နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၆/၂၀၂၁)တွင် ပြောကြားသည့် အမှာစကား

နေပြည်တော်၊  ၁၅ မတ်

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ၂၀၂၀ ရွေးကောက်ပွဲရလဒ်အပေါ်အရေးယူဆောင်ရွက်ချက်နှင့်ပတ်သက်၍ အနိုင်ရပါတီအား ထောက်ခံသူများက ၎င်းတို့၏ မကျေနပ်မှုများအား ထုတ်ဖော်ဆန္ဒပြမှုများမှတစ်ဆင့် ယခုအချိန်တွင် ဆူပူအကြမ်းဖက်မှုများအသွင်သို့ ရောက်ရှိလာကြောင်း၊ မိမိတို့အနေဖြင့် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ တတ်နိုင်သမျှ လူအင်အားအနည်းဆုံးဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကို တာဝန်ပေးဆောင်ရွက်ခဲ့ပြီး တပ်မတော်အနေဖြင့် လိုအပ်ချက်ရှိသည့် နေရာများတွင် ရဲတပ်ဖွဲ့ဝင်များ၏ အနောက်မှနေ၍ ကူညီဆောင်ရွက်ပေးခြင်းနှင့် အခက်အခဲအတား အဆီးများအား ကူညီဖြေရှင်းဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပေးလျက်ရှိကြောင်း၊ ဆူပူဆန္ဒပြမှု ဖြစ်စဉ်များ ဖြစ်ပွားမှုနည်းပါးလာသော်လည်း အချို့နေရာများတွင် ဆူပူမှုများသာမက လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ် အကြမ်းဖက်မှုများနှင့် ပြည်သူပိုင်ပစ္စည်းများ၊ စက်ရုံ၊ အလုပ်ရုံများကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ခက်ခဲစွာဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ရကြောင်း၊ ဆူပူဆန္ဒပြသူများက မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းများကို အကြမ်းဖက် ဝင်ရောက်စီးနင်းခြင်း၊ အုပ်ချုပ်မှုရုံးများကို ဝင်ရောက်စီးနင်းခြင်းနှင့် စက်ရုံ၊ အလုပ်ရုံများကို မီးရှို့ ဖျက်ဆီးချိန်တို့တွင် လူစုကွဲစေရန်အတွက် ပစ်ခတ်ရှင်းလင်းမှုများ ပြုလုပ်ချိန်၌ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့နှင့် ဆူပူဆန္ဒပြသူတချို့သေဆုံးပြီး တချို့ဒဏ်ရာရရှိခြင်းများ ရှိခြင်းကြောင့် မတ်လ ၁၄ ရက် ညပိုင်းတွင် ရန်ကုန်မြို့ရှိ ရွှေပြည်သာ မြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့အား စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်ခဲ့ရကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် ဒဂုံမြို့သစ်မြို့နယ် (တောင်ပိုင်း)နှင့် (မြောက်ပိုင်း)၊ မြောက်ဥက္ကလာပနှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့တွင်လည်း ဆက်လက်ထုတ် ပြန်ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ဒီမိုကရေစီနည်းလမ်းအရသာ ဆောင်ရွက်နေခြင်းဖြစ်သဖြင့် တတ်နိုင်သမျှ စိတ်ရှည်သည်းခံ၍ ထိန်းသိမ်းဆောင်ရွက်ခဲ့သော်လည်း ရဟန်းသံဃာတော်များကိုပင် ထိခိုက်စော်ကားလာမှုများ ရှိကြောင်း၊ ဆူပူဆန္ဒပြမှုများသည် မြှောက်ထိုးပင့်ကော် ပြုလုပ်နေသူများနှင့် ငွေကြေးထောက်ပံ့နေမှုများရှိခြင်းကြောင့် ယခုကဲ့သို့ ဆူပူဆန္ဒပြမှုအဆင့်မှ အကြမ်းဖက်မှုအဆင့်သို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း။

ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အဓိကတာဝန်ရှိသူများဖြစ်ကြောင်း၊ ယခုအခါ ဆေးရုံအချို့ ပိတ်ထားသော်လည်း ဆေးရုံအများစုမှာ ပြန်လည်ဖွင့်လှစ်ကုသပေးမှုများ ပြုလုပ်နေသည်ကို တွေ့ရှိရကြောင်း၊ ဆေးရုံများဖွင့်လှစ်ရန် ဆောင်ရွက်ရာတွင် CDM တွင်မပါဝင်သည့် ဆရာဝန်များအား ဖိအားပေးဆောင်ရွက်နေမှုများ ရှိကြောင်း၊ ဆရာဝန်များသည် ယေဘုယျအားဖြင့် စဉ်းစားချင့်ချိန်နိုင်စွမ်းရှိသူများဖြစ်သဖြင့် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးရမည့် မိမိတို့၏ ကျင့်ဝတ်များကို လေးစားရန် လိုအပ်ကြောင်း။

တက္ကသိုလ်၊ ကောလိပ်များ ပြန်လည်ဖွင့်လှစ် ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး အချို့ တက္ကသိုလ်၊ ကောလိပ်များတွင် CDM ပြုလုပ်နေသည့် ပညာရေး ဝန်ထမ်းများရှိသည်ကို သိရှိရကြောင်း၊ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများ ပိတ်ထားသည့်အတွက် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် နိုင်ငံတော်အတွက်နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ တက္ကသိုလ်ဝင်ခွင့်များ စတင်လျှောက်ထားနိုင်ရေးအတွက်လည်း တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းများ ထုတ်ခွင့် ပြုပေးထားကြောင်း၊ တက္ကသိုလ်ဝင်ခွင့်များဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရပ်များနှင့်ကိုက်ညီအောင် ရွေးချယ်ဆောင်ရွက်မှသာ သက်ဆိုင်ရာဘာသာရပ်များကို ထူးချွန်စွာဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် စိစစ်ဆောင်ရွက်ရန် ဝန်ကြီးဌာနသို့ မှာကြားထားပြီးဖြစ်ကြောင်း၊ တက္ကသိုလ်များတွင် သက်ဆိုင်ရာဘာသာရပ်အလိုက်ပညာရပ်များအား ထူးချွန်စွာသင်ယူနိုင်ရေးအတွက်ဆောင်ရွက်ရန်လိုကြောင်း၊ ကျောင်းသားကျောင်းသူများ လေ့လာနိုင်ရေးအတွက် စာကြည့်တိုက်များကိုလည်း ကောင်းမွန်ပြည့်စုံစွာဖြင့် ဖွင့်လှစ်ပေးထားရန်လိုပြီး တက္ကသိုလ်များ အဆင့်မြှင့်တင်ရေး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ပညာရေး ကောင်းမွန်မှသာ တိုင်းပြည်တိုးတက်မည်ဖြစ်သဖြင့် ပညာရေးကောင်းမွန်အောင် ဝိုင်းဝန်းဆောင်ရွက်ရန် လိုကြောင်း။

မိမိတို့နိုင်ငံတွင် COMID-I9 ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းလာသည်ကို ကောက်ယူထားသည့် အချက်အလက်များအရ သိရှိရကြောင်း၊ မြို့နယ်များအလိုက် ကူးစက်မှုနှုန်းလျော့နည်းလာခြင်းသည် ကောင်းမွန် သည့် အလားအလာပင်ဖြစ်ပြီး COVID-19 ရောဂါကြောင့် သေဆုံးမှုနှုန်းမှာလည်း လျော့နည်းလာကြောင်း၊ မကြာခင်အချိန်တွင် မိမိတို့နိုင်ငံ၏ နှစ်သစ်ကူးကာလသို့ ရောက်ရှိတော့မည်ဖြစ်သဖြင့် နှစ်သစ်ကူးကာလကို အကန့်အသတ်ဖြင့် ခွင့်ပြုနိုင်ရေး စီမံစဉ်းစားဆောင်ရွက်ရန်လိုကြောင်း။

