နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၀/၂၀၂၁)တွင် ပြောကြားသည့် အမှာစကား

နေပြည်တော်၊ ၁၀ မေ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဖွင့် အမှာစကားပြောကြားရာတွင် မိမိတို့သည် ကြားကာလတာဝန်ယူသည့် အဖွဲ့အစည်း တစ်ခုဖြစ်သဖြင့် အချိန်တိုအတွင်း အကောင်အထည်ဖော်ဆောင်ရွက်၍ရသည်များကို နိုင်ငံအတွက် ကျယ်ကျယ်ပြန့်ပြန့် ဦးစားပေးစဉ်းစားဆောင်ရွက်ကြစေလိုကြောင်း၊ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်အပေါ်တွင် အခြေခံပြီး ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မဲစားရင်းမှားယွင်း မှုများနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့်ပြည်နယ် ၂ ခုတွင် စစ်ဆေးဆောင်ရွက်ပြီးဖြစ်ပြီး မဲမသမာမှုများနှင့် အရေးယူဆောင်ရွက်မည့်အခြေအနေများအား နိုင်ငံသို့ အသိပေးသွားမည် ဖြစ်ကြောင်း။

 

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်ပြီး ကမ္ဘာပေါ်တွင်ကူးစက်မှု နှုန်းများ မြင့်တက်လျက်ရှိသော်လည်း မိမိတို့နိုင်ငံတွင် ကူးစက်မှုနှုန်းအနေဖြင့် ယခုအခါ မေလ ၁ ရက်နေ့မှစ၍ ဆေးစစ်နိုင်မှုအရေအတွက်၏ ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်း ခန့်သာ ရှိကြောင်း၊ သို့သော် အိမ်နီးချင်းနိုင်ငံများတွင် ကူးစက်မှုနှုန်းမြင့်တက်လျက်ရှိသဖြင့် မိမိတို့နိုင်ငံအနေဖြင့်လည်း သတိထားဆောင်ရွက်ရမည်ဖြစ်ပြီး COVID-19 နှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် အချို့ စည်းကမ်းချက်များကို လျှော့ပေါ့ပေး၍ မရသေးကြောင်း၊ COVID-19 ကာကွယ်ဆေးထိုးနှံမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ၁ သန်း ၉ သိန်းကျော် ထိုးနှံပြီးဖြစ်ကြောင်း၊ ကာကွယ်ဆေးများ ဆက်လက်ဝယ်ယူရရှိနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ တက္ကသိုလ်၊ ကောလိပ်များ ပြန်လည်ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပြီး Social Distancing ကိုလည်း COVID-19 စည်းကမ်းအတိုင်း စံနမူနာပြ ဆောင်ရွက်သွားမည်ဆိုပါက COVID-19 ကာကွယ်ရေးအတွက်လည်း အထောက်အကူပြု မည်ဖြစ်ကြောင်း၊ တက္ကသိုလ်၊ ကောလိပ်များမှ ဆရာ၊ ဆရာမများနှင့် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း COVID-19 ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။

 

မိမိတို့နိုင်ငံတွင် COVID - 19 ကြောင့် လုပ်ငန်းများ ရပ်တန့်ခဲ့ရပြီး စီးပွားရေးနှင့် ပညာရေးတွင် ထိခိုက်ဆုံးရှုံးမှုများရှိခဲ့ကြောင်း၊ COVID-19 ကြောင့် ကျဆင်းနေသည့် စီးပွားရေးအား ပြန်လည်ကုစားရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ဖေဖော်ဝါရီလဆန်း ပိုင်းမှစ၍ ကောလာဟလများထုတ်လွှင့်ပြီး ဆန္ဒပြမှုများမှတစ်ဆင့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်သည်အထိ ပြုလုပ်လာကြကြောင်း၊ ယခုနောက်ပိုင်း ဆူပူမှုများအရှိန်ကျလာသော်လည်း ဘဏ်များထိခိုက်အောင် နိုင်ငံရေးအရ ဆောင်ရွက်လာသည်များရှိသဖြင့် မိမိတို့အနေဖြင့် ထိန်းသိမ်းဆောင်ရွက်ပေးလျက် ရှိကြောင်း၊ COVID-19 ရောဂါဖြစ်ပွားမှုကြောင့် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် စီးပွားရေးကျဆင်း လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းများတွင် မဖြစ်မနေ ဆောင်ရွက်နေရသည့် လုပ်ငန်းမှာ စားသောက်ကုန်လုပ်ငန်းဖြစ်ကြောင်း၊  မိမိတို့နိုင်ငံအနေဖြင့် အားသာချက်ရှိသော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် အရည်အသွေးပြည့်မီ၍ အထွက်နှုန်းကောင်းမွန်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်များ ရရှိနိုင်သည့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးမွေးမြူရန်လို ကြောင်း၊ စိုက်ပျိုးရေးသီးနှံများ မျိုးကောင်းမျိုးသန့်များရရှိရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ သုတေသနပြု စီမံဆောင်ရွက်လျက်ရှိကြောင်း။

