မန္တလေး ၂၇  ဒီဇင်ဘာ 

 

နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှုတစ်နိုင်ငံလုံး၏  ၅၀ ရာခိုင်နှုန်း ပြည့်မြောက်သည့် အထိမ်းအမှတ်နှင့် 33/11 KV, 20 MVA (GIS) စွယ်တော် ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီတွင်  မန္တလေးတိုင်းဒေသကြီး  အမရပူရမြို့နယ်ရှိ စွယ်တော်ဓာတ်အားခွဲရုံ၌ ကျင်းပသည်။

 

4

 

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်၀န်ကြီး  ဦးအောင်ကြည်၊ တိုင်းဒေသကြီးလွှတ်တော် စက်မှု၊ စွမ်းအင်နှင့် လျှပ်စစ်ရေးရာကော်မတီဉက္ကဌ ဦးလှိုင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဆွေ၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ဒါရိုက်တာအဖွဲ့ဝင်(၁) ဦးအောင်မြင့်နှင့် အမှုဆောင်အရာရှိချုပ် ဦးတင်အောင်တို့က အခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဉက္ကဌ ဦးအောင်ကျော်ဦး၊ တိုင်းဒေသကြီးဝန်ကြီး ချုပ် ကိုယ်စား ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင် နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး တို့ က ဓာတ်အားခွဲရုံဆိုင်းဘုတ်အား စက်ခလုတ် နှိပ်၍ ဖွင့်လှစ် ပေးကြသည်။

 

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက စွယ်တော်ဓာတ် အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုကြသည်။

 

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်စား ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က အမှာစကားပြောကြားရာတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကလိုအပ်ချက်တွင် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေးလည်း ပါဝင်ပါကြောင်း၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးရေး၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးသည် တိုင်းဒေသကြီး၏ စီးပွားရေး ဖြစ်သကဲ့သို့ နိုင်ငံတော်၏ စီးပွားရေးလည်းဖြစ်သည့် အတွက် လျှပ်စစ်ဓာတ်အားကို အပြည့်အဝရရှိရေးနှင့် ကျေးလက်ဒေသများပါမကျန် သုံးစွဲနိုင်ရေးသည် များစွာ အရေးကြီးပါကြောင်း၊ 

 

4

 

မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းနေထိုင်သော ကျေးလက်ဒေသများ ဆင်းရဲမှု လျှော့ချနိုင်ရေး၊ မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှု ကွာခြားချက် နည်းပါးစေရေး၊ ကျေးရွာနေ ပြည်သူများ အလုပ်အကိုင် ရရှိရေးနှင့် အသိဉာဏ်ပညာ ပွင့်လင်းလာစေရေးအတွက် ကျေးလက်ဒေသများ လျှပ်စစ်ဓာတ်အား ရရှိရေးကို အလေးထားဆောင်ရွက်ပေးလျက် ရှိပါကြောင်း ပြောကြားသည်။

 

ထို့နောက် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အမှုဆောင်အရာရှိချုပ်    ဦးတင်အောင်က တစ်နိုင်ငံလုံးရှိ အိမ်ထောင်စု ၅၀ ရာခိုင်နှုန်း မီးလင်းပေးနိုင်ခြင်းနှင့် 33/11 KV၊ 20 MVA (GIS) စွယ်တော်ဓာတ်အားခွဲရုံ တည်ဆောက်ခဲ့မှုအခြေအနေများကို ရှင်လင်းတင်ပြသည်။

 

ယင်းနောက် ဒေသခံပြည်သူများကိုယ်စား တိုင်းဒေသကြီးလွှတ်တော်၊ စက်မှု၊ စွမ်းအင်နှင့် လျှပ်စစ်ရေးရာကော်မတီ ဥက္ကဋ္ဌဦးလှိုင်ဝင်း က လျှပ်စစ်မီးရရှိစေရန် ဆောင်ရွက်ပေးမှုနှင့် စပ်လျဉ်း၍ ကျေးဇူးတင်စကားပြောကြားသည်။

 

