နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ (၁/၂၀၂၁) အစည်းအဝေးတွင် ပြောကြားသည့် အမှာစကား

နေပြည်တော်၊  ၂၆ ဖေဖော်ဝါရီ

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အနေဖြင့် ကော်မတီ ၅ ခု ဖွဲ့စည်းထားကြောင်း၊ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကော်မတီမှာ လုံခြုံရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ဆိုသော်လည်း စီမံခန့်ခွဲမှု အပိုင်းများပိုများသည်ကို တွေ့ရှိရကြောင်း၊ ဥပဒေများပြဌာန်းရာတွင် ခေတ်ကာလနှင့် လျော်ညီသည့် အသုံးအနှုန်းများ၊ နိုင်ငံတော်၏ ပကတိအခြေအနေနှင့် ကိုက်ညီသည့်အခြေအနေများ၊ နိုင်ငံတကာ ဆက်ဆံရေး မူဝါဒအပေါ် ရပ်တည်မူရှိ/ မရှိသေချာစိစစ်ပြီး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဥပဒေသည် ရှင်းလင်းလွယ်ကူပြီး ပြည်သူများနားလည်ရန်လိုအပ်ပါကြောင်း၊ ဥပဒေ၊ နည်းဥပဒေနှင့် အမိန့်ကြေညာချက်များ ထုတ်ပြန်ရာတွင် ပြည်ထောင်စုဝန်ကြီးဌာန အချင်းချင်းတိုင်ပင် ဆွေးနွေးပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ တင်ပြဆွေးနွေးရန်လိုကြောင်း။

မြို့ရွာများ တိုးချဲ့ပြင်ဆင်ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ၏ သဘောထားအမှန်ကို အနီးစပ်ဆုံး သိရှိရန် ဆောင်ရွက်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်း၊ ပြင်ဆင်ခြင်း၊ သက်တမ်းတိုးခြင်း၊ ဖျက်သိမ်းခြင်းကိစ္စရပ်များကို ဝန်ကြီးဌာနများအနေဖြင့် သေချာစိစစ် ဆောင်ရွက်ရန် လိုကြောင်း၊ တရားမဝင်အသင်းအဖွဲ့များ လည်း ရှိနေကြောင်း၊ အသင်းအဖွဲ့များနှင့် စပ်လျဉ်း၍ ဥပဒေနှင့်ညီညွတ်ရန်လိုကြောင်း၊ အသင်းအဖွဲ့တစ်ခု ရပ်တည်ရန်မှာ ရန်ပုံငွေ လိုအပ်ပြီး ယင်းရန်ပုံငွေမည်သို့ စီးဝင်နေသည်ကို ကြည့်ရမည်ဖြစ်ကြောင်း၊ အဆိုပါ ကိစ္စရပ်ကို ဝန်ကြီးဌာနများက စနစ်တကျ စိစစ်ဆောင်ရွက်ရန် လိုကြောင်း။

သစ်တောကဏ္ဍမှာ ၁၉၉၅ ခုနှစ် သစ်တောမူဝါဒရှိကြောင်း၊ သစ်တောနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနအပြင် တိုင်းဒေသကြီး ပြည်နယ်ကောင်စီများက သစ်တောမူဝါဒနှင့်အညီ မှန်မှန်ကန်ကန် ထိန်းသိမ်းရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း သစ်တောပြုန်းတီးမှုကြောင့် ရာသီဥတု ပြောင်းလဲမှုများ ဖြစ်ပေါ်နေကြောင်း၊ သစ်တောပြုန်းတီးမှုအချို့မှာ စိုက်ပျိုးရေးလုပ်ငန်းများ ရွှေ့ပြောင်းလုပ်ကိုင်နိုင်ရန် နေရာအတွက် ခုတ်ထွင်ခြင်း၊ တောင်ယာစိုက်ပျိုးနိုင်ရန်အတွက် ခုတ်ထွင်ခြင်း၊ ထင်းခုတ်ခြင်း၊ မီးသွေးဖုတ်ခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ သို့ဖြစ်၍ နောင်ကာလတွင် ကျေးရွာများ၌ သစ်သုံးစွဲမှု၊ ထင်းသုံးစွဲမှုတို့ကို တွက်ချက်ပြီး ကျေးရွာပိုင်စိုက်ခင်းများကို မဖြစ်မနေ စိုက်ပျိုးနိုင်ရန်အတွက် စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ သစ်ထုတ်လုပ်မှုနှင့် ပတ်သက်၍လည်း နိုင်ငံအတွက် လိုအပ်ချက်ကိုသာ ထုတ်လုပ်ရမည်ဖြစ်ပြီး တဖက်က လည်း သစ်တောထိန်းသိမ်းရေး မူဝါဒချမှတ်ပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သစ်တော ထိန်းသိမ်းမှုနှင့်ပတ်သက်ပြီး မိမိတို့စနစ်တကျ ထိန်းသိမ်း နိုင်မှာသာလျှင် ကောင်းမွန်သည့် အကျိုးဆက်ကို နောင်မျိုးဆက်များ ခံစားရမည်ဖြစ်သည့်အတွက် သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို မဖြစ်မနေ ဆောင်ရွက်ရမည် ဖြစ်ကြောင်း။