 

 ဆီထွက်သီးနှံသည်လည်း နိုင်ငံ၏အဓိကပို့ကုန်များတွင် ပါဝင်ကြောင်း၊ မိမိတို့နိုင်ငံရှိ လူတစ်ဦးနှုန်းပျမ်းမျှဆီစားသုံးမှုသည် တစ်နှစ်လျှင် ၄ ဒသမ ၅ ပိဿာခန့်ရှိသဖြင့် စားသုံးမှု များပြားနေသေးကြောင်း၊ ပြည်တွင်း၌ စားသုံးဆီဖူလုံအောင် ထုတ်လုပ်နိုင်ခြင်း မရှိသဖြင့် ပြည်ပမှဆီများ တင်သွင်းနေရမှုကြောင့် နိုင်ငံခြားငွေများစွာ ကုန်ကျလျက်ရှိကြောင်း၊ ပြည်တွင်းစားသုံးဆီ ဖူလုံစွာရရှိနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်သဖြင့် ဆီထွက်သီးနှံများ စိုက်ပျိုးနိုင်သည့် ဒေသများတွင် ဆီထွက်သီးနှံများ အောင်မြင်ဖြစ်ထွန်းအောင်ဆောင်ရွက်၍ ဆီအထွက်နှုန်းတိုးအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူများကျန်းမာရေးနှင့် ကိုက်ညီစေရန် ဆီစားသုံးမှုလျှော့ချနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန နှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့မှ ပညာပေးလုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက် ရမည် ဖြစ်ကြောင်း၊ ပြည်သူများကျန်းမာရေးနှင့် ညီညွတ်သည့် ဆီများစားသုံးနိုင်ရေး အတွက်လည်း ပြည်ပမှ တင်သွင်းသည့် စားသုံးဆီများတွင် ပြန်လည်သန့်စင်ထားသည့် ဆီများမဖြစ်စေဘဲ အရည်အသွေးအာမခံနိုင်မှုရှိစေရေးအတွက် စနစ်တကျကြပ်မတ် ဆောင်ရွက် ရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် ၆၇ ဒသမ ၄၂ နှစ်သာရှိသဖြင့် အိမ်နီးချင်း နိုင်ငံများတွင် အနိမ့်ဆုံးဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ဆီများအလွန် အကျွံစားသုံးမှု၊ ဟင်းချိုမှုန့် စားသုံးမှု၊ မူးယစ်ဆေးဝါး၊ အရက်နှင့် ဆေးလိပ်သောက်သုံး မှုများကိုအသိတရားဖြင့် ထိန်းသိမ်းနိုင်ရေး ကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံရှိ ပြည်သူများ၏ သက်တမ်းသည် ကမ္ဘာပေါ်တွင် စံချိန်မီသည့် လူ့သက်တမ်းဖြစ်စေရေးအတွက် အာဟာရပြည့်ဝသည့် စားသောက်ကုန်များ အား ဈေးနှုန်းသက်သာစွာဖြင့်ရရှိအောင် ဆောင်ရွက်ပေးခြင်းနှင့် ကျန်းမာသည့်နေထိုင် စားသောက်မှုပုံစံ နေထိုင်စားသောက်နိုင်ရေးအတွက် အသိပညာ ပေးခြင်းများကို ဆောင်ရွက် ပေးရမည် ဖြစ်ကြောင်း။

 

မိမိတို့နိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ မွေးမြူရေး လုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည့် တိရိစ္ဆာန်အစာများအား ပြည်ပနိုင်ငံများမှ တင်သွင်း နေရမှုများရှိကြောင်း၊ နိုင်ငံအတွင်း တိရိစ္ဆာန်အစာများ ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေးထွက်ကုန်များ ပေါများစွာရှိသဖြင့် တိရိစ္ဆာန်အစာစပ်လုပ်ငန်းများဆောင်ရွက်၍ ပြည်တွင်း၌လုံလောက်အောင် ထုတ်လုပ်ခြင်းဖြင့် ပြည်ပမှဝယ်ယူသုံးစွဲမှုများလျှော့ချနိုင်ပြီး နိုင်ငံခြားငွေသုံးစွဲမှုများ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ စားသောက်ကုန်များအား ပြည်တွင်း၌ သက်သာသော ဈေးနှုန်းများဖြင့် ဖူလုံအောင်ထုတ်လုပ်နိုင်ခြင်းဖြင့် စားသောက်ကုန်ဈေးနှုန်း များအား ပြည်သူများဈေးသက်သက်သာသာဖြင့် စားသုံးနိုင်ရေးဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း။

