နေပြည်တော် ဒီဇင်ဘာ ၃၀

 

အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မန်မိုဟန်ဆင်းသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်တွင် ကွယ်လွန်ခဲ့ခြင်းအတွက် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် Park Royal ဟိုတယ်ရှိ အိန္ဒိယသံရုံး၏ ဆက်ဆံရေးရုံး၌ ဖွင့်လှစ်ထားရှိသော ဝမ်းနည်းခြင်း အထိမ်းအမှတ်စာအုပ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးသည် ယနေ့ နံနက်ပိုင်းတွင် သွားရောက် လက်မှတ်ရေးထိုးသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးသည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းတည့် ၁၂ နာရီတွင် Park Royal ဟိုတယ်ရှိ အိန္ဒိယသံရုံး၏ ဆက်ဆံရေးရုံးသို့ ရောက်ရှိရာ အိန္ဒိယသံရုံးမှ ပထမ အတွင်းဝန်နှင့် အိန္ဒိယဆက်ဆံရေးရုံး အကြီးအကဲ မစ္စ ရီတူ ရာဒါ့ဗ် နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးသည် အိန္ဒိယသံရုံးမှ ပထမအတွင်းဝန်နှင့် အိန္ဒိယဆက်ဆံရေးရုံး အကြီးအကဲ မစ္စ ရီတူ ရာဒါ့ဗ် နှင့် တာဝန်ရှိသူများ အား ခင်မင်ရင်းနှီးစွာတွေ့ဆုံ၍ အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ကွယ်လွန်ခဲ့ခြင်း အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ဝမ်းနည်းကြောင်း၊ စာနာထောက်ထားကြောင်း သတင်းစကားအားပြောကြားခဲ့ပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ်စာအုပ်၌ လက်မှတ် ရေးထိုးသည်။

 

ဒေါက်တာ မန်မိုဟန်ဆင်း သည် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ်အဖြစ် ၂၀၀၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်