ဟိုပုံး၊ စက်တင်ဘာ ၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းအုပ်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ရေဘေးသင့် ပြည်သူများနှင့် တွေ့ဆုံပြီး ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်သည်။
ဦးစွာ ဟိုပုံးမြို့၊ နောင်တောင်းပရဟိတတပ်ဦးကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တရာဇိန္ဒထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူကြကာ ဆရာတော်၊ သံဃာတော်များအား နိုင်ငံတော်စီမံအုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်၊ ရှမ်းပြည်နယ်ဝန်ကြီး ချုပ်ဦးအောင်အောင်တို့က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ရေဘေးသင့်ပြည်သူများကို အားပေးစကား ပြောကြားရာ နေရပ်ဒေသအသီးသီး၌ အမြန်ဆုံးပြန်လည်နေထိုင်နိုင်ရေး ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ငွေကြေး၊ စက်ယန္တရားများနှင့် အထောက်အကူပြု ပစ္စည်းများကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သောက်သုံးရေရရှိရေး၊ ကျောင်းများပြန်လည်ဖွင့်လှစ်ကာ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးကြရန်နှင့် ပြန်လည်ထူထောင်ရေးကိစ္စရပ်များတွင် အခက်အခဲများ ရှိနိုင်သောကြောင့် အားလုံးကပါဝင်ပူးပေါင်းဆောင်ရွက် ကြိုးစားပေးကြရန် ပြောကြားသည်။
ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရေဘေးသင့်ပြည်သူများကို အားပေးစကား ပြောကြားသည်။
ဆက်လက်၍ မဲနယ်တောင် ဒေသ၊ ထီတခူး - နောင်ဒေးအုပ်စု၊ လွယ်မောဒေသ၊ လွိုင်လင်မြို့နယ် ခေါင်းနွဲ့ - အင်းတော်ဒေသအတွက် ငွေကျပ်သိန်း (၁၅၀) စီနှင့် စားသောက်ဖွယ်ရာပစ္စည်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့က ပေးအပ်လှူဒါန်းရာ ဟိုပုံးမြို့နောင်တောင်း ပရဟိတ တပ်ဦးကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တရာဇိန္ဒနှင့် ရေဘေးသင့်ပြည်သူများကလည်းကောင်း၊ ဦးဇော်ဝင်း + ဒေါ်နွေးနွေးဝင်း မိသားစု၏ အလှူငွေကျပ်သိန်း (၃၀) ကို တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီးက ပေးအပ်လှူဒါန်းပေးရာ လဥ်းခလဆရာတော်လည်းကောင်း လက်ခံရယူကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး စံဖူးဘုန်းကြီးကျောင်းတွင် ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ ဟိုပုံးမြို့နယ် စံဖူးကျေးရွာအုပ်စုတွင် စက်တင်ဘာ (၁၁) ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာ (၃၀)၊ အိမ်ခြေ (၁၀၉၂)၊ အိမ်ထောင်စု (၁၀၉၅)၊ လူဦးရေ (၄၄၉၇) ဦး ရှိသည့်အနက် နေအိမ်ပျက်စီးမှု တစ်ရာရာခိုင်နှုန်း (၂၆၁) အိမ်၊ တစိတ်တပိုင်းပျက်စီး (၃၃၆) အိမ်၊ လူသေဆုံး (၂၆) ဦး ဖြစ်ကြောင်းသိရသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများသည် ဟန်လွဲဘုန်းတော်ကြီးကျောင်းတွင် ကုန်းကျိုင်းကျေးရွာအုပ်စုရှိ ရေဘေးသင့် ပြည်သူများနှင့် တွေ့ဆုံပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က အားပေးစကားပြောကြားကြကာ ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ်သိန်း (၁၅၀) နှင့် စားသောက်ဖွယ်ရာ ပစ္စည်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်ကလည်းကောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီ အထွေထွေအတွင်းရေးမှူး ဦးခွန်သိန်းဖေက ငွေကျပ်သိန်း (၅၀) ကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးခွန်ရဲထွေးနှင့် ရေဘေးသင့် ပြည်သူများက လက်ခံရယူကြ၍ ကလေးသူငယ်များကို စားစရာမုန့်များ ဝေငှပေးပြီး ရေကြီးမှုဖြစ်ပွားခဲ့သည့် နမ့်တဘက်ချောင်းအား ကြည့်ရှုကြသည်။
သဘာဝဘေးဒဏ်ကြောင့် ပုံးအင်းဒေသ ကုန်းကျိုင်းကျေးရွာအုပ်စုတွင် အိမ်ခြေ (၆၈၄) အိမ်၊ အိမ်ထောင်စု (၆၉၁) စု၊ လူဦးရေ (၃၆၁၇) ဦးရှိသည့်အနက် ဘေးသင့်ကျေးရွာ (၅) ရွာ၊ အိမ်ခြေ (၁၄၀)၊ အိမ်ထောင်စု (၁၄၀)၊ လူဦးရေ (၅၇၀)၊ နေအိမ်ပျက်စီး တစ်ရာရာခိုင်နှုန်း (၂၃) အိမ်၊ တစိတ်တပိုင်း ပျက်စီး (၃၄) အိမ် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


