နေပြည်တော် နိုဝင်ဘာ ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဒေါက်တာပွင့်ဆန်း၊ ဦးမင်းသိန်းဇံနှင့် ဒေါက်တာသက်သက်ခိုင်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ နှင့်အတူ ယမန်နေ့ ညနေပိုင်းက ဘားအံမြို့နယ်၊ ဘားကပ် ကျေးရွာအုပ်စုရှိ ရှေးဟောင်း သမိုင်းဝင် ကော့ဂွန်းဂူတော်ကြီးအတွင်းရှိ ရှေးဟောင်းအုတ်ခွက်ဘုရားများနှင့် ဗုဒ္ဓရုပ်ပွားတော်များအား ဖူးမြော်ကြည်ညိုပြီး ဂေါပကအဖွဲ့ထံ အလှူငွေများ ပေးအပ်လှူဒါန်းသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည် ရှေးဟောင်း သမိုင်းဝင်ကော့ဂွန်း ဂူတော်ကြီး၏ အတွင်းပိုင်းနှင့် အပြင်ပိုင်းရှိ အုတ်ကျောက်၊ အင်္ဂတေ၊ သစ်သားတို့ဖြင့် ပုံစံအမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုး၊ အနေအထားအမျိုးမျိုးတို့ဖြင့် ထုလုပ်စီမံထားသော ဆင်းတုတော်များ၊ ရုပ်လုံးရုပ်ကြွများ၊ ကျောက်ကပ်အုတ်ခွက် ဘုရားများ၊ မင်စာဟုထင်ရသည့် ရှေးဟောင်းစာများ၊ ရပ်တော်မူ၊ ထိုင်တော်မူ၊ လျောင်းတော်မူ ရုပ်ပွားတော်များကို လှည့်လည်ဖူးမြော် ကြည်ညိုကြပြီး ဂူတော်ကြီးအတွင်းပိုင်းရှိ လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများကို ကပ်လှူပူဇော်ကြကာ ကော့ဂွန်းဂူတော်ကြီး ဘက်စုံမွမ်းမံ ထိန်းသိမ်းရေး ဂေါပကအဖွဲ့ထံ အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။
ရှေးဟောင်းသမိုင်းဝင် ကော့ဂွန်းဂူတော်ကြီးသည် ဘားအံမြို့၏ အနောက်ဘက် ၇ မိုင်ခန့်အကွာတွင် တည်ရှိပြီး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို မြင်တွေ့နိုင်သည့် နေရာဒေသတစ်ခုဖြစ်ကြောင်း သိရသည်။
သတင်းစဉ်