နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးတွင် ပြောကြားသည့်အမှာစကား

နေပြည်တော်၊ ၁ မတ် 

အစည်းအဝေး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ယူခဲ့သည်မှာ တစ်လရှိပြီဖြစ်ကြောင်း၊ စတင်တာဝန် ယူသည့် ပထမရက်သတ္တပတ်အတွင်း တည်ငြိမ်အေးချမ်းခဲ့သော်လည်း ဒုတိယအပတ်မှစတင်၍ ဆူပူမှု၊ ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုသို့ဆန္ဒပြမှုများမှာ ကိုဗစ်ကာလအကြပ်အတည်း ထိန်းချုပ်မှု၊ တစ်ခြားတစ်ဖက်ကလည်း ရွေးကောက်ပွဲ မဲမသမာမှုအပေါ် ယခုလိုဆောင်ရွက်ခြင်း ကြောင့် မခံမရပ်နိုင်သူများကြောင့် ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း၊ ဆူပူဆန္ဒပြမှုဖြစ်စဉ်များအားလုံးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များဖြင့် အင်အားအနည်းဆုံးနှင့် အသက်သာဆုံးဖြစ်အောင် ထိန်းသိမ်း ဆောင်ရွက်နေကြောင်း၊ ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အခြားနိုင်ငံများ၏ ကိုင်တွယ်ဖြေရှင်းမှုထက် သက်ညှာစွာ ဆောင်ရွက်လျက်ရှိကြောင်း။

တာဝန်ပေးအပ်လို ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည် ခန့်အပ်ခြင်းနှင့် ပတ်သက်၍ ၎င်းတို့၏ သက်တမ်းမှာလည်း ဥပဒေအရလဲလှယ်ရမည့်အချိန်ဖြစ်ကြောင်း၊ ယခုအချိန်တွင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ တာဝန်ပေးအပ်ရာတွင် လက်မခံသည့်လုပ်ရပ်မျိုးများ လုပ်ဆောင်နေကြသည်ကိုတွေ့ရကြောင်း၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ တာဝန်ပေးအပ်ရာတွင် အများကြည်ညို လေးစားခံရပြီး အတတ်နိုင်ဆုံး ပါတီနိုင်ငံရေး ကင်းရှင်းသူများကိုသာ တာဝန်ပေးအပ်လိုကြောင်း၊ ပါတီနိုင်ငံရေး အရောင်အသွေး မကင်းသည့်အတွက် ယခုလိုလက်မခံသည့် ဖြစ်စဉ်မျိုးများ ဖြစ်ပွားလာခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် ကြိုက်နှစ်သက်သည်၊ မကြိုက်နှစ်သက်သည် ရှိနိုင်ကြောင်း၊ ဒီမိုကရေစီ ရင့်ကျက်သည့် နိုင်ငံများတွင် စည်းကမ်းဥပဒေနှင့်အညီ တာဝန်ပေးအပ်မှုကို လက်ခံကြကြောင်း၊ ရပ်ကွက်ကျေးရွာများနှင့် အနီးစပ်ဆုံးဖြစ်သည့် မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူများသည် နိုင်ငံရေးအရောင်အသွေး ကင်းရှင်းရန်လိုအပ်ကြောင်း၊ ယင်းအတွက် စိစစ်ဆောင်ရွက်မှုများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် လုပ်ငန်းစဉ်(၅)ရပ် ချမှတ်ထားကြောင်း၊ စီးပွားရေးကဏ္ဍတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်ငန်း တိုးတက်အောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ထို့အတွက် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကောင်စီအဆင့်ဆင့်အနေဖြင့် ဒေသအလိုက် ကုန်ထုတ်လုပ်ငန်းများကို အားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများသည် ကိုဗစ်ရောဂါဖြစ်ပွား ထိခိုက်မှုနည်းနိုင်ပြီး ငွေပြန်ရလွယ်ကူသည့် ရောင်းကုန်လုပ်ငန်း ဖြစ်သည့်အတွက် တောင်သူများကို စိုက်ပျိုးရေးလုပ်ငန်း ကြိုးစား ဆောင်ရွက်ရေး အားပေးရန်လိုကြောင်း၊ နိုင်ငံရေး၊ လှုမှုရေးနှင့် စီးပွားရေးဦးတည်ချက်များလည်း ချမှတ်ပေးထားကြောင်း၊ လှုမှုရေး ဦးတည်ချက်တွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မာရေးဆိုသည့် ကျန်းမာရေး ဦးတည်ချက် ပါရှိကြောင်း၊ ကျန်းမာရေး အထောက်အကူဖြစ်စေရန်အတွက် တစ်နိုင်ငံလုံး အနေအထားဖြင့် ပြင်ပတွင်ကစားရသည့် အားကစားပွဲများကို ပြန်လည်ကျင်းပရန် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အမျိုးသားအားကစားတွင် မြန်မာ့သိုင်းအားကစားနည်းကို ထည့်သွင်းရန်လိုအပ်ကြောင်း၊ ယင်းအားကစားနည်းမှာ အပိုပစ္စည်းမလိုအပ်ဘဲ အားကစားပြုလုပ်နိုင်သည့် ကိုယ်ခံပညာ အားကစားနည်းဖြစ်ကြောင်း၊ သို့ဖြစ်၍ မိမိတို့ရိုးရာအားကစားနည်းများကိုလည်း အားပေးရန်လိုအပ်ကြောင်း။

CDM လှုပ်ရှားဆောင်ရွက်ထားသည့် ဝန်ထမ်းများကိုလည်း အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ တာဝန်ထမ်းဆောင်မှုမရှိဘဲ အကြောင်းအမျိုးမျိုးပြ၍ လစာထုတ်နေကြသည်များကို တွေ့ရှိရကြောင်း၊ ဝန်ကြီးဌာနများအလိုက် စနစ်တကျစစ်ဆေး အရေးယူ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဥပဒေနှင့်မညီသည့် အကြောင်းအရာများနှင့် မိမိတို့နိုင်ငံ၏ယဉ်ကျေးမှုနှင့် မလျော်ညီစွာ ဝတ်စားဆင်ထားသည့် ဓာတ်ပုံများ အထူးသဖြင့်လူမှုကွန်ရက် မျက်နှာစာများတွင် အရှက်တရား၊ အကြောက်တရားမရှိ ဓာတ်ပုံများဖော်ပြနေမှုများရှိကြောင်း၊ ယင်းလုပ်ရပ်မှာ အများပြည်သူကို စိတ်ဓာတ်ပျက်စီးအောင် ဆောင်ရွက်နေခြင်းဖြစ်သဖြင့် ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်သွားရန် လိုကြောင်း။ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ငွေကြေးသုံးစွဲမှုများနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနအချို့မှ စိစစ်တွေ့ရှိချက်များကို တင်ပြရာတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးသုံးစွဲရန် နိုင်ငံတော်ထည့်ဝင်ငွေနှင့် ပြည်သူလူထု လှူဒါန်းငွေများကို အခြားမသက်ဆိုင်သည့် နေရာများတွင် သုံးစွဲထားသည်ကို တွေ့ရကြောင်း၊ ယင်းသို့ သုံးစွဲမှုမှာ ဘီလီယံများစွာရှိကြောင်း၊ ငွေကြေးအလွဲသုံးစားပြုလုပ်မှုများကို သက်ဆိုင်ရာ အဖွဲ့အစည်းများမှ စိစစ်ဖော်ထုတ်လျက်ရှိကြောင်း ပြောကြားသည်။

သတင်းစဉ်