နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တွေတပ်နယ်ရှိ  အရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံတပ်နယ်ခန်းမ၌ သွားရောက်တွေ့ဆုံ အမှာစကားပြောကြားသည်။          

                                                                            

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တွေတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

 

နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု

 

ထိုသို့ တွေ့ဆုံအမှာစကား ပြောကြားရာတွင် စစ်တွေတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ အားလုံးကို တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်မိပါ ကြောင်း၊ နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေများအရ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်နေရသည့် အခြေအနေမှန်များကို အရာရှိ၊ စစ်သည်၊ မိသားစုများ အနေဖြင့် သိရှိနေရမည်ဖြစ်ကြောင်း ဦးစွာပြောကြားပြီး နိုင်ငံတော်တွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားလျက်ရှိသည့် ပါတီစုံဒီမိုကရေစီ စနစ်ကို လျှောက်လှမ်းနိုင်ရေး တပ်မတော်မှ ဦးဆောင်ခဲ့သည့် အခြေအနေများနှင့် ၂၀၁၁ ခုနှစ်မှ စ၍ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းခဲ့သည့် အခြေအနေများ၊ ဒီမိုကရေစီအစိုးရသက်တမ်း နှစ်ခုတွင် တပ်မတော်အနေဖြင့် ကျရာတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး လိုအပ်သည်များကို လည်း အကြံပြုခဲ့သည့် အခြေအနေများ၊ ဒီမိုကရေစီ အစိုးရ ဒုတိယသက်တမ်းကာလတွင် စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေးဆိုင်ရာ အားနည်းချက်များ ရှိခဲ့ခြင်းကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု ဖြစ်သင့်သလောက် မဖြစ် ခဲ့ရသည့် အခြေအနေများ၊ ပြည်သူလူထုမှ မျှော်လင့်သလောက် ဖွံ့ဖြိုးတိုးတက်မှုမရှိခဲ့၍ ရွေးကောက်ပွဲအပေါ် အယုံအကြည်မဲ့လာပြီး No Vote လှုပ်ရှားမှုများ ပေါ်ပေါက်လာသဖြင့် ပါတီစုံဒီမိုကရေစီစနစ် ဆက်လက်ထွန်းကားရေး မိမိကိုယ်တိုင် ဆန္ဒမဲပေးကြရေးအတွက် ပြောကြားခဲ့ရသည့် အခြေအနေများ၊ တစ်ဖက်အဖွဲ့အစည်းအနေဖြင့်လည်း ၎င်းအခြေအနေများကြောင့် မဲအနိုင်မရမည်ကို စိုးရိမ်ပြီး ဆောင်ရွက်ခဲ့သည့်ကိစ္စရပ်များ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့သည့် အခြေအနေများနှင့် မဲမသမာမှု များကို ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိခဲ့သည့် အခြေအနေများ၊ နိုင်ငံတော်တွင် ဖြစ်ပေါ်လာခဲ့သည့် အခြေအနေများအရ နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး တပ်မတော်မှ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရမှု အခြေအနေ များ၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးတို့အတွက် မူဝါဒများ၊ ဦးတည်ချက်များ ချမှတ်၍ ကြိုးပမ်း ဆောင်ရွက်နေမှု အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်စဉ်များကို သင်ခန်းစာယူပြီး လာမည့် ရွေးကောက်ပွဲတွင် မဲစာရင်းများမှန်ကန်မှုရှိစေရေးအတွက် မြေပြင်စာရင်း ကောက်ယူခြင်း လုပ်ငန်းများ အပါအဝင် လုပ်ငန်းစဉ်များအတိုင်း စနစ်တကျ စီမံ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မည်သည့်နိုင်ငံဖြစ်စေ အမြဲမပြတ် ကြိုးပမ်းအားထုတ်နေမှသာလျှင် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် မိမိတို့အနေ ဖြင့်လည်း နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများကြားမှ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက် မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။

 

mdn

 

