နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး(၂/၂၀၂၁)တွင် ပြောကြားသည့် အမှာစကား

နေပြည်တော်၊  ၂၅ ဖေဖော်ဝါရီ

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံတော်ကိုတာဝန်ယူခဲ့သည်မှာ တစ်လနီးပါးရှိပြီဖြစ်ကြောင်း၊ ထိုသို့ တာဝန်ယူ ဆောင်ရွက်ခဲ့ရာတွင် လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ တစ်ဖက်ကလည်း တရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့သည့် အတွက် ယနေ့ဆိုလျှင် တရားဥပဒေစိုးမိုးရေးအတွက် ထိန်းနိုင်သည့်အနေအထားတွင် ရှိပြီဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေသော်လည်း လုပ်စရာရှိသည့်အပိုင်းများကို လုပ်ဆောင်နေရမည်ဖြစ်ကြောင်း၊ COVID-19 ကာကွယ်ရေးကိစ္စမှာ ရပ်ထား၍မရကြောင်း၊ တစ်ကမ္ဘာလုံးတွင် COVID-19 ဖြစ်ပွား ခဲ့သည့်အတွက် လူဦးရေ ၁၁၃ သန်းကျော် ကူးစက်ခံခဲ့ရပြီး ၂ ဒသမ  ၅ သန်းကျော် သေဆုံးခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ၁ ဒသမ ၄ သိန်းကျော် ကူးစက်ခံခဲ့ရပြီး လူဦးရေ ၃၂၀၀ နီးပါး သေဆုံးခဲ့ကြောင်း၊ လတ်တလောအခြေအနေတွင် ရောဂါတွေ့ရှိမှုများ ကျဆင်းသွားပါကြောင်း၊ ယင်းမှာ စစ်ဆေးမှုနှုန်း နည်းသည့်အတွက် တွေ့ရှိမှုနှုန်း နည်းပါးသွားခြင်း ဖြစ်နိုင်ကြောင်း၊ ပြီးခဲ့သည့် ရက်သတ္တပတ်များက လူစုလူဝေးဖြစ်ပွားမှုကြောင့် COVID-19 ရောဂါ မကူးစက်နိုင်ဟု အာမမခံနိုင်ပါကြောင်း၊ ယင်းကိစ္စနှင့် စပ်လျဉ်း၍ လုပ်ဆောင်သင့်သည်များကို လုပ်ဆောင် သွားရန်လိုကြောင်း၊ တစ်ဖက်တွင်လည်း CDM ဝန်ထမ်းများကြောင့် ဆေးရုံ၊ ဆေးခန်းများပိတ်ထား ရပါကြောင်း၊ ပြည်သူ့ကျန်းမာရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုမပေးသည်မှာ မလုပ်သင့် မလုပ်အပ်သည့် အလုပ်ဖြစ်ပါကြောင်း၊ ဆေးရုံများ မဖွင့်နိုင်ရန် နှောင့်ယှက်သူများကို အဓိက သက်ဆိုင်သည့်ဝန်ကြီးဌာနက အရေးယူဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။
စနစ်တကျ ခွင့်ပြုပေးထား
COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း၊ COVID-19 ကာကွယ် ဆေးထိုးနှံမှုနှင့်ပတ်သက်သည့် လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေကြောင်း၊ တစ်ဖက်တွင်လည်း ကာကွယ်ဆေးရရှိရေးအတွက် ကြိုးစားဆောင်ရွက်နေပြီး စာချုပ်အရရောက်ရှိရမည့် ကာကွယ်ဆေးများလည်း ထပ်မံရောက်ရှိမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိက ဆေးဝါးကုမ္ပဏီများကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် တင်သွင်းနိုင်ရန် စနစ်တကျ ခွင့်ပြုပေးထားကြောင်း၊ ကျန်းမာမှ အလုပ်လုပ်နိုင် မည်ဖြစ်သကဲ့သို့ ပညာလည်းသင်ကြားနိုင်မည်ဖြစ်ကြောင်း၊ coVID-19 ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍လည်း တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီများက ပြည်သူများစနစ်တကျလိုက်နာရေးအတွက် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးကိုလည်း ကြိုးစားနေပါကြောင်း။ 
တွန်းအားပေးဆောင်ရွက်ရန်လို
စီးပွားရေးနှင့်ပတ်သက်၍ ကုန်ထုတ်လုပ်မှု လုပ်ငန်းများတိုးတက်ရန် COVID-19 နှင့် ပတ်သက်၍ ထိခိုက်မှုအနည်းဆုံးဖြစ်သည့် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ ယင်းကိစ္စကို သက်ဆိုင်ရာ စီမံအုပ်ချုပ်ရေးကောင်စီ အဆင့်ဆင့်က ကြီးကြပ်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ စားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေး ထုတ်ကုန်လုပ်ငန်းများကို အားပေးရမည် ဖြစ်ကြောင်း၊ တိုင်းပြည်စားနပ်ရိက္ခာဖူလုံရေးမှာ အရေးကြီးကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို လည်း တွန်းအား ပေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအတွက် ရေမြေနှင့် အခြေခံကောင်းများ ရှိပါကြောင်း၊ ယင်းကို အကျိုးရှိရှိအသုံးချရန် လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းကို နည်းစနစ်ကျသည့် မွေးမြူရေးစနစ်ဖြင့် ဆောင်ရွက်သွားရန် လိုကြောင်း၊ တိုင်းပြည်အတွက် စားနပ်ရိက္ခာပေါများ ရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ငါးမွေးမြူရေးမှာ လွယ်ကူသည့် နည်းလမ်းဖြစ်ကြောင်း၊ မြစ်ချောင်း အင်းအိုင်များတွင် ငါးမျိုးများ အမြောက်အမြား စိုက်ထည့်ပေးရန် လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်လျှင် စားနပ်ရိက္ခာ ဖူလုံသည့်အပြင် စီးပွားဖြစ်သည့်အဆင့်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း၊ နှစ်အလိုက် မိုး ရွာသွန်းမှုမှာလည်း လျော့နည်းလာသည့်အတွက် ရေကို အကျိုးရှိရှိအသုံးပြုရန်လိုကြောင်း၊ ရေကို သိုလှောင်နိုင်ရန်အတွက် ချောင်းပိတ်၊ မြောင်းပိတ် စနစ်များဖြင့် ဆောင်ရွက်ပါက စိုက်ပျိုးရေနှင့် သောက်သုံးရေရရှိမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်မှုသည် ရာသီဥတုကို ထိန်းသိမ်းရာလည်း ရောက်ပါကြောင်း၊ စိုက်ပျိုးရေရရှိရေးအတွက် မြစ်ကြီးများအပြင် ချောင်း၊ မြောင်းများတွင် စီးဆင်းနေသည့်ရေများကိုလည်း ထိန်းသိမ်းရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေးအတွက် မြစ်ရေတင်စီမံကိန်း များကို ပြန်လည်ဆောင်ရွက်ရန်လိုကြောင်း၊ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ဆိုလာလျှပ်စစ်စီမံကိန်းများကို မြစ်ရေတင် စီမံကိန်းများအတွက် ဆောင်ရွက်နိုင်မည်ဆိုပါက မြစ်ကြောင်းတစ်လျှောက်မှ ကျေးရွာများလည်း စိုက်ပျိုးရေရရှိမည့်အပြင် လျှပ်စစ်မီးသုံးစွဲနိုင်မည် ဖြစ်ပါကြောင်း၊ ဧရာဝတီမြစ်ကြီးကိုလည်း ဝိုင်းဝန်း ထိန်းသိမ်းရန် လိုအပ်ကြောင်း။

အခမဲ့ကျန်းမာရေးစောင့်ရှောက်
