နေပြည်တော်၊ မတ်  ၆

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကလောမြို့ရှိ စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသား အရာရှိကြီးများအား ယနေ့မွန်းလွဲပိုင်းတွင် ကလောတပ်နယ်ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

 

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊  အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိကြီးများနှင့် သင်တန်းသား အရာရှိကြီးများ တက်ရောက်ကြသည်။

 

ရည်မှန်းချက်နှင့် မျှော်မှန်းချက်များ မပျောက်ပျက်စေရေး စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ရမည်

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကား ပြောကြားရာတွင် သင်တန်းများတွင် ရလဒ် ကောင်းမွန်ရေးအတွက် တစ်ဦးချင်းစီ၏ ကြိုးစားအားထုတ်မှုများ လိုအပ်မည်ဖြစ်ကြောင်း၊ လူသားတိုင်းသည် မျှော်လင့်ချက်၊ ရည်ရွယ်ချက်များ ကိုယ်စီရှိကြကြောင်း၊ ငယ်စဉ်ကတည်းကပင် တစ်ဦးချင်းစီအလိုက် မျှော်မှန်းချက်များရှိကြပြီး မိမိတို့၏ မျှော်မှန်းချက်များ မပျောက်ပျက်စေရေး စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ကြရမည်ဖြစ်ကြောင်း၊ ရည်ရွယ်ချက်များ ပေါက်မြောက်အောင်မြင်စေရေး ဘဝတစ်လျှောက်လုံး ဆက်လက်ကြိုးပမ်း အားထုတ်ရမည်ဖြစ်ကြောင်း၊ သင်တန်းသား အရာရှိကြီးများအနေဖြင့် ယခုအဆင့်ရာထူးအထိ ရောက်ရှိခဲ့ခြင်းမှာလည်း စဉ်ဆက်မပြတ် ကြိုးစားအားထုတ်မှုများကြောင့်သာလျှင် ဖြစ်ကြောင်း၊ တစ်ဆင့်မြင့် ရာထူးတာဝန်များကို ထမ်းဆောင်ရမည့် အချိန်တွင် လုပ်ဆောင်နိုင်မည့်အရာများ၊ လုပ်ဆောင်သင့်သည်များကို မှတ်စုရေးမှတ်ထားရှိတတ်သည့် အလေ့အကျင့်ကောင်း မွေးမြူရန်နှင့် အမှန်တကယ် တာဝန်ထမ်းဆောင်ရသည့်အချိန်တွင် မိမိမှတ်သား ထားသည်များနှင့် ချိန်ထိုး သုံးသပ်လုပ်ဆောင်ပါက အခက်အခဲမရှိ တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ ကြုံတွေ့လာရနိုင်သည့် အခက်အခဲများအား မည်သို့မည်ပုံ ဖြေရှင်းဆောင်ရွက်ရမည်ကို ကြိုတင် စဉ်းစားထားရန်လိုကြောင်း။

 

လေ့ကျင့်သင်ကြားပေးလိုက်သည့် ပညာရပ်များကို ထိရောက်အကျိုးရှိစွာ အသုံးချနိုင်ရန်လို

 

သင်တန်းသား အရာရှိကြီးများအားလုံးသည် တပ်ရင်းတပ်ဖွဲ့များကို ဦးဆောင်နိုင်သည့် အရာရှိကြီး များဖြစ်ကြသည့်နည်းတူ သင်တန်းဆင်းပြီးပါက မိမိဦးဆောင်ရသည့် တပ်ရင်းတပ်ဖွဲ့များကို ပိုမိုတိုးတက် အောင် မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို ယခုသင်တန်းမှ သင်ကြားခဲ့ရသည့် ပညာရပ်များဖြင့် ချိန်ထိုး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တပ်ရင်းတစ်ရင်း၏ စီမံခန့်ခွဲရေးနှင့် ပတ်သက်၍ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် လုပ်ငန်းရပ်များအား ဆောင်ရွက်ရခြင်းဖြစ်ပြီး တပ်ရင်းတစ်ရင်းကို စီမံခန့်ခွဲမှုလုပ်ငန်းများကို စနစ်တကျလေ့လာ၍ ဆောင်ရွက်ပါက တန်ဖိုးမဖြတ်နိုင်သည့် စီမံခန့်ခွဲမှုဆိုင်ရာ အတွေ့အကြုံကောင်းများကို ရရှိနိုင်မည်ဖြစ်ပြီး အခြားနယ်ပယ်များတွင်လည်း အသုံးချနိုင်မည်ဖြစ်ကြောင်း။

