နေပြည်တော် ဇွန် - ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် Republic of Tatarstan သမ္မတ Mr. Rustam Nurgaliyevich Minnikhanov ၏ ဖိတ်ကြားချက်အရ Republic of Tatarstan ၏ ရိုးရာနွေရာသီပွဲတော် (Sabantuy) အခမ်းအနားသို့ အထူးဧည့်သည်တော်အဖြစ် တက်ရောက်သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြပြီး Republic of Tatarstan မှ သမ္မတအပါအဝင် ဒုတိယဝန်ကြီးချုပ် Mr. Nigmatullin Rustan Kamilievich၊ Kazan မြို့တော်ဝန်နှင့် တာဝန်ရှိသူများ၊ ပြည်တွင်း၊ ပြည်ပမှ ခရီးသွားပြည်သူများ၊ ဒေသခံများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရိုးရာနွေရာသီပွဲတော်ပြုလုပ်မည့် အခမ်းအနား ပြုလုပ်မည့် Kazan မြို့တော်၊ Maidan ရင်ပြင်သို့ ရောက်ရှိကြရာ Republic of the Tatarstan ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဥက္ကဋ္ဌနှင့် မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌတို့က ရိုးရာထုံးတမ်းဓလေ့နှင့်အညီ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ရိုးရာနွေရာသီပွဲတော်တွင် ရိုးရာဒေသအလိုက် ဒေသထုတ်ကုန် ပစ္စည်းများ ခင်းကျင်းပြသထားရှိမှု၊ ရိုးရာအားကစား ပြိုင်ပွဲများ ပြုလုပ်နေမှု၊ ရိုးရာဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများ ဆင်နွှဲနေမှုများကို လှည့်လည်ကြည့်ရှု လေ့လာကြရာ ပြခန်းများအလိုက် တာဝန်ရှိသူများနှင့် ဒေသခံများက ရိုးရာအကအလှ တီးမှုတ်မှုများဖြင့် ဝမ်းပန်းတသာ ကြိုဆိုနှုတ်ဆက်၍ ၎င်းတို့၏ ဓလေ့ထုံးတမ်းများကို ရှင်းလင်းပြသကြသည်။ ရှင်းလင်းမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်းလေ့လာခဲ့သည်။

ထို့နောက် ရိုးရာနွေရာသီပွဲတော်ကို Maidan ရင်ပြင်၌ ကျင်းပပြုလုပ်ရာ Republic of Tatarstan သမ္မတက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် ရိုးရာနွေရာသီ ပွဲတော်စတင်သည့် အထိမ်းအမှတ်အဖြစ် ယဉ်ကျေးမှု အကအလှများ၊ တေးသီချင်းများ၊ ရိုးရာဓလေ့များကို သရုပ်ဖော်သည့် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ တက်ရောက်လာကြသူများက အားပေးခဲ့ကြပြီး ပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွဲခဲ့ကြသည်။

အဆိုပါ ရိုးရာနွေရာသီပွဲတော် (Sabantuy) သည် Tatarstan ရှိ တောင်သူလယ်သမားများ မျိုးစေ့ကျဲ အောင်မြင်ခြင်းနှင့် မရိတ်သိမ်းမီကာလအတွင်း အပင်များ ရှင်သန်ကြီးထွားနေချိန်တွင် လယ်သမားများ အားလပ်ချိန်၌ ခေတ်အဆက်ဆက် ကျင်းပပြုလုပ်သည့် ပွဲတော်တစ်ခုဖြစ်ပြီး ဇွန်လ ပထမအပတ်တွင် ကျေးလက်ဒေသများ၌လည်းကောင်း ဒုတိယအပတ်တွင် မြို့ငယ်များ၌ လည်းကောင်း တတိယအပတ်တွင် မြို့ကြီးများ၌ လည်းကောင်း၊ စတုတ္ထအပတ်တွင် မြို့တော် Kazan ၌ လည်းကောင်း ကျင်းပပြုလုပ်လေ့ရှိကြောင်း၊ အဆိုပါပွဲတော်တွင် မျိုးနွယ်စုအားလုံးပါဝင်သော ပျော်ပွဲ ရွှင်ပွဲ၊ အားကစားပွဲ၊ ဈေးရောင်းပွဲတော်နှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ပါဝင်ပြသကြသည့် ပွဲတော်တစ်ခုဖြစ်ပြီး မျိုးနွယ်စုအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ပိုမိုရရှိစေကြောင်း၊ မိမိတို့ဒေသအတွင်းရှိ ထွက်ကုန်များ၊ ယဉ်ကျေးမှုရိုးရာပစ္စည်းများ၊ စားသောက်ကုန်များနှင့် ရိုးရာအကအလှများကို အဝန်းအဝိုင်းတစ်ခု သတ်မှတ်၍ စုပေါင်းကျင်းပသည့် ချစ်စရာပွဲတော်ဖြစ်ပြီး ၎င်းတို့ထဲမှ စီစဉ်တင်ဆက်မှု အကောင်းဆုံးအဖွဲ့ကိုလည်း ထိုက်တန်စွာ ဆုချီးမြှင့်ကြကြောင်း၊ အဓိကအားဖြင့် Tatarstan ရိုးရာ နပန်းပွဲကို ကျင်းပပေးပြီး ပထမဆုရရှိသူကို မော်တော်ကားဆုဖြင့် ထိုက်တန်စွာ ချီးမြှင့် ပေးလေ့ရှိကြောင်းနှင့် မြို့တစ်မြို့တွင် တစ်ရက်တည်းသာ ကျင်းပပြုလုပ်သည့် ပွဲတော်တစ်ခုဖြစ်သဖြင့် မျိုးနွယ်စုမျိုးစုံနှင့် ဒေသခံများ၊ ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည့်များဖြင့် စည်ကားစွာ လာရောက်ကြသည့် ပွဲတော်တစ်ခုဖြစ်ကြောင်း သိရှိရသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား Republic of Tatarstan သမ္မတက ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံပြီး ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က Republic of Tatarstan ၏ ရိုးရာနွေရာသီပွဲတော်သို့ အထူးဧည့်သည်တော် အဖြစ်တက်ရောက်ရန် ဖိတ်ကြားပြီး Tatarstan ၏ ချစ်စရာရိုးရာ ဓလေ့ထုံးတမ်းများကို လေ့လာခွင့်ရသည့်အတွက် ကျေးဇူးတင်စကားနှင့် Republic of Tatarstan ရှိ မျိုးနွယ်စုအားလုံး ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းမေတ္တာစကား ပြောကြားသည်။ ယင်းနောက် ဂုဏ်ပြုနေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်