စစ်စည်းကမ်းနှင့် အမိန့်နာခံမှု ကောင်းမွန်ရမည်

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့သည့် အခြေအနေများနှင့် မည်သည့်အစိုးရက အုပ်ချုပ်သည်ဖြစ်စေ တပ်မတော် အနေဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုး စီးပွားကိုသာ အစဉ်ဦးထိပ်ထား၍ ဆောင်ရွက်လျက် ရှိသည့် အခြေအနေများကို အရာရှိ၊ စစ်သည်၊ မိသားစု များ သိရှိနိုင်ရန် ယခုကဲ့သို့ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော်သားများ အနေဖြင့် မိမိတို့ တစ်ဦးတစ်ယောက်ချင်းစီ၏ ကိုယ်ရည်ကိုယ်သွေးများ မြင့်တက်လာစေရေး စဉ်ဆက်မပြတ် ကြိုးစားအားထုတ်နေရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် စစ်သည်တစ်ဦးချင်း၏ အရည်အသွေးများ မြင့်မားစေရေး၊ အဆင့်နှင့်လျော်ညီသည့် အတတ်ပညာနှင့် ပညာရပ်များ ရရှိစေရေး သက်ဆိုင်ရာ အဆင့်အလိုက် သင်တန်းများ ဖွင့်လှစ် သင်ကြားပေးလျက်ရှိသကဲ့သို့ စစ်သည်များအနေဖြင့်လည်း ကြိုးစားအားထုတ်ကြရမည် ဖြစ်ကြောင်း၊ စစ်စည်းကမ်းသည် တပ်မတော်၏ ကျောရိုးဖြစ်ကာ စည်းကမ်းလိုက်နာမှုရှိပြီး အမိန့်နာခံမှုရှိမှသာလျှင် စစ်သားကောင်းတစ်ယောက် ပီသ မည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရာတွင် အမိန့်နာခံမှုရှိခြင်းသည် အလွန်အရေးကြီးပြီး စည်းကမ်းကောင်းမွန်ရန်လည်း လိုအပ်မည်ဖြစ် ကြောင်း၊ စည်းကမ်းကောင်းမွန်ခြင်းသည် အမိန့်နာခံ မှုရှိခြင်းပင်ဖြစ်ကြောင်း၊ စည်းကမ်းများ ထုတ်ပြန် ထားရှိခြင်းသည် မည်သည့်လုပ်ငန်းကိုမဆို စည်းစနစ်တကျ ဆောင်ရွက်တတ်စေရန်နှင့် မဖြစ်သင့်သည်များကို မဖြစ်စေရန် ထုတ်ပြန်ထား ခြင်းဖြစ်ပြီး အကြောင်းမဲ့တင်းကျပ်ထားခြင်း မဟုတ် သည်ကို နားလည်သဘောပေါက်ရန်လိုကြောင်း၊ စည်းကမ်းလိုက်နာခြင်းဖြင့် မိမိကိုယ်ကို မြှင့်တင်ရမည်ဖြစ်ကြောင်း။

 

လူသာလျှင် ပဓာန

 

မည်သည့်ကိစ္စတွင်မဆို လူသာလျှင် အရေးအကြီးဆုံးဖြစ်ကြောင်း၊ ထို့ကြောင့် “လူသာလျှင် ပဓာနဟု ဆိုကြခြင်းဖြစ်ကြောင်း၊ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ၊ လူမှုရေးစသည့် အရေးကိစ္စအားလုံး၌ လူပါဝင်ဆောင်ရွက်ရပြီး လူ၏ ဦးဆောင်မှု၊ လူ၏ လိုက်နာဆောင်ရွက်မှု၊ လူ၏ ပြုပြင်ဖန်တီးမှုတို့သည် အဓိကကျကြောင်း၊ ထို့ကြောင့် လူတစ်ဦးချင်း အရည်အသွေး၊ အရည်အချင်း မြင့်မားနေစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 

