နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၂/၂၀၂၁)တွင် ပြောကြားသည့် အမှာစကား

နေပြည်တော်၊  ၇ ဇွန်

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မိမိတို့အနေဖြင့်နိုင်ငံတော်၏ တာဝန်အရပ်ရပ်အား တာဝန်ယူ ဆောင်ရွက်မှုသည် ၄ လကျော်ကာလအထိ ရောက်ရှိလာပြီဖြစ်ပြီး တိုးတက်ပြောင်းလဲမှုများရှိသကဲ့သို့ စိန်ခေါ်မှုအချို့လည်း ရှိနေသေးကြောင်း၊ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်သို့ရောက်ရှိခဲ့ပြီး ပြည်သူများအနေဖြင့် တည်ငြိမ် အေးချမ်းစွာဖြင့် သွားလာလှုပ်ရှားနေကြသည်ကို တွေ့ရှိရကြောင်း၊ ခရီးစဉ်အတွင်း သံလွင်တံတား (ချောင်းဆုံ)အား ဒေသခံများလိုလားသည့် တံတားစတင်ဆောက်လုပ် စဉ်က အမည်အတိုင်း ပြန်လည်သတ်မှတ်ဆောင်ရွက်ပေးခဲ့ချိန်တွင် ဒေသခံပြည်သူများ အနေဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်နေကြသည်ကို တွေ့ရှိရကြောင်း၊ ထို့အပြင်ဒေသ အတွင်း ဝမ်းစာဖူလုံရေးကိုသာမက သီးနှံများပိုမိုထွက်ရှိပြီး ဒေသခံတောင်သူများ ဝင်ငွေ တိုးတက်စေရန် သီးနှံအလိုက် တစ်ဧကအထွက်နှုန်းတိုးတက်ရေး သိပ္ပံနည်းကျ စနစ်တကျ စိုက်ပျိုးဆောင်ရွက်နိုင်ရန်အတွက် ပြည်နယ်များမှတာဝန်ရှိသူများက ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးရန်မှာကြားခဲ့ကြောင်း၊ နိုင်ငံသားများအနေဖြင့် ဘဝတိုးတက်ရေး အတွက် ရောင့်ရဲတင်းတိမ်မနေကြဘဲ မိမိတို့ကျင်လည်နေရသည့် အခြေအနေတွင် ဖြစ်သင့်ဖြစ်ထိုက်သည်များကို ရည်မှန်းချက်ထား၍ သမာအာဇီဝနည်းဖြင့် ခေတ်နှင့် အညီ ဆောင်ရွက်နိုင်ပါက လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။
နိုင်ငံတော်၏ဘဏ္ဍာရေးနှစ်ကို ယခင်အစိုးရက အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ကာလသတ်မှတ်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေး နိုင်ငံဖြစ်သဖြင့် မိုး၊ ဆောင်း စိုက်ပျိုးသီးနှံထွက်ရှိမှုနှင့် ရရှိမည့်အခွန်အခများ အပေါ်မူတည်၍ ယခင်ကဘဏ္ဍာရေးနှစ်အား သတ်မှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် ဘဏ္ဍာနှစ်အား ပြောင်းလဲသတ်မှတ်ခဲ့သည့်အတွက် နိုင်ငံတော်နှင့် စီးပွားရေး လုပ်ငန်းရှင်များ၊ စိုက်ပျိုးရေး တောင်သူများအနေဖြင့် အဆင်မပြေမှုများ များစွာဖြစ်ပေါ်ခဲ့ရကြောင်း၊ ထို့ကြောင့် ဘဏ္ဍာနှစ် သတ်မှတ်မှုနှင့် ပတ်သက်၍ မိမိတို့နိုင်ငံနှင့် လိုက်လျောညီထွေဖြစ်စေရန် ပြင်ဆင်သတ်မှတ်နိုင်ရေး စဉ်စားချိန်ဆ၍ ဆောင်ရွက်သွားရန်နှင့် ကောင်စီဝင်များအနေဖြင့်လည်း ဆွေးနွေးအကြံပြုကြ စေလိုကြောင်း။
COVID-19 ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ယခုကာလအတွင်း ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာသည်ကို တွေ့ရှိရကြောင်း၊ အများအားဖြင့် အိန္ဒိယနိုင်ငံနှင့်ထိစပ် လျက်ရှိသည့် ချင်းပြည်နယ် မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အနောက်ပိုင်းနှင့် ထိုင်းနိုင်ငံနှင့် ထိစပ်လျက်ရှိသည့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ကူးစက်မှုများ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့အား Stay at home သတ်မှတ်ခဲ့ကြောင်း၊ ပြည်သူများအနေဖြင့် COVID-19 စည်းကမ်းချက်များကို လိုက်နာ ရန်လိုအပ်ကြောင်း၊ ကျောင်းများတွင် COVID-19 ရောဂါကူးစက်မှုမရှိ‌စေရေး COVID-19 စည်းကမ်းချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရေး အထူးအလေးထားကြပ်မတ်ဆောင်ရွက်ရန် အရေးကြီးကြောင်း။
ပညာရေးနှင့်ပတ်သက်၍ အချို့ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်မှု မရှိသေးကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အများဆုံးဖြစ်ကြောင်း၊ ကျောင်းသားများ ပညာသင်ကြားရေးသည် တိုင်းပြည်နှင့် ကျောင်းသားတစ်ဦးချင်းစီ၏ အကျိုးအတွက် ရည်ရွယ်ပြီးပြန်လည်ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်း၊ ပုဂ္ဂလိက ကျောင်းများ ပြန်လည်ဖွင့်လှစ် သင်ကြားနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း။
ယခုအခါဆူပူဆန္ဒပြမှုများနှင့် ပတ်သက်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် အနည်းငယ်ရှိနေသည်ကိုတွေ့ရကြောင်း၊ အကြမ်းဖက်မှုများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ စာသင်ကျောင်းများ၊ အုပ်ချုပ်မှုဆိုင်ရာ ရုံးအဆောက်အဦများနှင့် ပုဂ္ဂိုလ် ရေးအရ ရန်ငြိုးရှိသူများအား အကြမ်းဖက်ဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း။
ယခုအခါ မိုးရာသီသို့ရောက်ရှိလာပြီး ယခင်နှစ်များက မိုးနည်းခဲ့သည့် ဒေသများ တွင် မိုးကောင်းစွာရွာသွန်းသဖြင့် စိုက်ပျိုးရေးတောင်သူများ အဆင်ပြေလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ အလားတူ မိုးတွင်းကာလဖြစ်သဖြင့် ရေကြီးရေလျှံခြင်းနှင့် လေပြင်း တိုက်မှုများကြောင့်ဖြစ်ပေါ်တတ်သည့် သဘာဝဘေးအန္တရာယ်များအား ကြိုတင် ကာကွယ်နိုင်ရေးအတွက် ချောင်း၊မြောင်းများ ပိတ်ဆို့မှုမရှိစေရေး၊ အန္တရာယ်ရှိသည့် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းရေးစသည်တို့ကို ဆောင်ရွက်ရန်အတွက် တာဝန်ရှိ သူများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သတိပေးနှိုးဆော်နေရန် လိုကြောင်း၊ ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခြင်းဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်မှုကို တတ်နိုင်သမျှ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါကကူညီ ကယ်ဆယ်ရေးလုပ်ငန်းများအား အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ဖွဲ့စည်းထားသည့် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီများက ချက်ချင်း အရေးယူ ဆောင်ရွက်ရန်လိုကြောင်း မှာကြားသည်။

သတင်းစဉ်