နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မှ စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီး ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မှ စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီး ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဇွန် - ၁၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) မှ စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီး ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးသည်။

အဆိုပါ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ တက်ရောက်ကြပြီး ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မှ စစ်ဦးစီးချုပ် အဆင့်ရှိ စောစတီးနှင့်အတူ စစ်ရေးချုပ်အဆင့်ရှိသူ စောစိန်ဝင်းနှင့် ဆက်ဆံရေးဌာနမှူး စောကျော်သန်းဌေးတို့ တက်ရောက်ကြသည်။

 

mdn

 

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုအကျိုးကို ရှေ့ရှု၍ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး တွေ့ဆုံဆွေးနွေးရာတွင်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တောင်းဆိုချက်များ၊ ဒေသတစ်ခုခြင်းနှင့် တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်ပြီး ဖြစ်သင့်ဖြစ်ထိုက်သည်များကို ပွင့်လင်းစွာဖြင့် အကြေအလည် ဆွေးနွေးသွားမည်ဖြစ်သဖြင့် အမြင်ကျယ်ကျယ်ဖြင့် ဆွေးနွေးကြစေလိုကြောင်း၊ ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှင်းလင်းဆွေးနွေး ပြောကြားသည်။ 

ထို့နောက် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)မှ စစ်ဦးစီးချုပ် အဆင့်ရှိ စောစတီးနှင့်အဖွဲ့ဝင်များက ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) အနေဖြင့် တပ်မတော်နှင့် အမြဲတမ်း လက်တွဲဆောင်ရွက်သွားမည်ဖြစ်သည့် အခြေအနေများနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးနှင့် ပတ်သက်၍ သဘောထား တူညီချက်အမြင်များကို ပြန်လည်ဆွေးနွေးပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို တင်ပြသည်။ ယင်းနောက် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍  နှစ်ဖက်အမြင်များကို ရင်းနှီး ပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးကြသည်။ 

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) မှ စစ်ဦးစီးချုပ် အဆင့်ရှိ စောစတီးနှင့် အဖွဲ့ဝင်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ရာ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) မှ စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီးက ဒေသထွက် လက်ဆောင်ပစ္စည်းများကို ပြန်လည်ပေးအပ်ခဲ့ပြီး  စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

အဆိုပါ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) မှ စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီး ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းပေးထားသည့် ကောင်စီဝင်များပါဝင်သည့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်