 

နိုင်ငံအတွက် အဓိကကျသည့် စီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် SME နှင့် သမဝါယမလုပ်ငန်းများကို ဖေါ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်လျက် ရှိသည့် စက်မှုနိုင်ငံကြီးများ၌ပင် သမဝါယမလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် SME နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ကို အားပေးရန်လိုပြီး ထုတ်ကုန်များအား သမဝါယမစနစ်ဖြင့် တိုက်ရိုက်ရောင်းချနိုင်ခြင်းဖြင့် ကုန်ထုတ် လုပ်သူများအတွက် အကျိုးများစွာဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။

 

ပြည်သူများအသိပညာမြင့်မားရေးနှင့်ပတ်သက်၍ ပညာတတ်မြောက်ရန်လိုအပ်ပြီး “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက ဟု ပညာရေးဆောင်ပုဒ်ရှိကြောင်း၊ အသိ တရားနှင့် အမျိုးသားရေးစိတ်ဓာတ်ရှိအောင် ပြောကြားထားခြင်းပင်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံသားတိုင်း မသင်မနေရအခြေခံပညာများကို သင်ကြားရမည် ဖြစ်သည် ဟု ပြဌာန်းထားကြောင်း၊ သို့ဖြစ်၍နိုင်ငံသားတိုင်း ပညာသင်ကြားခွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် ပညာရည် မြင့်မားရေးကို  ဦးစားပေး ဆောင်ရွက်နေရမည်ဖြစ်ကြောင်း။

 

ပညာရည်မြှင့်တင်ရေးနှင့်ပတ်သက်၍ ထိထိ‌ရောက်ရောက် ဆောင်ရွက်နိုင်ရေး စီမံ ဆောင်ရွက်ရန်လိုကြောင်း၊ ဆရာ၊ ဆရာမများအား ၎င်းတို့ရရှိထားသည့် ဘွဲ့အရည်အချင်း များအလိုက် ထောက်ပံ့ကြေးများပေးအပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ယခု အခါစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ဆောင်ရွက်ချိန်တွင် အနှောင့်အယှက်ပြုလုပ်ခြင်းနှင့် ဖျက်ဆီးခြင်းများ ပြုလုပ်လာသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာတတ်မြောက်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်ရိုးညွှန်းတန်းများနှင့်ပတ်သက်၍ ယခင်အစိုးရများက ရေးဆွဲအတည်ပြုခဲ့သည့် အမျိုးသား ပညာရည်မြင့်မားရေးအနှစ် (၃၀) နှစ်ရှည်စီမံကိန်း အတိုင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ စာသင်ကျောင်းများပြန်လည် မဖွင့်လှစ်နိုင်ရေး နှောင့်ယှက်ဆောင်ရွက်နေမှုများသည် တိုင်းပြည်ဖျက်နေသည့် လုပ်ရပ်ဖြစ်ပြီး ဆိုးရွားသော လုပ်ဆောင်ချက်ဖြစ်ကြောင်း၊ အဆိုပါ အဖျက်လုပ်ငန်း ဆောင်ရွက်နေမှုများကို ထိထိရောက်ရောက် ထိန်းသိမ်းကာကွယ် သွားရန်လိုကြောင်း၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ အားနည်းချက်များနှင့် နိုင်ငံရေးဆိုင်ရာထိုးနှက် ချက်များကြောင့် အထင်အမြင်လွဲမှားမှုများဖြစ်ပေါ်ပြီး CDM တွင်ပါဝင်ခဲ့သည့် ဆရာ၊ ဆရာမများ အနေဖြင့်လည်း သက်ဆိုင်ရာကျောင်းများသို့ ဆက်သွယ်သတင်းပို့စေလိုကြောင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် ဆရာ၊ ဆရာမများ လိုအပ်ချက်ရှိပါက ဖြည့်တင်းနိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ကောင်စီအဖွဲ့ဝင်များအနေဖြင့် နိုင်ငံအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံကောင်းကျိုးအတွက် အဓိကထား ဆောင်ရွက်ကြရန် လိုကြောင်းဖြင့် ပြောကြားသည်။

 

သတင်းစဉ်