နေပြည်တော်၊ မတ် ၆

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ကလောတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တပ်နယ်ခန်းမ ၌ သွားရောက်တွေ့ဆုံ အမှာစကား ပြောကြားသည်။

 

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လှမိုး နှင့် တာဝန်ရှိသူများ၊ ကလောတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက် ရောက်ကြသည်။

 

ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများ ကျန်းမာကြံ့ခိုင်ကောင်းမွန်ရန်လို

 

ထိုသို့ တွေ့ဆုံအမှာစကားပြောကြား ရာတွင် တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော် လုံခြုံရေး၊ ကာကွယ်ရေး၊ နိုင်ငံသူ၊ နိုင်ငံသားတို့၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက် ရေးပင်ဖြစ်သည့်အတွက် မိမိတို့တာဝန် များကို မှန်မှန်ကန်ကန်ဖြင့် ကျေပွန်စွာထမ်းဆောင်နိုင်ရမည်ဖြစ်ကြောင်း၊ ထိုသို့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် အရာရှိ၊ စစ်သည် အဆင့်အတန်းအားလုံး စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာများ ကျန်းမာ ကြံ့ခိုင်နေရန်လိုကြောင်း၊ စိတ်ဓာတ်နှင့် ပတ်သက်၍ ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာထမ်းဆောင်လိုသည့် စိတ်ရှိ ရန်လိုကြောင်း၊ ပေးအပ်လာသည့် လုပ်ငန်းတာဝန်များကို မိမိက ကျေပွန်စွာဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်အဖြစ် ခံယူ ဆောင်ရွက်ရန်လိုပြီး ခံယူချက်ကောင်းမွန်စွာဖြင့် နေထိုင်ရန်လိုကြောင်း၊ မိမိတို့ကို ပေးအပ်သည့် တာဝန်များကို မညည်းမညူဖြင့် ကျေပွန်စွာ ထမ်းဆောင်ကြ ရမည်ဖြစ်ကြောင်း။

 

ပေးအပ်လာသည့် လုပ်ငန်းတာဝန် များကို ရုပ်ပိုင်းဆိုင်ရာများတွင် တက်တက်ကြွကြွဖြင့် ကျေပွန်စွာထမ်းဆောင်ခြင်း ဖြင့် မိမိတို့ဘဝ တိုးတက်ရေးအတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ အလားတူ ကျန်းမာရေးကောင်းမွန်ရန်အတွက် နေထိုင်စားသောက်မှုများကို ဂရုပြုရန်လိုပြီး ညီညွတ်မျှတသည့် နေထိုင်စားသောက်မှု ရှိရမည်ဖြစ်ကြောင်း၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည်ဖြစ် ကြောင်း၊ မိမိတို့ကိုယ်တိုင် ကျန်းမာရေး ကောင်းမွန်အောင် နေထိုင်ရန် လိုအပ်သကဲ့သို့ မိမိတို့မိသားစုများ၏ ကျန်းမာ ရေး ကောင်းမွန်ရေးကိုလည်း အားပေးဆောင်ရွက်ရန်လိုကြောင်း၊ ကျန်းမာကြံ့ခိုင်မှသာ မိမိတို့ဘဝ ရပ်တည်ရေး အတွက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတစ်ဦးတစ်ယောက် ကျန်းမာရေး ကောင်းမွန်မှုမရှိပါက မိမိ၏ လုပ်အား၊ မိမိကို ပြုစုစောင့်ရှောက်ရသူ၏ လုပ်အား၊ မိမိအဖွဲ့အစည်း၏ လုပ်အားစသည်ဖြင့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများတွင် ဆုံးရှုံး မှုများ များစွာဖြစ်စေနိုင်သောကြောင့် မိမိကိုယ်ကို ကျန်းမာရေးကောင်းမွန်အောင် နေထိုင်ရမည်ဖြစ်ကြောင်း။

 

တပ်မတော်သားများနှင့် မိသားစုဝင်များ၏ ကျန်းမာရေးကို အထောက်အကူပြု စေရေးနှင့် အာဟာရပြည့်ဝစွာ စားသုံး နိုင်ရန်ရည်ရွယ်၍ တပ်မတော်မှ တစ်သျှူးငှက်ပျောအပါအဝင် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို အောင်မြင်စွာထုတ်လုပ် ပေးလျက်ရှိကြောင်း၊ ကျန်းမာကြံ့ခိုင်မှုသည် လူတစ်ဦးချင်းအတွက် များစွာအရေးကြီးသဖြင့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများတွင် ကျန်းမာကြံ့ခိုင်နေရန် လိုကြောင်း။