အားကစားကဏ္ဍတွင်လည်း တစ်နှစ်နီးပါး ရပ်ဆိုင်းနေသည့် အားကစားပွဲများကို ပြန်လည် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အားကစားနည်းများတွင် မြန်မာ့သိုင်းအားကစားနည်းမှာ လူတိုင်း ကစားနိုင်ပြီး ကိုယ်ခံပညာအားကစားနည်းဖြစ်သည့်အတွက် နိုင်ငံတော်၏ အားကစားအဖြစ် ဆောင်ရွက်သွားရန်လိုကြောင်း၊ ကျန်းမာရေးကဏ္ဍတွင် စရိတ်မျှပေး ကျန်းမာရေးဆိုသော်လည်း တချို့ အပိုင်းများတွင် ဆေးကုသစရိတ် မတတ်နိုင်သည့်အတွက် နစ်နာဆုံးရှုံးမှုများရှိသည်ကို စိတ်မကောင်းဖွယ်ရာ သိရှိရကြောင်း၊ ယင်းကိစ္စအတွက် မိမိတို့လစာထဲမှ သင့်တင့်သည့် သတ်မှတ်နှုန်းထားကို ကျန်းမာရေး စောင့်ရှောက်မှုရန်ပုံငွေသို့ထည့်ဝင်ပြီး ပြည်သူ့ဆေးရုံများတွင် နိုင်ငံ့ဝန်ထမ်းများမှ စတင်ပြီး အခမဲ့ကျန်းမာ ရေးစောင့်ရှောက်မှုကို လုပ်ဆောင်ပေးရေး စဉ်းစားရန် လိုအပ်ပါကြောင်း။
စွမ်းအင်ကဏ္ဍတွင်လည်း ပြည်ပမှလောင်စာဆီ တင်သွင်းရေးအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ဘီလီယံသုံးစွဲနေရပါကြောင်း၊ လောင်စာဆီ၏ ၅ ရာခိုင်နှုန်းမှာ လျှပ်စစ်မီးရရှိရေးအတွက် အသုံး ပြုလျက်ရှိပါကြောင်း၊ ကျန် ၉၅ ရာခိုင်နှုန်းမှာ သယ်ယူပို့ဆောင်ရေးနှင့် စက်ရုံ၊ အလုပ်ရုံများတွင် အသုံးပြုလျက်ရှိကြောင်း၊ ထို့ကြောင့် သယ်ယူ ပို့ဆောင်ရေးကဏ္ဍမှ လောင်စာဆီသုံးစွဲမှုကို လျှော့ချ နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများက မြို့တွင်းနှင့် ခရီးတိုသွားသည့် လျှပ်စစ်ကားထုတ်လုပ်နိုင်ရန် ပထမအဆင့် ကြိုးစားရမည်ဖြစ်ကြောင်း၊ ပို့ဆောင်ရေးကဏ္ဍမှာ တိုင်းပြည်အတွက် အရေးကြီး ပါကြောင်း၊ ထို့ကြောင့် ရထားလမ်း၊ ကားလမ်းများ အမြန်ဖွင့်လှစ်နိုင်ရေးနှင့် ကောင်းမွန်ရေးကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ JICA နှင့် ပူးပေါင်းဆောင်ရွက်နေသည့် ရန်ကုန်-မန္တလေး ရထားလမ်းစီမံကိန်းကို အမြန်ပြီးစီးရေး ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း။
စားအုန်းဆီတင်သွင်းမှုမှာလည်း နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ရှိပါကြောင်း၊ ယင်းကို လျှော့ချနိုင်ရေးအတွက် မိမိတို့တိုင်းပြည်၌ စားသုံးဆီဖူလုံရေးအတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ စီမံအုပ်ချုပ်ရေး ကောင်စီအဆင့်ဆင့်က ပြည်သူများနားလည်အောင် ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးကို အားပေးရမည် ဖြစ်ကြောင်း၊ လောင်စာဆီနှင့် စားသုံးဆီဝယ်ယူမှုကို လျှော့ချနိုင်မည်ဆိုပါက လိုငွေပြမှုကို လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ ယခုကော်မတီတွင် ပါဝင်ကြသည့် တာဝန်ရှိပုဂ္ဂိုလ်များက တိုင်းပြည်စီးပွားရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုကြိုးစားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

သတင်းစဉ်