မိမိတို့အနေဖြင့် NLD ပါတီမှ ပုဂ္ဂိုလ်များနှင့် ၎င်းတို့နှင့်ပတ်သက်သူများအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရာတွင်လည်း ကောင်းမွန်စွာဖြင့်ထားရှိ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း၊ ဖော်ထုတ် ရရှိသည့် ၎င်းတို့၏ပြောကြားချက်များမှ အချို့ကို သတင်းထုတ်ပြန်ပေးခဲ့ပြီး ဖြစ်သလို ထပ်မံဖော်ထုတ် ရရှိမှုများကိုလည်း ဆက်လက်ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း၊ အလားတူ အဂတိလိုက်စားမှုများကျူးလွန်ထားသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး နှင့် ပြည်ထောင်စုအဆင့် တာဝန်ရှိသူများကိုလည်း ဆက်လက်ဖော်ထုတ်အရေးယူသွားမည် ဖြစ်ကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင်ချိန်တွင်လည်း အဂတိ တရားကင်းရှင်းစွာဖြင့် တိုင်းပြည်အကျိုးကို ဆောင် ရွက်သွားရန်လိုကြောင်း။

ဘဏ်များဖွင့်လှစ်မှုနှင့်ပတ်သက်၍ ဘဏ်များ အားလုံး ပုံမှန်ပြန်လည်ဖွင့်လှစ်နိုင်မှု မရှိသေးသော် လည်း လိုအပ်သောလုံခြုံရေးစီမံဆောင်ရွက်ပေးပြီး ပြန်လည်ဖွင့်လှစ်ရန်အတွက် မှာကြားထားပြီးဖြစ်ကြောင်း၊ ဘဏ်များ စတင်ဖွင့်လှစ်ချိန်ကတည်းက နိုင်ငံတော်မှ သတ်မှတ်ထားသည့် ငွေကြေးမူဝါဒများနှင့်အညီ ဆောင်ရွက်မည်ဟု သဘောတူပြီး ဖြစ်ကြောင်း၊ ဖွင့်လှစ်နိုင်မှုမရှိသေးသည့် ဘဏ်များကိုလည်း စည်းမျဉ်းစည်းကမ်းနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဘဏ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဖြစ်နိုင်သည့် နည်းလမ်းများကို စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ ဘဏ်များ၌ ငွေကြေးလုပ်ငန်းများကို ဆောင်ရွက်ရာ တွင် နိုင်ငံခြားငွေကြေးများအား နိုင်ငံတော်မှ သတ်မှတ်ထားသည့် စည်းကမ်းချက်များကို ကျော်လွန်ဆောင်ရွက်နေမှုများ၊ သတ်မှတ်နှုန်းထားများထက် ငွေကြေးများ ကျော်လွန်ချေးငှားထားမှုများကိုလည်း စိစစ်တွေ့ရှိရသဖြင့် ဘဏ်များ စနစ်တကျဖြစ်စေရေး နိုင်ငံတော်ဗဟိုဘဏ်မှ ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း။

လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့်ပတ်သက်၍ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားများအားလုံး သုံးစွဲသည်ကို တွေ့ရှိရသဖြင့် လျှပ်စစ်ဓာတ်အားနှင့် ပတ်သက်၍ လိုအပ်ချက်များရှိနေသည်ဟု သုံးသပ်ရကြောင်း၊ လျှပ်စစ်ထုတ်လုပ်မှုလုပ်ငန်းများတွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ နေပြည်တော်တွင် Smokeless Industries စက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပေါင်းလောင်း ရေအားလျှပ်စစ်ထုတ်လုပ်ရေးအား အဓိကထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အထည်ချုပ်လုပ်ငန်းများနှင့် အခြားလျှပ်စစ် ဓာတ်အားအသုံးပြုလည်ပတ်ရသည့် စက်ရုံ၊ အလုပ်ရုံများနှင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက်လည်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ် ဆောင်ရွက်ရန်လိုကြောင်း။ 

မိမိတို့အနေဖြင့် မဲစာရင်းများစိစစ်ရာတွင် မဲမသမာမှုများ များစွာဖြစ်ပေါ်ခဲ့သည်ကို သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့်လာမည့်ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတပြီး စနစ်တကျရှိစေရေး မိမိတို့အနေဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်တွင် တာဝန်ရှိသကဲ့သို့ သက်ဆိုင်ရာဝန်ကြီးဌာနများ တွင်လည်း လူဦးရေစာရင်းမှန်ကန် ရေးအတွက် စနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊ ရွေးကောက်ပွဲ နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုကာလများတွင် ကောင်စီဝင်များအနေဖြင့် တာဝန်အသီးသီးခွဲဝေ၍ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။

သတင်းစဉ်