လက်ရှိကာလတွင်လည်း သစ်တောကြိုးဝိုင်းအတွင်းသို့ ဝင်ရောက်ကျူးကျော်မှုများကို ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း၊ ပုဂ္ဂလိက သစ်တောစိုက်ခင်းများနှင့် ပတ်သက်၍ စိုက်ပျိုးရန်ခွင့်ပြုချက်ရယူထားသူများသည် အမှန်တကယ် စိုက်ပျိုးရန် လိုအပ်ကြောင်း၊ တချို့မှာ စိုက်ပျိုးရန်ခွင့်ပြုချက်ရယူထားသော်လည်း အမှန်တကယ် စိုက်ပျိုးခြင်းမရှိ ကြောင်း၊ သစ်တောစိုက်ပျိုးရန် မြေပြုပြင်ခြင်း ဆောင်ရွက်သည်ဟု အကြောင်းပြချက်ဖြင့် မူရင်းနေရာတွင်ရှိနေသည့် သစ်ပင်များကို ခုတ်ထွင်ရှင်းလင်းထုတ်ယူပြီး ထပ်မံစိုက်ပျိုးမှု မရှိသည်ကို သိရကြောင်း၊ ထို့ကြောင့် မြေယာပြဿနာများ ဖြစ်လာကြောင်း၊ နိုင်ငံပိုင် သစ်တောစိုက်ခင်း၊ စုပေါင်းသစ်တောစိုက်ခင်း၊ ပုဂ္ဂလိကသစ်တော စိုက်ခင်းများကို စနစ်တကျ ထိန်းသိမ်း ရန်လိုကြောင်း။

မြေယာကိစ္စပြဿနာအချို့မှာ တစ်ချိန်က ရှင်းလင်းဆောင်ရွက်ပြီးသော်လည်း ခေတ်ကာလမြေတန်ဖိုး ပြောင်းလဲလာမှုကြောင့် ဖြစ်ပါကြောင်း၊ မြေယာလျော်ကြေးငွေမှာ ငွေကျပ်ဘီလီယံချီရှိကြောင်း၊ သို့ဖြစ်၍ မြေယာကိစ္စကို မူဝါဒနှင့်အညီ စနစ်တကျဆောင် ရွက်ရန်လိုကြောင်း၊ တပ်မတော်အနေဖြင့်လည်း မူဝါဒ ၄ ရပ်နှင့်အညီ ဧကတစ်သိန်းကျော် စွန့်လွှတ်ပြီးဖြစ်ကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့်လည်း အသုံးမပြုသည့် မြေယာများကို စနစ်တကျပြန်လည် စွန့်လွှတ်၍ နိုင်ငံတော်ကို အပ်နှံရမည်ဖြစ်ကြောင်း၊ ယခုကော်မတီ အနေဖြင့် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို အချက်အလက်ခိုင်ခိုင် မာမာတင်ပြပြီး လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ဝိုင်းဝန်းဆောင်ရွက်သွားကြ ရန်လိုကြောင်း ပြောကြားသည်။

သတင်းစဉ်