နေပြည်တော် ဩဂုတ် ၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အထူးကိုယ်စားလှယ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၂ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံသို့ အလုပ်သဘော ခရီးစဉ်သွား ရောက်ခဲ့သည်။
အထူးကိုယ်စားလှယ်သည် ဖနောင်ပင်မြို့သို့ရောက်ရှိစဉ် ယနေ့ နံနက် ၉ နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ၊ အထက်လွှတ်တော်ဥက္ကဋ္ဌ ဆမ်ဒတ် အာခါ မိုဟာ ဆီနာ ပါတိုင်း တဲ့ချို ဟွန်ဆန် ကိုအထက်လွှတ်တော်၌လည်းကောင်း၊ နံနက် ၁၀ နာရီခွဲတွင် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဆမ်ဒတ် မဟာ ပဝရ ဓိပတိ ဟွန်မာနိုက် ကိုငြိမ်းချမ်းရေးနန်းတော်၌ လည်းကောင်း သွားရောက်တွေ့ဆုံသည်။
တွေ့ဆုံစဉ် အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံအတွင်း လတ်တလောဖြစ်ပေါ် တိုးတက်မှုများ၊ အာဆီယံတူညီဆန္ဒ(၅)ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် နိုင်ငံတွင်း တရားမျှတသည့် ရွေးကောက်ပွဲကျင်းပရန် ကြိုတင်ပြင်ဆင်လျက်ရှိသည်များကို ရှင်းလင်းပြောကြားသည်။
ထို့ပြင် နှစ်နိုင်ငံအကြားရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မာစေရေး၊ ခရီးသွားလာမှု၊ ချိတ်ဆက်မှု နှင့် ယဉ်ကျေးမှုကဏ္ဍများအပါအဝင် နှစ်ဖက်အပြန်အလှန်အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက် မှုမြှင့်တင်နိုင်မည့် အလားအလာများ၊ ဒေသတွင်းနှင့်နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေးနှင့် ၂၀၂၅ ခုနှစ်တွင် ကျရောက်မည့် နှစ်(၇၀)ပြည့်သံတမန်ဆက်ဆံရေး ထူထောင်သည့် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် အထူးကိုယ်စားလှယ်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယား၊ အထက်လွှတ်တော်ဒုတိယဥက္ကဋ္ဌ(၁) မစ္စတာ ပရတ်ဆုတ်ခွန်းက တည်ခင်း ဧည့်ခံသည့် နေ့လယ်စာစာပွဲသို့ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်


