နေပြည်တော်  စက်တင်ဘာ ၁၅

 

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ    တပ်မတော် ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး    မင်းအောင်လှိုင်သည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီးစီးခဲ့သည့် အကြိမ်(၂၀)မြောက်   အာဆီယံ လေတပ်ဦးစီးချုပ်များ ညီလာခံ 20th AACC သို့ တက်ရောက်ခဲ့သည့် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် Air Chief Marshal Alongkorn Van-narot ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းဘုရင့်လေတပ် ဦးစီးချုပ်နှင့်အတူ ထိုင်းဘုရင့်လေတပ်မှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့် လေတပ်စစ်သံမှူးတို့ တက်ရောက်ကြသည်။

 

ထိုသို့   တွေ့ဆုံဆွေးနွေးရာတွင်  နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုများ တိုးတက် ကောင်းမွန်လျက်ရှိသည့် အခြေအနေများနှင့်     မြန်မာ့တပ်မတော်(လေ)နှင့် ထိုင်းဘုရင့် လေတပ် အကြား ပူးပေါင်းဆောင် ရွက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာ-ထိုင်းတပ်မတော်နှစ်ရပ်အကြား  အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး(HLC)နှင့် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေး (RBC)ကို နှစ်စဉ်ဆောင်ရွက်နေသည့် အခြေအနေများ၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု  တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ချစ်ကြည်ရေးခရီးစဉ်များ လည်ပတ်ရေးဆိုင်ရာ ကိစ္စရပ်များကို    ခင်မင်ရင်းနှီးစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်      ထိုင်းနိုင်ငံ လေတပ်ဦးစီးချုပ်တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ  အပြန်အလှန်ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသူများနှင့်အတူ  စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။   

သတင်းစဉ်