 

စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး စနစ်တကျရှိစေရေး

 

တပ်မတော်သားများအနေဖြင့် အချိန်အခါမရွေး တိုက်ပွဲဝင်နိုင်ရမည်ဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်မှသာလျှင် ထိုကဲ့သို့ တိုက်ပွဲဝင်နိုင်မည်ဖြစ်ကြောင်း၊ တိုက်ပွဲဝင်ရာတွင် သင်ကြားပေးထားသည့် စစ်ပညာရပ်များကို ထိရောက် အကျိုးရှိစွာ အသုံးချနိုင်ရမည်ဖြစ်ပြီး တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်ဖြင့် တိုက်ပွဲဝင်ရမည်ဖြစ်ကြောင်း၊ တပ်မတော်တွင် အဆင့်သတ်မှတ်ချက်များအလိုက် ၎င်းတို့နှင့် ကိုက်ညီသည့် လုပ်ငန်းတာဝန်များကို ပေးအပ်ထားကြောင်း၊ တပ်မတော်သားတိုင်းအနေဖြင့် အရည်အချင်းအလိုက်၊ စစ်သက်အလိုက်၊ ထူးချွန်ထက်မြက်မှုများအလိုက် တစ်ဆင့် မြင့် သင်တန်းများကို အဆင့်ဆင့်တက် ရောက်ရသည်ဖြစ်ကြောင်း၊ တပ်မတော် သားတစ်ဦးအနေဖြင့် တာဝန်များကို ကျေပွန်စွာဖြင့် ထမ်းဆောင်နိုင်ရန် သင်ကြားလေ့ကျင့်ပေးနေခြင်းပင် ဖြစ်ကြောင်း။

 

တပ်မတော်သားများသည် စည်းကမ်း စနစ်တကျဖြစ်ရမည်ဖြစ်ပြီး စည်းကမ်းဟူသည် တူညီသည့် သွင်ပြင်လက္ခဏာ၊ နေထိုင်လှုပ်ရှားမှုများရရှိရန် ကန့်သတ်ထားမှုများဖြစ်ပြီး လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အရပ်ဘက်၊ စစ်ဘက် တို့တွင် စည်းကမ်းများကို ချမှတ်ထားခြင်းသည် စည်းကမ်းစနစ်တကျ ရှိစေရေးအတွက် သတ်မှတ်ချက်များကို ချမှတ် ပေးထားခြင်းဖြစ်ပြီး ထိုကဲ့သို့ စည်းကမ်းတကျဖြစ်စေရေးအတွက် နေရာအလိုက်၊ ကဏ္ဍအလိုက် တာဝန်ရှိသူများက ထိန်းသိမ်းကြပ်မတ်ရမည် ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် စည်းကမ်းသတ် မှတ်ချက်များကို လိုက်နာရန်အတွက် အမိန့်နာခံတတ်မှုရှိရန် လိုကြောင်း၊ တပ်မတော်သည် စည်းကမ်း၊ အမိန့်နာခံ တတ်မှုနှင့် စစ်စည်းကမ်း ကောင်းမှုများရှိခြင်းကြောင့် ခိုင်မာသည့် အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း။

 

တပ်မတော်သားများ အားလုံးတွင် ကောင်းမွန်သည့် အခြေခံစိတ်ဓာတ် များရှိပြီးဖြစ်ကြောင်း၊ အဆိုပါစိတ်ဓာတ် များခိုင်မာအောင် တစ်ဦးချင်း ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း၊ မည်သည့်ကိစ္စကို ဆောင်ရွက်သည်ဖြစ်စေ လူသာ လျှင်ပဓာနဖြစ်ပြီး လူတို့၏ ကြိုးစားအားထုတ်မှုဖြင့်သာ အကျိုးရလဒ်များ ကွာခြားသွားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်သားများအားလုံး တစ်ဦးချင်း စိတ်ဓာတ်များကောင်းမွန် ခိုင်မာအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ တပ်မတော်ကို စွမ်းရည်မြင့်အောင် ဆောင်ရွက်ခြင်းသည် စစ်သည်များပင်ဖြစ်ကြောင်း၊ စစ်သည်တစ်ဦးချင်း၏ စွမ်းဆောင်ရည် မြင့်မားခြင်းမှသည် တပ်တစ်တပ်လုံး ကောင်းမွန်လာမည်ဖြစ်ပြီး တပ်မတော် တစ်ရပ်လုံးသည်လည်း စွမ်းရည်ရှိသည့် တပ်မတော်ဖြစ်လာမည် ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ကာကွယ်ရေးအင်အားသည်လည်း မြင့်မားလာမည်ဖြစ်ကြောင်း။

