နေပြည်တော် ဒီဇင်ဘာ ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ပြင်ဦးလွင်တပ်နယ်ရှိ နယ်မြေခံ စက်မှုအင်ဂျင်နီယာ သင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား စက်မှုအင်ဂျင်နီယာ သင်တန်းကျောင်း အစည်းအဝေးခန်းမတွင် လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် နေမျိုးဦးက သင်တန်းကျောင်း သမိုင်းအကျဉ်း၊ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်မှု၊ သင်ထောက်ကူပစ္စည်းများအား အဆင့်မြှင့်တင်ဆောင်ရွက်ထားရှိမှုနှင့် သင်တန်းကျောင်း အား အဆင့်မြှင့်တင်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်အတွင်း ဖွင့်လှစ်သင်ကြားလျက်ရှိသည့် စက်မှုအင်ဂျင်နီယာ သင်တန်းကျောင်းများအနေဖြင့် အခြေခံ သင်ရိုးညွှန်းတမ်းများအား တူညီမှုရှိစွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုသင်တန်းကျောင်းသည် အခြေခံအကျဆုံးသော စက်မှုဆိုင်ရာဘာသာရပ်များကို သင်ကြားပေးရသည့် သင်တန်းကျောင်းတစ်ခု ဖြစ်ကြောင်း၊ သင်တန်းဆင်းသူများအနေဖြင့် တပ်မတော်အတွင်း စက်မှုဆိုင်ရာ လိုအပ်ချက်များကို သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ကျွမ်းကျင်ပိုင်နိုင်စွာ ထမ်းဆောင်နိုင်ရေး သင်ကြားပို့ချပေးနိုင်ရမည် ဖြစ်ကြောင်း၊ သင်တန်းသားများ၏ စားသောက်နေထိုင်ရေးတို့အား ဆောင်ရွက်ပေးရာတွင် သတ်မှတ် နှုန်းထားများအတိုင်း ပြည့်မီစွာ ဆောင်ရွက်ရန်လိုပြီး သင်တန်းသားများအနေဖြင့် သင်ခန်းစာကို ရာနှုန်းပြည့် သင်ယူလေ့လာနိုင်ရမည်ဖြစ်ကြောင်း၊ သင်ခန်းစာများအတွက်လိုအပ်သည့် သင်ထောက်ကူပစ္စည်းများကိုလည်း ပြည့်စုံစွာဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်းကျောင်းအတွင်း လှည့်လည်၍ သင်တန်းဆောင်များအတွင်း သင်တန်းသား၊ သင်တန်းသူများ၏ ဘာသာရပ်အလိုက် သင်ယူနေမှုအခြေအနေ၊ သင်တန်း အထောက်အကူပြု သရုပ်ပြစက်ပစ္စည်းကိရိယာများကို အသုံးပြု၍ သင်တန်း သားများ ကိုယ်တိုင်လက်တွေ့ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှု၍ သင်တန်းသားများအနေဖြင့် ၎င်းတို့သင်ယူထားသည့် သင်ခန်းစာများအား လက်တွေ့နယ်ပယ်တွင် အမှန်တကယ် အသုံးချနိုင်ရေး လူမှန်နေရာမှန် တာဝန်ပေးအပ်ရန် လိုအပ်သည့် အခြေအနေ၊ အရေးပေါ် အခြေအနေများတွင် ကိရိယာတန်ဆာပလာအနည်းဆုံးဖြင့် စက်မှုဆိုင်ရာ အခက်အခဲများကို ထိုးထွင်းကြံဆ ဖြေရှင်းဆောင်ရွက်တတ်စေရေးတို့အတွက်လည်း ထည့်သွင်းသင်ကြားပေးရန် လိုအပ်သည့် အခြေအနေများ နှင့်ပတ်သက်၍ တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး လေ့ကျင့်ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ကြောင်း နှင့် သင်တန်းကျောင်း အဆင့်မြှင့်တင်ရေးအတွက် အဆောက်အဦများ ထပ်မံတိုးချဲ့ ဆောက်လုပ်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်