 

စစ်ဦးစီးတက္ကသိုလ်သည် လက်ရုံးရည်၊ နှလုံးရည် ဖြင့် ပြည့်ဝသည့် အရာရှိကြီးများကို မွေးထုတ်ပေးလျက်ရှိပြီး ဗျူဟာမှူးကောင်း၊ ဦးစီးအရာရှိကောင်းများဖြစ်အောင် လေ့ကျင့်မွေးထုတ်ပေးခြင်းဖြစ်ကြောင်း၊ စစ်ပညာနှင့်ပတ်သက်၍လည်း သင်ကြားပေးလိုက်သည့် စစ်ပညာများကို အသုံးချရန်လိုကြောင်း၊ မည်သည့်အလုပ်ကို ဆောင်ရွက်သည်ဖြစ်စေ လုပ်ဆောင်နိုင်သည့် အားတစ်ခုလိုအပ်ကြောင်း၊ ခေါင်းဆောင်မှု စွမ်းပကား၊ လုပ်နိုင်သည့်စွမ်းပကားများ ရှိရန်လိုကြောင်း၊ ခေါင်းဆောင်မှုစွမ်းပကားတွင် စဉ်းစားဆောင်ရွက်ရသည့် စွမ်းအားလိုအပ်ပြီး လက်အောက်ကို စုစည်းသည့် အားရရှိအောင် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ မိမိလက်အောက်ရှိ တပ်အင်အားစုကို စွမ်းရည်ရှိအောင် မည်ကဲ့သို့ စုဖွဲ့မည်ကို စဉ်းစားဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 

လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊ သက်သာချောင်ချိရေး၊ စိတ်ဓာတ်တို့ဖြင့် မိမိတို့ ဦးဆောင်ရသည့်တပ်ကို စနစ်ကျစွာ တည်ဆောက်

 

တပ်မတော်သားများအားလုံးသည် အခြေခံစစ်ပညာသင်တန်းများကို သင်ကြားခဲ့ရပြီးဖြစ်ပြီးအဆင့်နှင့် လျော်ညီသည့် သင်တန်းများကိုလည်း တက်ရောက်သင်ကြားကြရကြောင်း၊ စစ်သည်တစ်ဦးချင်းစီအား အဆင့်နှင့်လျော်ညီသည့် လုပ်ငန်းတာဝန်များကို လူမှန်နေရာမှန် တာဝန်ပေးအပ်နိုင်ရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်း၏ အရည်အချင်းများ ပြည့်ဝနေစေရေး အမြဲမပြတ် လေ့ကျင့်ပေးနေရမည် ဖြစ်ကြောင်း၊ မိမိတို့တပ်ရှိ စစ်သည်များ အရည်အချင်း ပြည့်ဝနေစေရေး တပ်မှူးများဖြစ်သည့် မိမိတို့ကိုယ်တိုင် ဦးဆောင်၍ လေ့ကျင့်သင်ကြားပေးမှုများကို ဆောင်ရွက်ပေးရန်လိုကြောင်း၊ လေ့ကျင့်သား ပြည့်ဝလာစေရန် မှန်ကန်သည့် လေ့ကျင့်သင်ကြားမှုများကို ဆောင်ရွက်ပေးရန်လိုကြောင်း၊ လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊ သက်သာချောင်ချိရေး၊ စိတ်ဓာတ်တို့ဖြင့် မိမိတို့ ဦးဆောင်ရသည့်တပ်ကို စွမ်းရည်ရှိပြီး စနစ်ကျသည့် တပ်များဖြစ်အောင် တည်ဆောက်ရန်လိုကြောင်း။

 