 

တပ်မိသားစုများ သက်သာချောင်ချိရေးနှင့် ပညာရည်မြင့်မားရေး

 

တပ်မတော်သားများနှင့် မိသားစုဝင်များ စားသောက်မှုအဆင်ပြေစေရေးနှင့် သက်သာချောင်ချိမှု ရှိစေရေးအတွက် တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်ပိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုလည်း တတ်နိုင်သမျှ အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြရန်လိုကြောင်း။

 

မကြာမီအချိန်တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အခြေခံပညာ သင်ကြားမှုများပြီးဆုံးပြီး နွေရာသီ ကျောင်းပိတ်ရက်သို့ ရောက်ရှိကြမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ရေကြောင်းလူငယ်နှင့် လေကြောင်း လူငယ်သင်တန်းများကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ အခြားနွေရာသီ သင်တန်းများဖြစ်သည့် ယဉ်ကျေးလိမ္မာ သင်တန်းနှင့် အခြားသော အကျိုးပြု သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခြင်းနှင့် ယခင် သင်ကြားပေးခဲ့သည့် ကျောင်းစာပေများကို ပြန်လည်လေ့လာ သင်ကြားပေးခြင်းများကို ဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာဖြင့် အသုံးချနိုင်အောင် ဆောင်ရွက်ပေးကြ စေလိုကြောင်း၊ အလားတူ မိမိတို့ကိုယ်တိုင်နှင့် မိမိတို့၏ သားသမီးများ ဗဟုသုတကြွယ်ဝစေရေးအတွက်လည်း အကျိုးရှိစေမည့် စာပေဗဟုသုတများကို ဖတ်ရှုလေ့လာမှတ်သား ကျင့်သုံးကြစေလိုကြောင်း၊ ထိုသို့ဖတ်ရှု လေ့လာခြင်းဖြင့် မိမိတို့ဘဝတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမည် ဖြစ်ကြောင်း မှာကြားသည်။

 

စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က အရာရှိ၊ စစ်သည်၊မိသားစု များအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တပ်နယ်မှူးက လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီးက တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တပ်နယ်မှူး၏ ဇနီးက လည်းကောင်း လက်ခံရယူကြသည်။

 

 

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစု များနှင့် ဒေသခံပြည်သူများ၏ကျန်းမာရေးအခြေအနေများအား ရင်းရင်းနှီးနှီး မေးမြန်းအားပေး

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် အောင်ပန်းမြို့ရှိ နယ်မြေခံတပ်မတော် ဆေးရုံသို့ ရောက်ရှိကြရာ ဆေးရုံတပ်မှူး ဗိုလ်မှူးချုပ် စောရန်နိုင်၊ တပ်မတော် ပါရဂူများနှင့် ဆေးမှူးများ၊ တာဝန်ရှိသူ များက ကြိုဆိုနှုတ်ဆက်ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား ဆေးရုံတပ်မှူးက ဆေးရုံ၏ တပ်တည်ဆောက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၏ ကျန်းမာ ရေး စောင့်ရှောက်ပေးနိုင်မှုနှင့် ဒေသခံ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မှု၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်၍ အရာရှိ၊ စစ်သည်မိသားစုများအတွက် သက်သာချောင်ချိရေး လုပ်ငန်းများ ဆောင်ရွက် ပေးနိုင်မှုနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့် အရာရှိ၊ စစ်သည်များနှင့် ပြည်သူ့စစ်ဌာနေ တပ်ဖွဲ့ဝင်များ၏ ကျန်းမာရေးအခြေအနေများ ကို တစ်ဦးချင်း ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။

 

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီးသည်လည်း မွေးကင်းစ လူနာဆောင်တွင် တက်ရောက်ကုသလျက်ရှိသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များအား ကျန်းမာရေးအခြေ အနေများကို တစ်ဦးချင်း ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာ ပစ္စည်းများ ပေးအပ်သည်။

 

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဓာတ် ရောင်ခြည် ကုသဆောင်နှင့် ကင်ဆာရောဂါ ခွဲစိတ်ကုသဆောင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိ သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်