ထို့ကြောင့် မိမိဘဝတိုးတက်ရေးအတွက် မိမိ သာလျှင် အဓိကအရေးအကြီးဆုံးဖြစ်ကြောင်း၊ တပ်မတော်သားတစ်ဦးအနေဖြင့်လည်း အရည် အသွေး၊ အရည်အချင်းများ ကောင်းမွန်အောင် နေထိုင်ဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ တပ်မတော်သားများအားလုံးသည် အခြေခံအားဖြင့် စစ်အတတ်ပညာများ သင်ကြားပေးပြီးဖြစ်ကြောင်း၊ တိုက်ပွဲဝင်နိုင်ရန်အတွက် သင်ကြားပေးခြင်းဖြစ် ကြောင်း၊ ထုတ်ပေးထားသည့် လက်နက်များကိုလည်း ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်ရန်လိုကြောင်း၊ တပ်မတော်သားကောင်းများဖြစ်စေရေး တပ်မတော်မှ အဆင့်ဆင့်ပညာရပ်များကို သင်ကြားလေ့ကျင့်ပေးနေခြင်းဖြစ်ကြောင်း၊ စစ်အတတ်ပညာများကို စစ်စည်းကမ်းကောင်းမွန်စေရန်နှင့် အမိန့်နာခံတတ် မှုရှိစေရန် သင်ကြားလေ့ကျင့်ပေးခြင်းဖြစ်သဖြင့် စစ်သည်တစ်ဦးချင်း စစ်စည်းကမ်းလိုက်နာပြီး မိမိအရည်အသွေးကို အမြဲထက်မြက်နေစေရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

 

မိမိကိုယ်ကိုမိမိ မြှင့်တင်ရမည်၊ ဦးစီးခေါင်းဆောင်များ ညီညွတ်မျှတသည့် ကွပ်ကဲအုပ်ချုပ်မှုရှိရမည်

 

 

မိမိတို့တစ်ဦးချင်း၏ ကိုယ်စီတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရေးအတွက် ကျန်းမာ ကြံ့ခိုင်မှုရှိရန်နှင့် လေ့ကျင့်မှုများကို ပုံမှန်ဆောင်ရွက်နေရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကျန်းမာကြံ့ခိုင်မှုရှိရန်အတွက် မိမိကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းနေပြီး ကျန်းမာရေးနှင့် ညီညွတ်မျှတသည့် သွားလာနေထိုင် စားသောက်မှုရှိရမည်ဖြစ်ကြောင်း၊ လူတို့တွင် တစ်ဦး ချင်း၏ အရည်အသွေးတိုးတက်ရန်မှာ မိမိကိုယ်တိုင် နှင့်ပင် တိုက်ရိုက်သက်ဆိုင်သည်ဖြစ်သဖြင့် မိမိကိုယ်ကို ထိန်းသိမ်းနေထိုင်နိုင်ရန်လိုကြောင်း၊ မိမိကိုယ်ကို ယုံကြည်မှုရှိစွာဖြင့် ကြိုးစားအားထုတ်မည် ဆိုပါက မိမိတို့တစ်ဦးချင်းစီ၏ လူမှုဘဝများသည်လည်း မြင့်တက်လာမည်ဖြစ်ကြောင်း၊ လူတစ်ဦးနှင့် တစ်ဦးသည် ဘဝဖြတ်သန်းပုံချင်းတူညီမှုရှိမည် မဟုတ်သော်လည်း တပ်မတော်သားအများစုသည် အများနှင့် နေထိုင်သွားလာရသည်ဖြစ်သဖြင့် မိမိ၏ အထက်အရာရှိများ၊ လုပ်ဖော်ကိုင်ဖက်များ၊ လက်အောက်ငယ်သားများထံမှ ကောင်းမွန်သည့် အချက်များ၊ အတွေ့အကြုံများကို လေ့လာသင်ယူ၍ မိမိဘဝ တိုးတက်ရေးအတွက် အကျိုးရှိရှိ အသုံးချရမည်ဖြစ်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး တိုင်ပင်ဖေးမ ဆောင်ရွက်ရန်လိုပြီး မဖြစ်သင့်သည်၊ မလုပ်သင့်သည်များကို အချင်းချင်း တည့်မတ် ထိန်းကျောင်းပေးရမည် ဖြစ်ကြောင်း၊ ဦးစီးခေါင်းဆောင်သည့်သူများအနေဖြင့်လည်း မိမိတို့ဦးဆောင်ရသည့် တပ်ဖွဲ့ကို ညီညွတ်မျှတစွာ ကွပ်ကဲအုပ်ချုပ်ရန်လိုပြီး တပ်မှူးကောင်း သဖွယ်စိတ်ဓာတ်ဖြင့် အုပ်ချုပ်ရန်လိုကြောင်း၊ ဦးစီးခေါင်းဆောင်ပြုနေသူများအနေဖြင့် မိမိတို့၏ မိသားစု၊ မိမိတို့၏ တပ်နှင့် မိမိတို့ပတ်ဝန်းကျင် ကို ကောင်းမွန်သည့် ထိန်းသိမ်းမှုများ ပြုကြရန် လိုကြောင်း။