စစ်သည်တစ်ဦးချင်း နေ့စဉ်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်နှင့် ဝတ္တရားများကို မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်စေခြင်းဖြင့် အမြဲမပြတ်လေ့ကျင့် ပေးနေရန်လိုကြောင်း၊ ထိုကဲ့သို့ သမားစဉ်လုပ်ငန်းများတွင် ပါဝင်သည့် လေ့ကျင့်ရေးလုပ်ငန်းများကို မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်စေခြင်းအားဖြင့် တပ်၏ အရည်အသွေးနှင့် စစ်စည်းကမ်းများ ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ တပ်မတော်သား များ အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေးအတွက် ရိက္ခာများကို သတ်မှတ်နှုန်းထားများအလိုက် ထုတ်ပေးလျက်ရှိသဖြင့် စစ်သည်များ အနေဖြင့် ပြည့်ဝစွာ စားသုံးရန်လိုအပ်ကြောင်း၊ အာဟာရပါဝင်မှု အချိုးအစားများကို စနစ်တကျတွက်ချက်ပြီး ထုတ်ပေးထားသည်ဖြစ်သဖြင့် မှန်မှန်ကန်ကန်နှင့် ပြည့်ဝစွာ စားသုံးမည်ဆိုပါက လေ့ကျင့်ရေးပိုင်း ဆိုင်ရာများကို ဆောင်ရွက်မှုနှင့် ကျန်းမာကြံ့ခိုင်မှုကို အထောက်အကူပြုစေမည်ဖြစ်ပြီး မိမိတို့၏ လုပ်ငန်း တာဝန်များကို အောင်မြင်အောင်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ကွပ်ကဲကြပ်မတ်ရသည့် တပ်မှူးများ အနေဖြင့်လည်း စစ်သည်တစ်ဦးချင်း၊ မိသားစုတစ်စုချင်း ရပိုင်ခွင့်များနှင့် ရသင့်ရထိုက်သည်များ ပြည့်ဝစွာရရှိစေရေး ကြပ်မတ်ဆောင်ရွက်ပေးရန် လိုကြောင်း၊ စစ်သည်များအားလုံး၏ ရပိုင်ခွင့်များ အပြည့်အဝရရှိအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ သက်သာချောင်ချိရေးနှင့်ပတ်သက်၍ တပ်၏ သက်သာချောင်ချိရေး လုပ်ငန်းများဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စနစ်တကျ ဖြစ်အောင် ဆောင်ရွက်ပေးရန်လိုပြီး ငွေကြေးသုံးစွဲမှုများ မှန်ကန်မှုရှိစေရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အကျိုးအမြတ်ကို အဓိကမထားဘဲ စစ်သည်များနှင့် မိသားစုဝင်များ၏ သက်သာချောင်ချိရေးအတွက်သာ ဦးစားပေးဆောင်ရွက်နေခြင်းဖြစ် ကြောင်း၊ ထို့ကြောင့် တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အများသက်သာ ချောင်ချိရေးအတွက် ထိရောက်သည့်လုပ်ငန်းများကို ဦးစားပေးအောင်မြင်အောင် ဆောင်ရွက်ကြစေလို ကြောင်း၊ မိသားစုများ၏ တစ်နိုင်တစ်ပိုင်စိုက်ပျိုး မွေးမြူရေးကိုလည်း မိသားစုများ၏ ဆန္ဒအလျောက် တတ်နိုင်သရွေ့ ဆောင်ရွက်နိုင်ရေး အားပေးကြရမည်ဖြစ်ပြီး ၎င်းတို့ မိသားစုတစ်စုချင်းစီ၏ စားရေးနှင့် စားရေးအတွက် ငွေကြေးသုံးစွဲရမှုများကို တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း။

 

မိမိကိုယ်တိုင်နှင့် လက်အောက်ရှိ အရာရှိ၊ စစ်သည်များ၏ အသောက်အစား အပျော်အပါး လိုက်စားမှုများကို တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ အသောက်အစား အပျော်အပါးမှ တစ်ဆင့် မိမိကိုယ်တိုင်နှင့် မိမိဦးဆောင်ရသည့် တပ်၏စွမ်းရည်ကို ထိခိုက်နိုင်ကြောင်း၊ လူတိုင်းသည် မိမိတို့ဘဝတိုးတက်ရေးအတွက် ရည်မှန်းချက်များ ရှိကြကြောင်း၊ ရည်မှန်းချက်များ ဖြစ်မြောက်အောင်မြင်စေရေး ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ တစ်ဦးတစ်ယောက်ချင်းစီ၏ ရည်မှန်းချက်တာဝန်များကို ဆောင်ရွက်ရာတွင် အသိတရား၊ သတိတရားဖြင့် ထိန်းသိမ်း၍ ဆောင်ရွက်ကြမည်ဆိုပါက မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို အောင်မြင်နိုင်မည်ဖြစ်ကြောင်း။

