဖြစ် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေခြင်းပင် ဖြစ်ကြောင်း၊ ကိုယ်ကျိုး စီးပွားအတွက်၊ တစ်ဦးတစ်ယောက် နာမည်ကောင်းရရန်အတွက်ဖော်ဆောင် နေခြင်းမဟုတ်သည်ကို ပြောကြားလိုကြောင်း။
အမျိုးသားနိုင်ငံရေးကို ဦးတည်

မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်တာဝန် လွှဲပြောင်းရယူခဲ့ပြီး နောက်တွင် လိုအပ်သေတည်ငြိမ်အေးချမ်းမှုများကို ဆောင်ရွက်ပြီး ရွေးကောက်ပွဲအနိုင်ရရှိသည့် ပါတီကို အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်သည်အထိ ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တာဝန်ယူစဉ် ကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပါအဝင် နယ်မြေအသီးသီးမှ ဆောင်ရွက်ဆဲ လုပ်ငန်းစဉ်များကို အရှိန် အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လွဲချော်နေသည့် လုပ်ငန်းစနစ်များ၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် အမျိုးသားလုံခြုံရေးကိုထိခိုက်စေသည့် လုပ်ငန်းစဉ်များကိုလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ ပြန်လည် တည့်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ဆောင်ရွက်ခြင်းသည် တပ်မတော်အနေဖြင့် အမျိုးသားအကျိုးစီးပွားကိုကာကွယ်သည့် အမျိုးသားနိုင်ငံရေးကို ဦးတည်ဆောင်ရွက်နေခြင်းပင် ဖြစ်ကြောင်း ပြောကြားသည်။

သတင်းစဉ်