ဆက်လက်၍ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဒါရိုက်တာ အဖွဲ့ဝင်(၁) ဦးအောင်မြင့်နှင့် စွယ်တော်ဓာတ်အားခွဲရုံတည်ဆောက်ခဲ့သော Asia General Electric Co.,Ltd မှ မန်နေးဂျင်း ဒါရိုက္တာ ဦးခင်မောင်မြတ်တို့ က မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်စား    ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ကိုယ်စား အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးတို့အား ဖွင့်ပွဲအထိမ်းအမှတ် ကျောက်စီပန်းချီ ကားနှင့်  အထိမ်းအမှတ် အမှတ်တရ လက်ဆောင်တို့အား ပေးအပ်သည်။

 

ယင်းနောက် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဉက္ကဌ ဦးအောင်ကျော်ဦးက တိုင်းဒေသကြီးအတွင်း ၁၀၀ ရာခိုင်နှုန်း မီးလင်းပြီးသည့် မြို့နယ်(၆)မြို့နယ်နှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ၀န်ထမ်း(၁) ဦး တို့အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ် ချီးမြှင့်သည်။

 

6

 

ဆက်လက်၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ကွပ်ကဲမှုအောက်ရှိ မြို့နယ်လျှပ်စစ်မန်နေဂျာ ရုံးများအနက်မှ စွမ်းဆောင်ရည် ပထမဆု၊ ဒုတိယဆု၊ တတိ ယဆုနှင့် နှစ်သိမ့်ဆု ရရှိသော လျှပ်စစ်မန်နေဂျာရုံးများနှင့် ဓာတ်အားခွဲရုံများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူသည်။

 

ထို့နောက် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အမှုဆောင်အရာရှိချုပ်က တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခုအား ဂုဏ်ပြုပန်းချီကားများ ပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူများက လက်ခံရယူသည်။

 

ယခင္က မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်အတွင်းရှိ ထုံးဘို၊ စာက လေးအင်း၊ တောလှ၊ မိုင် (၄၀)၊ ရေဘုတ်အပါအဝင် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ ၁၅ ရွာကို ၁၅မိုင်ကွာဝေးသော ကျောက်ချောဓာတ်အားခွဲရုံမှ ဓာတ်အားရယူပေးရသည့် အတွက် ဓာတ်အားလိုင်း မိုင်ကွာဝေးခြင်းကြောင့် ဗို့အားကျဆင်းခြင်း၊ လိုင်း အပြစ်ဖြစ်ပွားမှု များပြားခြင်းတို့ ကြုံတွေ့ခဲ့ရပြီး ယခုဖွင့်လှစ်သည့် စွယ်တော်ဓာတ် အားခွဲရုံသည် အဆိုပါကျေးရွာများကို ဓာတ်အားပေးမည် ဖြစ်သည့်အတွက် ကျေးရွာများအနေဖြင့် ဗို့အား ပြည့်ပြည့်ဝဝ ရရှိခြင်းနှင့် လိုင်းအပြစ်ဖြစ်ပွားမှု နည်းပါးခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။

 

4

 

လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ မြို့/ကျေးရွာ မီးလင်း ပြီးစီးမှုအခြေအနေများအနေဖြင့် ဓာတ်အားစနစ်မှ မီးလင်းပီး မြို့ပေါင်း ၃၀၊ ကျေးရွာပေါင်း ၂၉၅၅ ရွာနှင့် ဆိုလာအပါအဝင် အခြားနည်းဖြင့် မီးလင်းပြီး ကျေးရွာ ပေါင်း ၈၂၄ ရွာ ရှိကြောင်း၊ မီးသုံးစွဲသူများပြားလာသည်နှင့်အမျှ ဓာတ်အားလိုင်း ဓာတ်အားခွဲရုံများကို တိုးချဲ့အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ ၆၆ ကေဗွီလိုင်း ၃၇၄ ဒသမ ၈၈၀ မိုင်၊ ၃၃ ကေဗွီ ၁၇၇၅ ဒသမ ၂၀၂ မိုင်၊ ၁၁ ကေဗွီ ၃၇၇၄ ၁၁၆ မိုင်နှင့် ၄၀၀ ဗို့လိုင်း ၃၈၉၅ ဒသမ ၁၇၉ မိုင် အထိ တည်ဆောက်ပြီးစီးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

 

 

မင်းထက်အောင်(မန်းကိုယ်ပွား)