နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ပြင်ဦးလွင်တပ်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိ မှုနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်နေမှုတို့အား ကြည့်ရှုစစ်ဆေး
နေပြည်တော် စက်တင်ဘာ ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ စက်တင်ဘာ ၂၃ ရက်နှင့် ယနေ့တို့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ပြင်ဦးလွင်တပ်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ စစ်တက္ကသိုလ်နဝဒေးခန်းမ၌ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်နှင့် ပြင်ဦးလွင်တပ်နယ်မှူးတို့က ပြင်ဦးလွင်တပ်နယ်အတွင်း လုံခြုံရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ လုံခြုံရေးလုပ်ငန်းများဆောင်ရွက်စဉ် အကြမ်းဖက် သောင်းကျန်းသူများထံမှ လက်နက်ခဲယမ်း များ သိမ်းဆည်းရမိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြင်ဦးလွင်တပ်နယ်အနေဖြင့် နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက် သွားရန်လိုကြောင်း၊ တပ်နယ်အတွင်း နယ်မြေစည်းရုံးရေးလုပ်ငန်းများနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း မိမိတို့တာဝန်ထမ်းဆောင်ရသည့် နယ်မြေအလိုက် ဒေသ၏နယ်မြေဒေသအခြေအနေများ၊ ဒေသဆိုင်ရာအချက်အလက်များကို ခြေခြေမြစ်မြစ် သိရှိထားရမည်ဖြစ်ကြောင်း၊ နယ်မြေခံတပ်များနှင့် ဒေသခံများ တစ်သားတည်းဖြစ်နေရမည်ဖြစ်ပြီး အပြန်အလှန်ရိုင်းပင်းကူညီခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် နယ်မြေ လုံခြုံရေး၊ ဒေသခံများ၏လုံခြုံရေးကို အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွား ကြရန်လိုကြောင်း မှာကြားခဲ့သည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် ပြင်ဦးလွင်မြို့ သုမင်္ဂလာဈေး(ညံတောဈေး) ခြောက်ထပ်အဆင့်မြင့်ဈေးသစ် တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ဈေးပတ်လမ်းနှင့် ယာဉ်ရပ်နားရန်နေရာများ၊ ဓာတ်လှေကားများ၊ ရိုးရိုးလှေကားများ၊ ထည့်သွင်းဆောင်ရွက်ထားမှု၊ အများပြည်သူသုံး အဆောက်အဦဖြစ်သဖြင့် စနစ်တကျဆောင်ရွက်လျက်ရှိမှု၊ အထပ်အလိုက်ဆိုင်ခန်းများ ဖွင့်လှစ် နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိမှု၊ ကလေးကစားကွင်း နေရာများ၊ ရုပ်ရှင်ရုံများ ထည့်သွင်းတည်ဆောက်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိမှုနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး ဆိုလာပြားများ တပ်ဆင်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
စံပြဈေးဖြစ်ရမည်
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ရေစီးရေလာနှင့် ရေဝင်ရေထွက် ကောင်းမွန်စေရေးတို့ကိုလည်း ထည့်သွင်းစဉ်းစား၍ ရေနုတ်မြောင်းများကို စနစ်တကျထည့်သွင်း တည်ဆောက်သွားရန်လိုကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများအားလုံးပြီးစီးပါက ဈေးဆိုင်ခန်းများ စနစ်တကျ ဖြစ်စေရေးအတွက်လည်း ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ စားသောက်ဆိုင်ခန်းများထားရှိမည့် အထပ်တွင် သန့်ရှင်းမှုရှိစေရေးကို အလေးထားဆောင်ရွက်သွားရန်နှင့် ရေ/မီးစနစ်များ စနစ်တကျရှိစေရေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဓာတ်လှေကားစနစ်တွင် လျှပ်စစ်ဓာတ်မပြတ်တောက်စေရေးသည် အရေးကြီးသဖြင့် ဓာတ်အား ပြတ်တောက်မှုမဖြစ်စေရေး ဆိုလာစနစ်ဖြင့် ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ ယခုအဆင့်မြင့်ဈေးသစ် တည် ဆောက်စေခြင်းသည် ပြင်ဦးလွင်မြို့၏ လူနေမှုထူထပ်လာမှုများ၊ ခရီးသွားလာမှုများပြား လာမှုများနှင့်ကိုက်ညီသည့် အဆင့်မီဈေးတစ်ခု ဖြစ်ပေါ်လာစေရန်နှင့် ဒေသထွက်နှင့် အခြေခံသုံးကုန် ပစ္စည်းများကို တစ်နေရာတည်းတွင် တစ်စုတစ်စည်း တည်းရရှိနိုင်စေရန် ရည်ရွယ်ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း၊ စံပြဈေးဖြစ်ရမည်ဖြစ်ကြောင်း၊ ဒေသ ထွက်အသားများ၊ ဟင်းသီးဟင်းရွက်များ၊ အသီးအနှံ များကိုလည်း စနစ်တကျထုပ်ပိုး၍ ထည့်သွင်းရောင်းချနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ပွဲတော်ရာသီများ၌ ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်ချိန်၌ ယာဉ်များ စနစ်တကျ ရပ်နားနိုင်ရေး၊ စားသောက်ဆိုင်များ စနစ်တကျဖွင့်လှစ်နိုင်ရေး၊ ဆိုင်ခန်းများ စနစ်တကျရှိစေရေး ကြိုတင်တွက်ချက် ဆောင်ရွက်ထားရန်လိုကြောင်း မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် သုမင်္ဂလာဈေး (ညံတောဈေး) ခြောက်ထပ်အဆင့်မြင့် ဈေးသစ်တည်ဆောက်ရေး စီမံကိန်းအတွင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့ရှိ သမိုင်းဝင်မဟာရွှေမြင်တင်စေတီတော်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွား တော်မြတ်အား ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်သည်။
ဆက်လက်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညို၍ စေတီတော်ကြီး ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သည့်ပြုပြင်ထိန်းသိမ်းမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်မှာကြားပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စေတီတော်မြတ်ကြီးအတွက် ဘက်စုံအလှူငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌက လက်ခံရယူသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မြတ်စွာဘုရားရှင်၏ ပါဒခြေတော်ရာဆောင်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး စေတီတော် မြတ်ကြီးအား လက်ယာရစ်လှည့်လည် ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


