နေပြည်တော် ဒီဇင်ဘာ ၂၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်(ရေ)၏ (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် တပ်မတော် (ရေ)မှတည်ဆောက်ပြီးစီးခဲ့သည့် (၁၃၅) မီတာ ဖရီဂိတ်စစ်ရေယာဉ် ကြီး အမည်ပေးခြင်းနှင့် ရေချ ပေးခြင်းမင်္ဂလာကို ယနေ့ နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိ ရေတပ်သင်္ဘောကျင်းဌာနချုပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အားပေးချီးမြှင့် သည်။
တက်ရောက်
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(ရေ)များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ် ဌာနချုပ်တိုင်းမှူး၊ ရေတပ် ကွပ်ကဲမှုဌာနချုပ်မှူး၊ ရေတပ်စခန်း ဌာနချုပ်မှူးများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားအစီအစဉ် အရ (၁၃၅) မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီး တည်ဆောက်ခဲ့မှုနှင့် ရေယာဉ်ဆိုင်ရာအချက်အလက်များကို ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းက ရှင်းလင်းတင်ပြသည်။
ထို့နောက် (၁၃၅)မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီးအား အမည်ပေးခြင်းမင်္ဂလာအခမ်း အနားကျင်းပ ပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရေယာဉ်အမည်ပေးခြင်းမင်္ဂလာကို ဖတ်ကြားချီးမြှင့် ဆောင်ရွက်ရာတွင် နိုင်ငံ၏ ပြည်တွင်းရန်ကို နှိမ်နင်းခြင်း၊ ပြည်ပရန်ကို ကာကွယ်ခြင်းနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် စံနှုန်းစနစ်များ ချမှတ် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည့် သာလွန်မင်းတရားကြီးကို ဂုဏ်ပြုသောအားဖြင့် စစ်ရေယာဉ်ကြီး “သာလွန်မင်း” ဟု အမည်ပေးအပ်သည်။
ယင်းနောက် (၁၃၅) မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီး ရေချပေးခြင်း မင်္ဂလာအခမ်းအနားကို ရေတပ် ထုံးတမ်းစဉ်လာများအတိုင်း ဆောင်ရွက်ရာ မင်္ဂလာအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ရှန်ပိန်ပုလင်းခွဲ၍ ရေယာဉ်ကြီးအားရေချပေးပြီး တပ်မတော်(ရေ) စစ်တီးဝိုင်းတပ်ဖွဲ့က ဂုဏ်ပြုတီးမှုတ်ကြသည်။
ဆက်လက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ကာကွယ်ရေးဦးစီးချုပ်(ရေ)က စစ်ရေယာဉ်ပုံစံငယ်နှင့် စစ်ရေယာဉ်ကြီးရေချရာတွင် အသုံးပြုခဲ့သည့် ရွှေပုဆိန်တို့အား ဂါရဝပြုပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်ရေ ယာဉ်ကြီး တည်ဆောက်ရာတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော အရာရှိ၊ စစ်သည်များအား ရင်းရင်း နှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ ဂုဏ်ပြုလက်ဆောင် သစ်သီးခြင်းပေးအပ်ပြီး တက်ရောက်လာကြ သည့် ဧည့်သည်တော်များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်နှင့် အဖွဲ့ဝင်များသည် (၁၃၅) မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီးကို Ship lift Platform မှ ရေချခြင်းကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ တပ်မတော်(ရေ)မှ တည်ဆောက်ပြီးစီးခဲ့သည့် (၁၃၅) မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီး “သာလွန်မင်း” ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏ လမ်းညွှန်မှုဖြင့် ၂၀၁၇ ခုနှစ် မတ်လတွင် ရေတပ်သင်္ဘောကျင်း ဌာနချုပ်၌ ဧရာခင်းမင်္ဂလာ အခမ်းအနားပြုလုပ်၍ စတင်တည်ဆောက်ခဲ့ပြီး ရေယာဉ်ကြီးသည် ကြီးမားသည့်အတွက် ကိုယ်ထည်များခွဲခြားတည်ဆောက်ခဲ့ကာ ရေယာဉ်ကိုယ်ထည်ကြီးအဖြစ် တွဲဆက်တည်ဆောက်ခဲ့ ခြင်းဖြစ်သည်။ ယခုစစ်ရေယာဉ် ကြီးသည် တပ်မတော်(ရေ)တွင် တည်ဆောက်ခဲ့သည့် စစ်ရေယာဉ် များအနက် အရွယ်အစားအကြီး မားဆုံးဖြစ်ပြီး ခေတ်မီစစ်ရေယာဉ် တစ်စင်း၏ လိုအပ်ချက်များ နှင့်အညီ ကိုယ်ထည်ပိုင်း၊ စက်ပိုင်း၊ လျှပ်စစ် ပိုင်း၊ လက်နက်နှင့် လက်နက်စနစ် ပိုင်းတို့ကို ပြည့်စုံစွာ ထည့်သွင်းတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ရေယာဉ်အတွင်းပိုင်း အခန်းဖွဲ့စည်းမှုများနှင့် စနစ်များကို လည်း နိုင်ငံတကာ ခေတ်မီစစ်ရေယာဉ်ကြီးများနည်းတူ ကောင်းမွန်စေ ရေး ကြိုးပမ်းတည် ဆောက်ခဲ့ခြင်း ဖြစ်၍ ရေယာဉ်ဆိုင်ရာ အချက်အလက်များအနေဖြင့် အလျား ၁၃၅ မီတာ၊ အနံ ၁၄ ဒသမ ၅ မီတာ၊ အမြင့် ၉ မီတာ၊ ရေစူး ၄ ဒသမ ၁ မီတာ၊ ဝန်ပြည့်အလေးချိန် ၃၅၀၀ တန်ရှိကာ အမြန်နှုန်း ၁ နာရီလျှင် ရေမိုင် ၃၀ အထိ မောင်းနှင်နိုင်မည့် စစ်ရေယာဉ် ကြီးဖြစ်သည်။ (၁၃၅) မီတာ ဖရီ ဂိတ်စစ်ရေယာဉ်ကြီးအနေဖြင့် ၂၁ ရာစု ရေတပ်များ၏ ရည်မှန်းချက် တာဝန်များနှင့် စွမ်းရည်များကို ပိုင်ဆိုင်မည့် စစ်ရေယာဉ်ကြီးဖြစ်ပြီး မြန်မာ့ပင်လယ်ပြင်အတွင်း သမားရိုးကျနှင့် သမားရိုးကျ မဟုတ်သော ခြိမ်းခြောက်မှုများကို ရှေ့တန်းကျကျ ကာကွယ်တားဆီး တိုက်ပွဲဝင် နိုင်ခြင်း၊ ကင်းလှည့်ထောက်လှမ်းခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းများ၊ ကျူးကျော်မှု များကို တိုက်ဖျက်ခြင်းနှင့် ရေပြင် နယ်နိမိတ်ကာကွယ်ခြင်း၊ မိမိနိုင်ငံ ပိုင်နက်ပင်လယ်ပြင်ကို ထိန်းချုပ် ခြင်းနှင့် လူသားချင်းစာနာ ထောက်ထားရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်စွမ်းရှိ သည့် စစ်ရေယာဉ်ကြီးပင်ဖြစ်ကာ ယခုကဲ့သို့ စစ်ဆင်ရေး နယ်ပယ်မျိုးစုံတွင် အသုံးပြုနိုင်သော စစ်ရေယာဉ်ကြီးအား ဖြည့်တင်းတည်ဆောက်နိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံ၏ ရေကြောင်းအကျိုး စီးပွားများ ဖြစ်ထွန်းတည်ရှိရာ မြန်မာ့ပင်လယ်ပြင်ကို ပိုမိုထိရောက်စွာ ကာကွယ်စောင့်ရှောက် နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
(၁၃၅) မီတာ ဖရီဂိတ်စစ် ရေယာဉ်ကြီး “သာလွန်မင်း” ကို ယနေ့ နံနက် ၉ နာရီတွင် စတင် ရေချခဲ့ပြီး ၁၀ နာရီ ၄ မိနစ်တွင် စစ်ရေယာဉ်တစ်စင်းလုံး ရေထု အတွင်းသို့ အောင်မြင်စွာရောက်ရှိ ခဲ့ကြောင်း နှင့် ရေတပ်သင်္ဘော ကျင်းဌာနချုပ်တံတားသို့ ၁၁ နာရီ ၂၄ မိနစ်တွင် ရောက်ရှိဆိုက်ကပ်ထားရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