 

တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး

 

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကုန်ဈေးနှုန်းကြီးမြင့် မှု အခက်အခဲဖြစ်ပေါ်လျက်ရှိသည့်နည်းတူ မိမိ တို့နိုင်ငံ၌လည်း ကုန်ဈေးနှုန်းကြီးမြင့်မှုကို တွေ့ကြုံရလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရေနှင့်မြေများ၊ သဘာဝ သယံဇာတများနှင့် လူသားအရင်းအမြစ်များ ရှိသော်လည်း စဉ်ဆက်မပြတ် ကြိုးစားလိုစိတ်နှင့် အလုပ်လုပ်ကိုင်လိုမှုအားနည်းခြင်းကြောင့် တိုးတက်မှုများ နောက်ကျလျက်ရှိသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်၍ နိုင်ငံစီးပွားဖွံ့ဖြိုး တိုးတက်အောင် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ တပ်မတော်၌ တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးကို အောင်မြင်အောင် စဉ်ဆက်မပြတ် အကောင်အထည်ဖော်စေခြင်းမှာလည်း စားရေးသောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက် အကူဖြစ်ရန်အတွက်ဖြစ်ကြောင်း၊ တပ်ရင်း၊ တပ်ဖွဲ့များရှိ တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင် စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ခဲ့သဖြင့် အခက်အခဲများဖြစ်ပေါ်ချိန်တွင် အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်သားများနှင့် မိသားစုဝင် များအနေဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း။

 

ပညာရည်မြင့်မားရေး အားပေးမြှင့်တင်ရမည်

 

မိမိတို့ ကလေးငယ်များ၏ ပညာရည်မြင့်မားရေး အတွက်ကိုလည်း အားပေးဆောင်ရွက်ကြစေလိုကြောင်း၊ နွေရာသီ ကျောင်းပိတ်ရက်ကာလကို အကျိုးရှိရှိ အသုံးချနိုင်စေရေးအတွက် ယခင်စာသင် နှစ် သင်ခန်းစာများကို ပြန်လည်ဖတ်မှတ်စေခြင်း၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးရန်လိုကြောင်း၊ စာပေဖတ်မှတ်လေ့လာတတ်သည့် အလေ့အကျင့်ကောင်းများကို ဘဝတစ်လျှောက်လုံးရရှိသွားအောင် ဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း၊ စစ်သည်များအနေဖြင့်လည်း မိမိတို့၏ အတန်းပညာများ မြင့်မားရေးအတွက် တပ်မတော်ပညာရေးကျောင်းများတွင် မှန်မှန်ကန်ကန် တက်ရောက်သင်ကြားသွား ရန်လိုကြောင်း၊ တပ်မတော်သားများ၏ တစ်ဦးချင်း စွမ်းရည်တိုးတက်ပြီး စစ်လက်နက်ပစ္စည်းများ၏ စွမ်းအားနှင့် စွမ်းပကားမြင့်မားအောင် ဆောင်ရွက်နိုင်မည်ဆိုပါက တပ်မတော်အင်အားရှိမည် ဖြစ်ကြောင်း၊ တစ်ဦးချင်း စွမ်းရည်များကို အသုံးချ၍ တပ်မတော် တစ်ရပ်လုံးစွမ်းရည်ရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။

 

စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တိုင်းမှူးကလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တိုင်းမှူး၏ ဇနီးကလည်းကောင်း လက်ခံရယူကြသည်။

 

mdn

 

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့ရှိ နယ်မြေခံတပ်မတော် ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ ကျန်းမာရေးအခြေအနေများကို တစ်ဦးချင်း ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်