 

လူသာလျှင်ပဓာနဖြစ်သည့်အတွက် မိမိဦးဆောင်ရသည့် စစ်သည်များ၏ စိတ်ဓာတ်ကောင်းမွန်အောင် တည်ဆောက်

 

မည်သည့်လုပ်ငန်းကို ဆောင်ရွက်သည်ဖြစ်စေ လူသာလျှင်ပဓာနဆိုသည့်အတိုင်း ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်လိုသည့် စိတ်ရှိရန်လိုကြောင်း၊ စစ်သည်များ၏ စိတ်ဓာတ်များ ကောင်းမွန်အောင် တည်ဆောက်ရန်လိုကြောင်း၊ စစ်သည်များ လူမှန်နေရာမှန်ဖြစ်ပြီး ပေးအပ်လာသည့် လုပ်ငန်းတာဝန်များကို တစ်ဦးချင်းစီ၏ အရည်အချင်းနှင့် လုပ်ကိုင်နိုင်စွမ်းပေါ်မူတည်၍ ၎င်းတို့နှင့် သင့်တော်သည့် လုပ်ငန်းတာဝန်များကို နေရာမှန် တာဝန်ပေးအပ်နိုင်ရေး၊ တာဝန်ထမ်းဆောင်ရန် အမြဲအသင့်ဖြစ်စေရေး (Fit for Duty) ဖြစ်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက လုပ်ငန်းတာဝန်များသည်လည်း ပိုမိုတိုးတက် အောင်မြင်လာမည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးနှင့် ပတ်သက်၍ မိမိကိုယ်ကို ထိန်းသိမ်းသကဲ့သို့ လက်အောက်ငယ်သားများကိုလည်း ထိန်းသိမ်းကာ ရသင့်ရထိုက်သည့် အခွင့်အရေးများကို မှန်မှန်ကန်ကန်ဖြင့် ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း၊ လက်အောက်၏ လိုအပ်ချက်ကို မိမိဖြေရှင်း၍ရသည့် နည်းလမ်းပေါင်းစုံဖြင့် ဖြေရှင်းပေးနိုင်ရေး စဉ်းစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ပြီး စစ်စည်းကမ်းကောင်းမွန်၍ အုပ်ချုပ်ထောက်ပံ့မှုများ ကောင်းမွန်မည်ဆိုပါက စိတ်ဓာတ် ပိုင်းဆိုင်ရာတွင်လည်း ကောင်းမွန်ခိုင်မြဲလာမည်ဖြစ် ကြောင်း၊ ထို့ကြောင့် အောင်မြင်သည့်ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရေးအတွက် လုပ်ငန်း အောင်မြင်မှုရရှိရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး လေ့လာမှုအားကောင်းမှသာလျှင် တွေးခေါ်ကြံဆမှုများ ကောင်းမွန်မည်ဖြစ်သည့်အတွက် မိမိတို့တစ်ဦးချင်းဘဝ တိုးတက်ရေးအတွက် လေ့လာ အားထုတ် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ တပ်မှူးများ တစ်ဦးတစ်ယောက်ချင်းစီ၏ ဦးဆောင်မှုနှင့် စွမ်းဆောင်မှုများကောင်းမွန်ပါက တပ်များ၏ အရည်အသွေးများ မြင့်မားလာမည်ဖြစ်ပြီး တပ်မတော် တပ်ရပ်လုံးသည်လည်း စွမ်းရည်မြင့်မားလာစေမည်ဖြစ်ကြောင်း မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနားသို့ တက်ရောက်လာ ကြသည့် နည်းပြအရာရှိကြီးများနှင့် သင်တန်းသား အရာရှိကြီးများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

 

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများ၊ သင်တန်းသား အရာရှိကြီးများနှင့်အတူ နေ့လယ်စာ အတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်

 

mdn